
D-Day လုပ်ပြီး အစိုးရကို ဖြုတ်ချမယ်၊ PDF တွေက တစ်နိုင်ငံလုံးအနှံ့ တော်လှန်မယ် စတဲ့သတင်းတွေက ဖေ့စ်ဘွတ်ပေါ်မှာတော့ ပလူပျံနေကြဆဲ။ ဖေ့စ်ဘွတ်လို Virtual World ပေါ်က ပြည်ဖျက်ဆွယ်လုံးတွေကို ယုံကြည်သူတွေရှိနေတာကို ခံယူချက်အမျိုးမျိုးမို့ မှတ်ချက်မပြုလိုပါ။ ဒါပေမယ့် နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်တွေလုပ်ဆောင်ဖို့ လက်နက်သယ်ယူပို့ဆောင်သူတွေ၊ မြို့နယ်အလိုက် အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်နေတဲ့ PDF အဖွဲ့ဝင်တွေ၊ မိုင်းထောင်ဖောက်ခွဲသူတွေ၊ စေခိုင်းသူတွေ၊ ပူးပေါင်းပါဝင်သူတွေ၊ အားပေးသူတွေ၊ မဟုတ်မမှန် သတင်းရေးသားဖြန့်ဝေနေသူတွေ၊ လက်နက်မဲ့ပြည်သူတွေကို ဒလန်လို့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြီး သတ်ဖြတ်သူတွေ …… တဖြုတ်ဖြုတ်နဲ့ ဖမ်းဆီးရမိနေတဲ့သတင်းတွေကို နေ့စဉ်ဖတ်ရတော့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရဲ့ စွမ်းစွမ်းတမံ ဖော်ထုတ်ဆောင်ရွက်နေမှုတွေကိုတော့ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ အလွန့်အလွန်ကို လေးစားဂုဏ်ယူပါကြောင်း ပြောလိုပါတယ်။
အခုဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က သတင်းပေးသူနဲ့ ဖမ်းဆီးသူတွေကို ထိုက်တန်စွာ ဆုချီးမြှင့်မည်ဆိုပြီး ကြေညာလိုက် တော့ အကြမ်းဖက်သမားတွေ ပြေးပေါက်မှားတော့ မယ့်အရေး မြင်ယောင်နေမိပါတယ်။
ဗုံးခွဲဖျက်ဆီး၊ မီးရှို့ဖျက်ဆီးရတာကို အရသာ တွေ့နေတဲ့ အကြမ်းဖက်အုပ်စုက ပြည်သူ့ဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ ဌာနဆိုင်ရာရုံးတွေ၊ အဆောက်အအုံတွေ ဖျက်ဆီးတာကို အမှန် တရားလို့ ယုံကြည်နေတော့ NUG ၊ PDF အဖွဲ့ဝင် တွေဟာ တစ်ကမ္ဘာလုံးက လက်မခံတဲ့ အကြမ်းဖက် အဖွဲ့စာရင်းထဲ အလိုလိုရောက်သွားပါပြီ။
D-Day လာမယ်ဆိုတာကိုလည်း ဘယ်နေရာ ကမှန်းမသိတဲ့ NUG နဲ့ သူတို့မြှောက်ပေးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)လို့ ဆိုသူတွေက ကြုံးဝါးနေပါသေးတယ်။ တစ်လသင်တန်း၊ နှစ်ပတ် သင်တန်း၊ ဆင့်ပွားသင်တန်းလောက်နဲ့ စိတ်ကူး တွေ ယဉ်နေကြတာက မြန်မာ့တပ်မတော် အကြောင်း မသိတာလည်းမဟုတ်။ ပစ်ပြေးအဆင့်၊ အင်အားနည်းတဲ့စခန်းကို အလစ်ဝင်တိုက်လို့ အောင်ပွဲရတာလောက်နဲ့ မိုးပြော၊ ချိုးပြောမို့ ဖေ့စ်ဘွတ်ကွန်မန့်တွေမှာ တောက်ချလိုက်မယ်တို့၊ ဘယ်ဈေးလဲ ဖြစ်သွားမယ်တို့နဲ့ လှောင်ရယ်ခံတာကို လည်း မမှတ်ကြဘူး။
