အကြမ်းဖက်နှင့်ဒုစရိုက်

 

ဝင်ငွေရှာဖွေသည့် ဒုစရိုက်လုပ်ငန်းများအနက် မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် လက်နက်မှောင်ခိုမှုတို့ပြီးလျှင် လူကုန်ကူးမှုသည် တတိယမြောက် ဝင်ငွေအများဆုံး ဖြစ်သည်ဟု ဆိုသည်။ ကမ္ဘာ ပေါ်တွင်    လူကုန်ကူးမှုပြဿနာသည်   ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုးရွားဆုံးဟု ဆိုသော်လည်း အမေရိကန်ကဲ့သို့သော နိုင်ငံ၌ ပင်လျှင် လူကုန်ကူးမှု ပြဿနာမကင်း။ ကမ္ဘာတစ်လွှား ကြီးထွား လာနေသည့် လူကုန်ကူးမှု ဒုစရိုက်လုပ်ငန်းများအနက် အွန်လိုင်း ရာဇဝတ်ဂိုဏ်းများ၏  လူကုန်ကူးမှုမှာ  နိုင်ငံတကာမှ  လူငယ် လူရွယ်များ သတိပြုရှောင်ရှားကြရမည့် အန္တရာယ်တစ်ခုပင် ဖြစ်သည်။


အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့တို့မှာ နိုင်ငံ တကာအသိုင်းအဝိုင်း၏ အာရုံစိုက်ခြင်းကို ခံကြရသည့်အပြင် အဆိုပါ ရာဇဝတ်ဂိုဏ်းများက ၎င်းတို့အတွက် အလုပ်လုပ်ပေးရန် လိမ်လည်၍ လူကုန်ကူးခံကြရသူများ၊ ငွေကြေးလိမ်လည်ခံကြ ရသူများ၏ မူရင်းမိခင်နိုင်ငံများ၏ အထင်အမြင်လွဲမှုများကိုပါ ခံကြရသည်။ အမှန်အားဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများမှာ မိမိ တို့နိုင်ငံသားများက တည်ထောင်လုပ်ကိုင်နေခြင်းမဟုတ်ဘဲ  ပြည်တွင်းသို့တရားမဝင် ဝင်ရောက်လာသူများက တည်ထောင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ၎င်းတို့အနက်အများစုမှာ နယ်စပ် ဒေသများတွင် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး မြို့ပြများတွင်လည်း တိတ်တိတ်ပုန်း လုပ်ကိုင်သူအချို့ရှိသည်ကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည့်ဖြစ်စဉ်များအရ သိရှိရသည်။


အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းများက ၎င်းတို့၏ လုပ်ငန်းများ တွင် အသုံးချရန်အတွက် လူသစ်စုဆောင်းရာတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အိုင်တီနည်းပညာ တတ်ကျွမ်းသူ၊ ဘာသာ စကားနှစ်မျိုးခန့် ပြောဆိုနိုင်သူ၊  ပညာအရည်အချင်း  အသင့် အတင့်ရှိသူများကို ဦးတည်ချက်ထားပြီး ကုမ္ပဏီလုပ်ငန်းများ အသွင်ဖြင့်    လစာပမာဏများများ  ဖော်ပြကာ  သွေးဆောင် ဖြားယောင်းကြခြင်းဖြစ်သည်။ ထူးခြားချက်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်ကာလ တရုတ်နိုင်ငံတွင် လောင်းကစားဝိုင်း များကို နှိမ်နင်းလိုက်ပြီးနောက်ပိုင်း ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် နောက်ပိုင်းတွင်   မြန်မာနိုင်ငံနယ်စပ်ဒေသများသို့   အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ရောက်ရှိအခြေချလာခြင်း၊ တရုတ်နိုင်ငံသား များသည် အွန်လိုင်းဂိမ်းကဲ့သို့ ပြည်ပရှိ တရားမဝင်လုပ်ငန်းများ တွင် ပါဝင်ပတ်သက်ခဲ့ပါက တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသဖြင့် အွန်လိုင်းဂိမ်းများတွင်  ဖမ်းဆီးခံရသည့်   တရုတ်နိုင်ငံသားများသည်   တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မခံရရေးအတွက်     အခြားနိုင်ငံသားဟု လိမ်လည်ထွက်ဆိုခြင်း၊ ထိန်းသိမ်းထားရာနေရာမှ နည်းလမ်း အမျိုးမျိုးဖြင့် လွတ်မြောက်ရန် ကြိုးပမ်းခြင်းတို့ပင် ဖြစ်သည်။


မကြာသေးမီက ဖြစ်စဉ်တစ်ခုတွင် တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး ဖိလစ်ပိုင်မှ ထိုင်းသို့ ရောက်ရှိလာသူ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးသည် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကာ နယ်စပ်ဒေသတွင် တရားမဝင်အလုပ်လုပ်ကိုင် ခဲ့ပြီး အဆင်မပြေသဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင် ပြန်လည်  ဝင်ရောက်ခဲ့ရာ ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးမှုကို ခံခဲ့ ရသည်။ ၎င်းသည် တရုတ်နိုင်ငံကူးလက်မှတ်ကို အသုံးပြုပါက တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည်ကို စိုးရိမ်၍ ဖိလစ်ပိုင် နိုင်ငံသားအဖြစ် ထွက်ဆိုခဲ့သော်လည်း မနီလာလေဆိပ်အရောက် တွင်   တရုတ်နိုင်ငံသားဖြစ်ကြောင်း  ပေါ်ပေါက်ခဲ့သည်ဟု သိရ သည်။


မိမိတို့နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုနှင့် အလှမ်းဝေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ရာ နယ်စွန်နယ်ဖျား ဒေသများမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လက်နက်မှောင်ခို ရောင်းဝယ်မှု၊ အွန်လိုင်းရာဇဝတ်ဂိုဏ်းများ တရားမဝင်အခြေချ လုပ်ကိုင်မှုများရှိနေရာ ဝင်ငွေအကောင်းဆုံးသော ဒုစရိုက်မှုများ စုဝေးနေခြင်းပင်ဖြစ်ပြီး    နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံးအတွက် လည်း ကြီးမားသည့်အန္တရာယ်ပင်ဖြစ်ရာ အကြမ်းဖက်မှုများနှင့် ဆက်နွှယ်နေသည့် ဒုစရိုက်လုပ်ငန်းများကိုလည်း အမြစ်ပြတ်  သုတ်သင်ရှင်းလင်းကြရပါမည့်အကြောင်း။       ။