အကြမ်းဖက်သောင်းကျန်းသူများ၏ ထောင်ထားသည့်မိုင်း တွေ့ရှိသဖြင့် ကုန်ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ်ပွားခဲ့

နေပြည်တော်  အောက်တိုဘာ   ၄ 


ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး ရထားလမ်းမကြီး၏ တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာ အကြား မိုင်တိုင် ၁၂၀/၇-၈ ရှိ တံတားအမှတ်(၁၇၉)အနီးတွင် ယနေ့ နံနက် ၈ နာရီခန့်က တောကျွဲအင်း နယ်မြေရဲစခန်းမှ လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေစဉ် ဝိုင်ယာကြိုးများနှင့်သွယ်တန်းထားသည့် မိုင်းဟု ယူဆရသော ဆာလာအိတ်နှင့် ထည့်ထားသော ကော်ပုံး နှစ်ပုံးကို တွေ့ရှိရသဖြင့် စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ရှိသူများသွားရောက်ပြီး မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်မိုင်းကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်ကြောင့် အမှတ် (၉၂၃)  အဆန်  ကုန်ရထားသည် ပဲနွယ်ကုန်းဘူတာသို့   နံနက် ၉ နာရီ ၄၃ မိနစ်တွင်လည်းကောင်း၊ အမှတ်(၉၀၄)အစုန် ကုန်ရထား သည်   ကညွတ်ကွင်းဘူတာသို့ နံနက်  ၁၀ နာရီ  ၅ မိနစ်တွင် လည်းကောင်း၊     အမှတ်(၉၀၂)အစုန် ကုန်ရထားသည် ဖြူးဘူတာ သို့ နံနက်  ၁၀  နာရီ  ၁၀  မိနစ် တွင်လည်းကောင်း  ရောက်ရှိပြီး စောင့်ဆိုင်းရပ်နားခဲ့ရသဖြင့် မိုင်း ရှင်းလင်းပြီးချိန်အထိ ရထားများ အချိန် တစ်နာရီခန့်   ကြန့်ကြာမှု ဖြစ်ပွားခဲ့သည်။


အဆိုပါ မိုင်းတွေ့ရှိမှုဖြစ်စဉ် သည် အချိန်မီတွေ့ရှိဟန့်တားနိုင် ခဲ့ခြင်းမရှိပါက ပေါက်ကွဲမှုဖြစ်ပြီး ပုံမှန်ဖြတ်သန်းသွားလာနေသည့် လူစီးရထားများနှင့်   ခရီးသွား ပြည်သူများကို   ထိခိုက်ပျက်စီး စေရန်  ရည်ရွယ်လုပ်ဆောင်ခြင်း သာမကဘဲ    ရန်ကုန်-မန္တလေး ရထားလမ်း  အဆင့်မြှင့်တင်ရေး အတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများကိုပါ ထိခိုက် ပျက်စီးရန်    ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာ ပက်စက်မှုများဖြစ်ပြီး ယခုဖြစ်စဉ် တွင် ရထားအား အချိန်မီမရပ်တန့် နိုင်ခဲ့ပါက     ရထားစီးခရီးသွား ပြည်သူများကိုပါ ထိခိုက်သေဆုံး နိုင်သဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမား စွာကြုံတွေ့ရနိုင်သည့် စက်ဆုပ် ရွံရှာဖွယ်ကောင်းသော   လုပ်ရပ် တစ်ခုဖြစ်သည်။


အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်   ၂၀၂၁   ခုနှစ် ဖေဖော်ဝါရီ  ၁  ရက်မှစ၍   ယခု အချိန်အထိ  မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင်   ရထား လမ်းနှင့် ရထားဘူတာနယ်မြေ အတွင်း  ဗုံးထောင်မှု ၁၂၆ ကြိမ်၊ ရထားတံတားများအား   မိုင်းခွဲ ဖျက်ဆီးခြင်း  ၄၅  ကြိမ်၊  ဘူတာ အဆောက်အဦနှင့်     ဝန်ထမ်း နေအိမ်များအား   မီးရှို့ဖျက်ဆီး ခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီး ဖြစ်သည်။ 


နိုင်ငံတော်အနေဖြင့် အများ ပြည်သူ ခရီးသွားလာမှုနှင့်ကုန်စည် ပို့ဆောင်မှု   အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက်   လူစီး ရထားများ၊ ကုန်ရထားခရီးစဉ်များ အချိန်မှန်ကန်စွာ တိုးချဲ့ပြေးဆွဲနိုင် ရေးအဘက်ဘက်မှ စီစဉ်ကြိုးပမ်း ဆောင်ရွက်လျက်  ရှိသော်လည်း ယခုကဲ့သို့    ဖြစ်စဉ်များကြောင့် ရထားပြေးဆွဲမှု      နှောင့်နှေး ကြန့်ကြာစေပြီး ခရီးသွားပြည်သူ များနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံး မှုများဖြစ်ပေါ်စေရန်    ယုတ်မာ ရက်စက်စွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများ  ကျူးလွန်နေကြ သည့် အကြမ်းဖက်အဖွဲ့များအား ဒေသခံပြည်သူ    တစ်ရပ်လုံးက ပြင်းထန်စွာ  ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း  သတင်း ရရှိသည်။            
     

သတင်းစဉ်