ပိတ်ကားပေါ်မှာလောက် တိုက်ပွဲဝင်ဖူးတဲ့ သူတွေကလည်း တိုက်မယ်၊ ခိုက်မယ် တကဲကဲနဲ့။ တိုက်ပွဲခပ်လတ်လတ် တစ်ပွဲလောက်နွှဲပြီးရင်တော့ သူတို့တွေ နောက်ကျတဲ့ခြေထောက် သစ္စာဖောက် ဖြစ်တော့မယ်လို့ ကြိုတင်မှန်းဆမိပါတယ်။ တိုက်ပွဲ မှာ ထိခိုက်ဆုံးရှုံးမှု မရှိခဲ့ရင်ပေါ့လေ။
သေချာတွက်ဆထားဖို့လို
D-Day ဆိုဆို၊ တော်လှန်ရေးဆိုဆို ဒီလို ပြည် ဖျက်၊ ပြည်သိမ်းလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ တွေ၊ ပါဝင်ချင်နေသူတွေအနေနဲ့ အဲဒီရဲ့အကျိုးဆက် က ဘာတွေဖြစ်လာမယ်ဆိုတာကို သေချာတွက်ဆ ထားဖို့လိုပါတယ်။ စိတ်အား၊ လူအား၊ ငွေအားနဲ့ ပူးပေါင်းပါဝင်မိလို့ ဖမ်းဆီးရမိတော့မှ ဥပဒေကို မသိလို့ပါ၊ အဲဒီလိုမှန်းမသိလို့ပါ၊ နောင်တရပါပြီ ဆိုပြီး သွေးကြောင်နေလို့ မရပါဘူး။ နောက်ကျမှ ခွင့်လွှတ်ပါဆိုပြီး မျက်နှာငယ်လေးနဲ့ မျက်ရည်ခံ ထိုးလို့ မရတော့တာ ကြိုတင်သိထားဖို့ လိုပါတယ်။ စစ်တိုက်တယ်ဆိုတာ ရဲဘော်တွေပြောနေသလို ပန်းနဲ့ပေါက်တာမဟုတ်လို့ တိုက်ပွဲတွေဖြစ်ရင် PDF တွေပစ်တဲ့ကျည်ဆန်က NUG ဘက်ကမို့၊ PDF အားပေးမို့ မထိဘူး၊ မိုင်းမကွဲဘူးလို့ မထင် မိကြဖို့ တချို့မြို့ပေါ်က အကြမ်းဖက်အားပေးအဖွဲ့ တွေကို ပြောလိုက်ချင်ပါသေးတယ်။
D-Day လို့သာ ကြွေးကြော်နေတာ တကယ့် အခြေအနေမှာတော့ တော်လှန်ရေးဦးဆောင် လုပ်မယ်ဆိုတဲ့ PDF တွေမှာ လက်နက်ကိုင်တိုက်ဖို့ ထက် မိုးထဲလေထဲ ရိက္ခာရဖို့ ခက်ခဲနေသံတချို့ ထွက်လာပါတယ်။ တစ်ဖက်ကလည်း PDF ကို ထောက်ပံ့ပေးမယ်ဆိုပြီး အလှူငွေကောက်ခံမှုရှိနေ ပေမယ့် ဟိုအဖွဲ့မရဘူး၊ ဒီအဖွဲ့မရဘူးဆိုတာက တစ်မျိုး၊ အလှူငွေကောက်ပေးတဲ့သူတွေက မညီမျှဘူးဆိုတာက တစ်မျိုးနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပေါက်ကွဲကြပြန်ပါတယ်။ တိုက်ပွဲမဝင်ရသေးဘူး အုပ်ချုပ်မှု ဖြစ်စဉ်တွေ ဖြစ်နေကြပြီ။ ရေရှည်တိုက်ပွဲ ဝင်ချင်ရင် အုပ်ချုပ်ထောက်ပံ့မှုကောင်းခြင်းဆိုတာ လိုအပ်ကြောင်း မေတ္တာစကားဆိုပါရစေ။ မြန်မာ့ တပ်မတော်သားတွေ ရှေ့တန်းစစ်မြေပြင်မှာ အစား ဆင်းရဲ၊ အဝတ်ဆင်းရဲ၊ အနေဆင်းရဲဘဝတွေ မြင်တုန်း က ကိုယ်ချင်းမစာတတ်တဲ့သူတွေ ကိုယ်တိုင်တောထဲ တောင်ထဲမှာ စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားကြဦးပေါ့၊ စည်းကမ်းမရှိတဲ့ နိုင်ရာစား လက်နက်ကိုင်တွေနဲ့ ပေါင်းသင်းကြည့်ဦးပေါ့၊ သူတို့ နှစ် ၆၀ ကျော်တွန်းလှန်တိုက်ခိုက်တဲ့နေရာမှာ အစား ဝင်တိုက်ပေး၊ အစားဝင်ခံပေးကြဦးပေါ့လို့ပဲ သတိမူ နိုင်၊ ဂူမြင်နိုင်ဖို့ အသိပေးလိုက်ပါတယ်။
