အကြမ်းဖက်ခံနေရသည့် မြန်မာ့ရိုးရာ နှစ်ကူးသင်္ကြန်

 

နှစ်ဟောင်းတစ်ခုကုန်၍    နှစ်သစ်သို့    ကူးပြောင်းသည့် နှစ်သစ်ကူးပွဲတော်များ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ရိုးရာ ဓလေ့အလိုက် ပျော်ပျော်ရွှင်ရွှင်၊ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြစမြဲ ဖြစ်သည်။ တစ်နှစ်တွင် တစ်ခါသာ ကျင်းပရသည့် နှစ်သစ်ကူး ပွဲတော်များက လူတို့၏ စိတ်နှလုံးကို ပျော်ရွှင်ကြည်နူးစေသည်။ ပျော်ပွဲရွှင်ပွဲများနှင့်အတူ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြပြီး နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုကူးပြောင်းကြသည်။

 


မြန်မာတို့၏   နှစ်သစ်ကူးပွဲတော်မှာ   သင်္ကြန်ဖြစ်ပြီး ကျင်းပလာခဲ့သည့်ကာလမှာလည်း နှစ်ပေါင်း ထောင်ချီခဲ့ပြီ ဖြစ်သည်။ ဘာသာရေးပွဲမဟုတ်ဘဲ ရိုးရာယဉ်ကျေးမှုပွဲဖြစ်သည့် အလျောက် လူတိုင်းပျော်ရွှင်နိုင်ကြသည်။  ၂၀၂၀  ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲ မမှန်မကန်ကိစ္စများကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့်  နိုင်ငံရေးပဋိပက္ခအတွင်း  အစွန်းရောက် အတွေးအခေါ်များနှင့်   အကြမ်းဖက်ဝါဒတို့  ထွက်ပေါ်လာပြီး  လူမှုကွန်ရက်များမှတစ်ဆင့်  ပြည်သူလူထုကို  ခြိမ်းခြောက် နှောင့်ယှက်မှုများလည်း ဖြစ်ပေါ်လာသည်။ သာမန်အားဖြင့် ပြည်သူလူထု၏ အေးချမ်းပျော်ရွှင်စွာ နေလိုမှုသည်ပင်လျှင် အကြမ်းဖက်ဝါဒီတို့အဖို့ မလိုလား၊ မရှုဆိတ်ဖွယ်ရာ ဖြစ်နေ သည်။

 


ယခုနှစ်    မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်နှင့် ပတ်သက်၍လည်း သင်္ကြန်မတိုင်မီကာလကတည်းကပင် ပြည်သူလူထုကို ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြသည့်အပြင် သင်္ကြန်ကာလအတွင်း  ပြည်သူလူထုကို   ဖျော်ဖြေမှုပေးသည့် အနုပညာရှင်များကို  ဆဲရေးတိုင်းထွာမှုများ   ပြုလုပ်လျက် ရှိကြသည်။  သင်္ကြန်ပွဲတော်ကို  ပျော်ရွှင်စွာဆင်နွှဲကြသည့် အပြစ်မဲ့ပြည်သူများကို ကာယကံမြောက် ဖောက်ခွဲတိုက်ခိုက် မှုများကို ရက်စက်စွာ အကြမ်းဖက်ပြုလုပ်ခဲ့ကြသည်။  ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့  လားရှိုးမြို့တွင်   လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ လေးဦးသေဆုံး ခဲ့ရပြီး အသက်သုံးနှစ်အရွယ်  ကလေးတစ်ဦး  အပါအဝင် ပြည်သူ  ၁၁ ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်။   ထိုနေ့တွင်ပင် စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာ အ.လ.က ကျောင်းရှေ့တွင် ရေကစားနေသော ကျေးရွာသူကျေးရွာသားများနှင့် ကလေး ငယ်များကို ဒရုန်းဖြင့်  ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ကလေး ငါးဦးအပါအဝင် အပြစ်မဲ့ပြည်သူ ရှစ်ဦး သေဆုံးခဲ့ရပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ် နေ့ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ကလေးများအပါအဝင် ပြည်သူများ ရေကစား နေစဉ် ဒရုန်းယာဉ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အရာတော် မြို့နယ် ငွေတွင်းကျေးရွာတွင်လည်း ဒရုန်းယာဉ်ဖြင့် ဗုံးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးသုံးဦးအပါအဝင် ကျေးရွာသူ ကျေးရွာသား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 


ရှေးပဝေသဏီမှသည် မျက်မှောက်ကာလအထိ နှစ်စဉ် မပျက်  ကျင်းပလာခဲ့သည့်   ရိုးရာနှစ်သစ်ကူးပွဲတော်သည် နိုင်ငံရေး၊ စစ်ရေးတို့နှင့် မသက်ဆိုင်သကဲ့သို့ အကြမ်းဖက် သတ်ဖြတ်ဖျက်ဆီး၍လည်း ရစကောင်းသောအရာမဟုတ်။ ပြည်သူလူထု၏ အေးချမ်းပျော်ရွှင်မှုသည် ပြည်သူ့အကျိုးစီးပွား ကို  လိုလားသည့်အစိုးရတိုင်းက ဖြည့်ဆည်းပေးအပ်သော ပြည်သူ့ဝန်ဆောင်မှုတစ်ရပ်ပင်ဖြစ်သည့်အတွက်   သင်္ကြန် ပွဲတော်ကို  ပြည်သူများ  အေးချမ်းပျော်ရွှင်စွာ   ဆင်နွှဲခြင်းသည် မလိုလားအပ်သောကိစ္စလည်း မဟုတ်ပေ။ ပြည်သူလူထု၏ အေးချမ်းသာယာမှုကို   ဖျက်ဆီး၍  တိုင်းပြည်ကို   အလုံးစုံ ပျက်သုဉ်းသည့်လမ်းကြောင်းပေါ်သို့      ပို့ဆောင်လိုသည့် အကြမ်းဖက်ဝါဒနှင့်     အကြမ်းဖက်ဝါဒီတို့သည်သာလျှင် ပျက်စီးချုပ်ငြိမ်းမှုနိဂုံးသို့ ရောက်ရှိမည်ဖြစ်ပါကြောင်း။      ။