
နေပြည်တော် ဖေဖော်ဝါရီ ၄
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့်ယင်းတို့ ၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင် ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်နေ စောအောင် ကျော်မြင့်သည် ၎င်းအသုံးပြုသည့် “Saw Aung Kyaw Myint” Facebook အကောင့်၊ ကရင်ပြည်နယ် မြဝတီမြို့နယ် အမှတ်(၄)ရပ်ကွက်နေ တင့်လွင်(ခ) ကိုတင့် (၄၀) နှစ်သည် ၎င်းအသုံးပြုသည့် “Ko Tint,Ko Ngal,Min Lay” Facebook အကောင့်၊ ဘားအံမြို့နယ် အမှတ်(၅)ရပ်ကွက်နေ မြင့်နိုင် (၅၅) နှစ်သည် ၎င်းအသုံးပြုသည့် “Myint Naing” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ နယ်နေ ဆွေဆွေထက်(ခ)ပိုးပိုးသည် ၎င်းအသုံးပြုသည့် “Poe Poe” Facebook အကောင့်၊ တောင်ငူမြို့နယ်နေ ကျော်စွာလင်းသည် ၎င်းအသုံးပြုသည့် “Kyaw Swar Lwin(ice)” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ ဝင်းသန့်ဦးသည် ၎င်းအသုံးပြု သည့် “Win Thant Oo” Facebook အကောင့်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အမှတ်(၅)ရပ်ကွက်နေ အောင်မျိုးဆင့်(ခ)ဗိုလ်ဝ(၃၈)နှစ်သည့် ၎င်းအသုံးပြုသည့် “Bo Wa” Facebook အကောင့်၊ ကမာရွတ်မြို့နယ် နေ ဇင်ကိုကိုအောင်(၂၀)နှစ်သည် ၎င်းအသုံးပြုသည့်“Zinko Koaung” Facebook အကောင့်၊ လှိုင်မြို့နယ် အမှတ်(၁၆)ရပ်ကွက် အမှတ်(၁၂၅)နေ တင်နွယ်နွယ်(ခ)မနွယ်(၄၅)နှစ်သည် ၎င်းအသုံးပြုသည့် “Ma Nwe” Facebook အကောင့်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၄၂)ရပ်ကွက် အမှတ်(၁၆၇၃/ခ)နေ ယဉ်ယဉ်နွဲ့(၄၅)နှစ်သည် ၎င်းအသုံးပြုသည့် “Yin Yin Nawe” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက် ခဲ့ရသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်