မစခင်လမ်းဆုံးမယ့်အခြေအနေ
NUG က ပြည်ပကနေ အေးအေးဆေးဆေး မြှောက်လုံးတွေနဲ့ တော်လှန်ရေး၊ တော်လှန်ရေးနဲ့ ကြွေးကြော်နေပေမယ့် လက်တွေ့မှာက တောကြား၊ တောင်ကြား မိဝေးဖဝေးနဲ့ ဟိုတစ်စု၊ ဒီတစ်စု PDF ဇာတ်လမ်းက မစခင်လမ်းဆုံးမယ့်အခြေအနေကို ဦးတည်နေပါတယ်။အကြမ်းဖက်မှုတွေကို ဦးဆောင် အစပြုနေရတာက လူငယ်တွေအများစု ဖြစ်ပါတယ်။ လူငယ်သဘာဝ စွန့်စားလုပ်ကိုင်ရတာကို နှစ်သက်တဲ့ သဘောစရိုက်ကို အပိုင်ကိုင်ထားပြီး အကြမ်းဖက် လုပ်ရပ်တွေနဲ့ စွန့်စားစေပါတယ်။ အာဇာနည်နာမည် သာ အဖတ်တင်ကျန်ပြီး ကြွေလွင့်ခဲ့ရတဲ့ လူငယ်တွေ အတွက် ဝမ်းနည်းစရာပါ။ အသက်မသေသော်လည်း လက်လုပ်ဗုံး ဖန်တီးစမ်းသပ်ရင်း ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရတဲ့ လူငယ်တွေလည်း မနည်းပါ။ နှမြော မိပါတယ်။ ဒါပေမယ့် တချို့သောမိဘတွေကတော့ အာဇာနည်မိခင်ဖြစ်ဖို့ကို မြှောက်ပင့်ပေးနေ၊ တလွဲ ဆံပင် ကောင်းအားပေးနေတာကို အံ့ဩဖွယ်တွေ့မိပါတယ်။
ပြည်ပကနေ NUG က အင်အားရှိသယောင် အရောင်ပြ ဆွယ်လုံးတွေနဲ့ ဗုံးခွဲ၊ မီးရှို့၊ လူသတ်၊ ဥပဒေမဲ့လုပ်ရပ်တွေကို ပြည်တွင်းမှာ ကျူးလွန်ခိုင်း နေပေမယ့် နိုင်ငံတကာ မျက်နှာစာမှာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်တဲ့အဖွဲ့အဖြစ် နာမည်ပေါက်နေ ပြီဆိုတာ သူတို့ကိုယ်သူတို့လည်း သိနေကြပါပြီ။
အခုချိန်မှာ နိုင်ငံအတွင်း ကိုဗစ်−၁၉ ကူးစက်မှု ကို အစိုးရအနေနဲ့ ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစား နေပါတယ်။ ဒီနေ့ဒီအချိန်ဟာ နိုင်ငံရေးနဲ့ သက်ဆိုင် မှုမရှိဘဲ ပြည်သူ့ကျန်းမာရေးအတွက် ဆောင်ရွက်နေ ရချိန်ပါ။ ဒီလိုအချိန်ကို အခွင့်ကောင်းယူပြီး အစိုးရ အနေနဲ့ ပြည်သူ့ကျန်းမာရေးကို အလေးပေး မဆောင်ရွက်နိုင်အောင် ကိုဗစ်ရောဂါကာကွယ် ဆေးထိုးပေးတဲ့ နေရာတွေ ဗုံးခွဲတာ၊ ကိုဗစ်ရောဂါ ကာကွယ်ရေး စစ်ဆေးရေးဂိတ်တွေကို ဗုံးခွဲ တိုက်ခိုက်တာ၊ ဆေးရုံက အောက်ဆီဂျင်ပိုက်လိုင်း တွေကို ဖျက်ဆီးတာ၊ ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းမှာ ပါဝင်တဲ့ သူတွေကို သတ်ဖြတ်တာတွေကို ဒီမိုကရေစီတိုက်ပွဲ၊ အာဏာရှင်တိုက်ပွဲအဖြစ် ပုံဖော်နေတာ စဉ်းစား ကြည့်ကြဖို့ လိုပါတယ်။ မိမိကိုယ်ပိုင်စိတ်ကူးနဲ့ မိမိ ဘာသာ နဖူးပေါ်လက်တင် သေချာစဉ်းစား ကြည့်သင့်ပါတယ်။
