
နေပြည်တော် စက်တင်ဘာ ၅
နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထု များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်စိတ်တစ်ပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ရက်များအား နိုင်ငံတစ်ဝန်းလုံး ဖြန့်ကြက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန် စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေးတာဝါတိုင် များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေး စိုက်ထူဆောင်ရွက်ပေးထားရှိခဲ့သည်ကို အေးချမ်းစွာ နေထိုင်လိုခြင်းမရှိဘဲ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါ တိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လာ ကြသည်ကို တွေ့ရှိရသည်။
ထိုသို့ ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ရာတွင် စက်တင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ရွှေလျှံ အနောက်ကျေးရွာ၏အနောက်ဘက် နှစ်ဖာလုံခန့် အကွာ လယ်ကွင်းအတွင်း၌ စိုက်ထူထားရှိသည့် MYTEL ဆက်သွယ်ရေးတာဝါတိုင်အောက်ခြေရှိ ထိန်းချုပ်ရေးစက်ခန်းအား အမှိုက်များထည့်သွင်း ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါစက်ခန်းအတွင်းရှိ စက်ပစ္စည်းများနှင့် ကေဘယ်လ်ကြိုးများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာ ၅ ရက် နံနက် ၂ နာရီ တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်း-ဗန်းမော်ကားလမ်း၏ မိုင်တိုင် အမှတ် ၁၅ မိုင် ၁ ဖာလုံအနီး လမ်း၏အရှေ့ဘက်တွင် စိုက်ထူ ထုတ်လွှင့်လျက်ရှိသော Ooredoo ဆက်သွယ်ရေး တာဝါတိုင်အောက်ခြေရှိ တာဝါတိုင်ထိန်းချုပ် ထုတ်လွှင့်ရေးစက်များထည့်ထားသည့် စက်ပုံးအား အကြမ်းဖက်သူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့၍ အဆိုပါစက်ပုံးနှင့် စက်ပုံးအတွင်းရှိ စက်များနှင့် ကေဘယ်လ်ကြိုးများ ပျက်စီးဆုံးရှုံးခဲ့သည်။
အလားတူ နံနက် ၂ နာရီခန့်တွင်ပင် မတ္တရာ မြို့နယ် ပတ်လည်အင်းကျေးရွာနေ ဦးကျော်စိုး (၅၀)နှစ်၏ နေအိမ်ခြံဝင်းအတွင်း စိုက်ထူ၍ ထုတ်လွှင့် လျက်ရှိသော Ooredoo ဆက်သွယ်ရေးတာဝါတိုင် အနီးသို့ ကျေးရွာ၏အရှေ့ဘက်မှ မောင်းနှင်လာသည့် အကြမ်းဖက်သူ သုံးဦး(စိစစ်ဆဲ) စီးနင်းလာသည့် ဆိုင်ကယ်နှစ်စီးရောက်ရှိလာပြီး ၎င်းတို့ သုံးဦးအနက် အကြမ်းဖက်သူတစ်ဦးက တာဝါတိုင်ဝင်းအတွင်း ဝင်ရောက်ကာ တာဝါတိုင်အောက်ခြေရှိ တာဝါတိုင် ထိန်းချုပ် ထုတ်လွှင့်ရေးစက်များထည့်ထားသည့် စက်ပုံးအား အသင့်ယူဆောင်လာသော ဓာတ်ဆီပုံး ဖြင့်လောင်းကာ မီးရှို့၍ ရွာလယ်လမ်းအတိုင်း စဉ့်ကူး မြို့နယ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် အဆိုပါစက်ပုံးမီးလောင်မှုဖြစ်ပေါ်ခဲ့ပြီး အနီးအနားရှိ ကျေးရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ် ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှု ကြောင့် တာဝါတိုင်အောက်ခြေရှိ စက်ပုံးအတွင်းရှိစက် များနှင့် ကေဘယ်လ်ကြိုးများ မီးလောင်ဆုံးရှုံးခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ် များကို ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်