ကယားပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုနိုင်မှုမရှိသည့် သတင်းအရင်းအမြစ် များ၊ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့အစည်းများထံမှ ရရှိသည့် အချက် အလက်များကို အခြေခံကာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိအား ပေးရန် ရည်ရွယ်ချက်ဖြင့် စိုးရိမ်ပူပန်ကြောင်း သတင်းထုတ်ပြန်ခဲ့ သည့် နိုင်ငံအချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ လုပ်ရပ် အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကြေညာ၍ တုံ့ပြန်လိုက်သည်။
စင်စစ်အားဖြင့် လူနေမြို့ရွာများသို့ ဝင်ရောက်၍ ဒေသခံ ပြည်သူလူထုကို အကာအကွယ်ယူကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ကြခြင်းက အကြမ်းဖက်သောင်းကျန်းသူတို့၏ ဗျူဟာ တစ်ခုဖြစ်နေပြီး ကယားပြည်နယ်တွင် ဖြစ်ပွားသည့် ဖြစ်စဉ် ထက်စော၍ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တို့တွင်ပါ ကျင့်သုံးခဲ့ကြခြင်းဖြစ်သည်။ မြို့ပြလူနေအဆောက်အအုံများကို အကာအကွယ်ယူကာ ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ကာထားခြင်းဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လုပ်ရကိုင်ရခက်စေ သည့်အပြင် တိုက်ခိုက်မှုများဖြစ်ပွားနေစဉ် ရှုပ်ထွေးနေသော အခြေအနေများ ဖြစ်ပေါ်နေမှုအပေါ် အခွင့်အကောင်းယူ၍ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများကို မီးရှို့ဖျက်ဆီး ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ၎င်းလုပ်ရပ်များကို တပ်မတော် ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာသို့ သတင်းထုတ်ပြန်ခြင်းတို့ကို အကြမ်းဖက်အဖွဲ့များ၊ ပြည်ပလက်ဝေခံမီဒီယာများ လက်ဝါးချင်းရိုက်၍ ပြုလုပ်ခဲ့သည် မှာ ကြိမ်ဖန်များစွာရှိနေပြီ ဖြစ်သည်။
ယင်းသို့ ပြုလုပ်ကြခြင်း၏ ရည်ရွယ်ချက်မှာ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရာဇဝတ်မှုကျူးလွန်သူများအဖြစ် ပုံဖော်စေ၍ ကုလသမဂ္ဂအပါအဝင် ပြည်ပမှ စစ်ရေးနှင့် အခြား အထောက်အပံ့အကူအညီများရရှိစေရန် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို ပြည်ပနိုင်ငံများမှ အာရုံစိုက်မှု များ ရရှိစေရန်တို့ အပါအဝင် နိုင်ငံရေးနှင့် အခြားအကျိုးအမြတ် များကိုပါ မျှော်ကိုး၍ ပြုလုပ်ကြခြင်းဖြစ်သည်။ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များတွင် ဒေသခံအပြစ်မဲ့ ပြည်သူများ အသက်ဘေးလွတ်ရာသို့ ထွက်ခွာ ကြသည်ကို အကြမ်းဖက်သမားများက ထွက်ခွာခွင့်မပေးဘဲ လူသားတံတိုင်းများသဖွယ် အကာအကွယ်များ ရယူခဲ့ကြခြင်းဖြစ် သည်။
ယင်းတိုက်ခိုက်မှုများတွင် NUG, CRPH အကြမ်းဖက် အဖွဲ့အစည်း၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များနှင့် ဒေသတွင်း လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ ပူးပေါင်းထား သည့်အပြင် ပြည်ပမှ တရားမဝင်စစ်ရေး အထောက်အကူပြုမှု များလည်း ပါဝင်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းအချို့ ကိုလည်း ကြားသိနေရသည်။ ပြည်နယ်မြို့တော်ကို စစ်ရေးအရ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြင့် နိုင်ငံရေး အမြတ်ထွက်နိုင်ပြီး အရေး မလှခဲ့ပါကလည်း မြို့ကို ဖျက်ဆီး၍ ပြည်ဖျက်မီဒီယာများမှ တစ်ဆင့် လီဆယ်သတင်းများ၊ ပုံများထုတ်ပြန်ကာ တပ်မတော်ကို သိက္ခာချခြင်းဖြင့် အမြတ်ထုတ်နိုင်ရန် ရည်ရွယ်ကြခြင်းသာ ဖြစ်သည်။
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ အတွက် အကြမ်းဖက်အဖွဲ့အစည်းများ၊ အကြမ်းဖက်သမား များအား နှိမ်နင်းမှုပြုလုပ်ရခြင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တာဝန်ပင်ဖြစ်သည်။ ယင်းတာဝန်ကို ထမ်းဆောင်ရာတွင်လည်း ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ ထမ်းဆောင် ကြရခြင်းဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်မှုတို့ ရှိခဲ့ပါကလည်း တာဝန်ရှိသူတို့ကို ကျောသားရင်သားမခွဲခြားဘဲ အရေးယူအပြစ် ပေးလျက်ရှိသည်။ အတည်မပြုနိုင်သည့် သတင်းများ၊ မမှန်ကန် သည့် အချက်အလက်များဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးခြင်းက အခြားတစ်ဖက်တွင် အကြမ်းဖက်ဝါဒကို စွဲကိုင် ထားသည့် အကြမ်းဖက်အဖွဲ့အစည်းတို့၏ အကြမ်းဖက်လုပ်ရပ်များ ကို ထောက်ခံပံ့ပိုးအားပေးခြင်းဖြစ်သည်ကို ဂရုပြုကြရန်ဖြစ် ပါကြောင်း။ ။