အမြစ်ကနေ တွန်းလှန်ဖယ်ရှား
အကြမ်းဖက်မှုတွေ ဆောင်ရွက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒီလို ပြည်သူတွေအတွက် အသက်အိုးအိမ် ထိခိုက် လာစေမယ့် အကြမ်းဖက်လုပ်ရပ်တွေကို ဖယ်ရှား ရမှာ၊ နှိမ်နင်းရမှာက အစိုးရတစ်ရပ်ရဲ့ တာဝန်ပါ။ ဒါကြောင့် ပြည်သူလူထု အကျိုးစီးပွား အသက် အိုးအိမ်ကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ အကြမ်း ဖက်လုပ်ရပ်တွေ အမြစ်ကနေ တွန်းလှန်ဖယ်ရှားနိုင်ဖို့ အတွက် ဥပဒေလမ်းကြောင်းအတိုင်း အစိုးရအနေနဲ့ စီမံဆောင်ရွက်တာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ပြည်တွင်းမှာ အကြမ်း ဖက်လုပ်ရပ်တွေ ကျူးလွန်ပြီး ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အကြမ်းဖက်သမားတွေ ကို ဖမ်းဆီးအရေးယူနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်း တွေကို အကြောင်းကြားစာတွေ ပေးပို့ထားတယ်လို့ သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံတကာသံရုံး တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး အမှုဆောင် အရာရှိချုပ်ရုံး၊ အာဆီယံအထွေထွေအတွင်းရေးမှူး ချုပ်ရုံးနဲ့ အာဆီယံအကြမ်းဖက်မှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းရုံး၊ အာဆီယံအမျိုးသား ရဲအဖွဲ့အတွင်း ရေးမှူးရုံးနဲ့ အာဆီယံရဲအဖွဲ့ ကိုးနိုင်ငံ၊ အာဆီယံ အပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့တွေ၊ အင်တာပို အထွေထွေအတွင်းရေးမှူးချုပ်နဲ့ အင်တာပိုအကြမ်း ဖက်မှုတိုက်ဖျက်ရေးဌာန၊ BIMSTEC အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၊ တရုတ်၊ ရုရှား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ က ပြည်ထဲရေးဝန်ကြီးတွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့တွေကို ပူးပေါင်းပါဝင်ပေးဖို့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ ထုတ်ပြန် ထားတာကို သိရှိရပါတယ်။
ပူးပေါင်းဟန့်တားကြရမှာဖြစ်
ဒီလိုအစိုးရရဲ့ ပြည်သူ့အသက်အိုးအိမ် အန္တရာယ်ကာကွယ်ရေးအတွက် လုပ်ဆောင်မှုတွေ မှာ ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်အားက အရေးကြီးပါတယ်။ ဒီလိုပူးပေါင်းပါဝင်တဲ့ ပြည်သူ တွေကို အကြမ်းဖက်သမားတွေက ရန်သူအဖြစ် သတ်မှတ်ပြီးတော့ သူလျှိုဒလန်အဖြစ် စွပ်စွဲမှုတွေနဲ့ အကြမ်းဖက်တာတွေရှိနေတဲ့အတွက် ဒီလိုလုပ်ရပ် တွေ မကျူးလွန်နိုင်အောင် အစိုးရနဲ့ ပြည်သူကပဲ ပူးပေါင်းဟန့်တားကြရမှာ ဖြစ်ပါတယ်။
ပြည်သူ့အားကို အလေးထားတဲ့အတွက် စိုးရိမ်စိတ်နဲ့ ရှောင်ခွာနေတဲ့ နိုင်ငံသားတွေကို အစိုးရအနေနဲ့ ပြန်လည်ဖိတ်ခေါ်နေပါတယ်။ အကြမ်းဖက်အုပ်စုတွေရဲ့ သွေးထိုးလှုံ့ဆော်မှု ကြောင့် EAOs တွေ ရှိရာနေရာတွေနဲ့ ပြည်ပနိုင်ငံ တွေကို စိုးရိမ်စိတ်နဲ့ တိမ်းရှောင်သွားတဲ့ နိုင်ငံသား တွေကို သတင်းထုတ်ပြန်ပြီး ပြန်လည်ဖိတ်ခေါ် လျက်ရှိပါတယ်။
ထုတ်ပြန်ချက်မှာ လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်း တွေနဲ့ ပြည်သူအချို့ကို အုပ်စုဖွဲ့ ကိုယ်ထိလက် ရောက်ကျူးလွန်မှု၊အစိုးရပိုင်အဆောက်အအုံတွေ၊ ပုဂ္ဂလိကပိုင် အဆောက်အအုံတွေ ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွေမှာ ငွေကြေးအရ၊ တခြားနည်းလမ်း အရ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူတွေက လွဲပြီး စိုးရိမ်စိတ်ကြောင့် ထွက်ပြေးနေတဲ့ အသိ ပညာရှင်၊ အတတ်ပညာရှင်တွေအပါအဝင် နိုင်ငံ သားတွေအားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အထူးသက်ညှာစွာ ဆောင်ရွက် ပေးမယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုကိုယ့်နိုင်ငံ၊ ကိုယ့်အိုးကိုယ့်အိမ်ကိုပြန်လည် လာရောက်နိုင်ဖို့အတွက် နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ တွေကို ဆက်သွယ်ဖို့၊ ပြည်ပရောက်နေရင် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်ဖို့ ဖိတ်ခေါ်ထားတာကို တွေ့ရပါတယ်။
လက်ရှိအစိုးရအနေနဲ့ ဆူပူအကြမ်းဖက် လုပ်ရပ်တွေ ပေါ်ပေါက်နေတာဟာ ပြည်သူလူထု အတွက် အကျိုးမရှိတာကို နားလည်တဲ့အတွက် အကောင်းဆုံး၊ အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ ကြံဆဆောင်ရွက်နေတာကို သိမြင်လက်ခံရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ လွဲမှားတဲ့အကြမ်းဖက်မှု လမ်းစဉ်ပေါ်မှာသာ အင်အားပြနေကြရင် ဆူပူမှု သံသရာမှာ ဝဲလည်ရင်း နိုင်ငံနဲ့ ပြည်သူပဲ ထိခိုက် စေတာ ဖြစ်ပါတယ်။ ဒီလို ဝဲလည်နေရင် နိုင်ငံသား တိုင်းလိုလားတဲ့ ဒီမိုကရေစီနိုင်ငံကို ရှေးရှုဖို့လည်း ခက်ခဲပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ဖယ်ခွာရှင်းလင်းနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပါဝင်ပေး ကြပါလို့သာနှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။ ။
- Log in to post comments