
ရေနံ့သာမောင်ကျော်ညွန့်
၂၀၂၁ ခုနှစ် အောက်တိုဘာလ(၅)ရက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး
အကြင်သူသည် အကြင်နာရပ်ဝန်းရိပ်မြုံတွင် ခိုလှုံသည်။ အကြင်နာရပ်ဝန်းရိပ်မြုံတွင် မွေ့လျော်ပျော်ပိုက်သည်။ အကြင်နာရပ်ဝန်းသည်ကား အကြင်သူ၏ မေတ္တာလွှမ်းခြုံအေးရိပ်မြုံလည်း ဖြစ်လေသည်။ အကြင်သူ၏ ရင်ထဲတွင် မုဒိတာနှလုံးသားရှိသည်။ အကြင်သူသည် မုဒိတာနှလုံးသားကို ပိုင်ဆိုင်ထားလေသည်။
အကြင်သူသည်ကား အကြင်နာရပ်ဝန်းမှ မုဒိတာ နှလုံးသားပိုင်ရှင် ဖြစ်ချေတော့၏။ အကြင်နာ ရပ်ဝန်းမှ မုဒိတာနှလုံးသားပိုင်ရှင်သည် တစ်ဦး တစ်ယောက်တည်းကား မဟုတ်ချေ။ ကမ္ဘာ့ဆရာ များထဲမှ မြန်မာ့ဆရာ ဆရာမများအားလုံးတို့သည် ကား အကြင်နာရပ်ဝန်းမှ မုဒိတာနှလုံးသားပိုင်ရှင် များ ဖြစ်ကြလေသည်။
ကမ္ဘာ့ဆရာများထဲမှ မြန်မာ့ဆရာများ ဖြစ်ကြ သောအကြင်နာရပ်ဝန်းမှ မုဒိတာနှလုံးသားပိုင်ရှင် များဖြစ်ကြသည့် ဆရာ ဆရာမအပေါင်းတို့သည် တပည့်အပေါင်းတို့၏ ကောင်းကျိုးချမ်းသာကို လိုလားမျှော်လင့်ကြသူများ ဖြစ်ကြလေသည်။ လိုလားမျှော်လင့်သည့်အတိုင်း ဖြစ်ပေါ်လာအောင် ပန်းပုဆရာကဲ့သို့ ထုဆစ်သည်။ ပန်းချီဆရာကဲ့သို့ စုတ်ချက်တင်သည်။ ပန်းတဉ်းဆရာကဲ့သို့ ပုံသွန်း လောင်းသည်။ ထိုသို့ထုဆစ်၊ စုတ်ချက်တင်၊ ပုံသွန်း လောင်းပေးနေ ရလင့်ကစား မောသည် ပန်းသည်ဟု မညည်းညူ။ တပည့်တို့၏ နောင်အကျိုးအတွက်မို့ ရွှင်လန်းတက်ကြွနေတော့၏။
မ တစ်ရာဖွား တပည့်များ
အကြင် ဆရာ ဆရာမအပေါင်းတို့၏ ရှေ့မှောက် သို့ တပည့်အပေါင်းတို့ ရောက်ရှိလာကြကုန်၏။ ရောက်ရှိလာသမျှ တပည့်အပေါင်းတို့သည်ကား မတစ်ရာဖွားသားသမီးများ ဖြစ်ကြသည်။ တပည့် တစ်ဦးချင်းစီတွင် အကြိုက်တစ်မျိုးစီ၊ စရိုက်တစ်မျိုး စီ ပါလာသည်။ မတူညီ တစ်မူစီကွဲပြားနေသော အကြိုက်များ၊ စရိုက်များကလည်း စုံလင်လှသည်။ တချို့တပည့်တို့က နူးညံ့ပျော့ပျောင်းကာ ယဉ်ကျေး သိမ်မွေ့သည်။ တချို့တပည့်တို့က ကြမ်းတမ်းခက် ထန်ကာ မောက်မာရိုင်းစိုင်းသည်။ တချို့က ထောက်ထားငဲ့ညှာကိုယ်ချင်းစာသည်။ တချို့က အကဲဆတ်ကာ တစ်ကိုယ်ကောင်းဆန်သည်။ တချို့ က ကူညီရိုင်းပင်းလိုစိတ်ရှိသည်။ တချို့က ပူးပေါင်း ဆောင်ရွက်လိုစိတ်မရှိ။ တချို့က စေတနာပိုသည်။ တချို့က ရေသာခိုသည် စသည်စသည်ဖြင့် မတူညီ သော စရိုက်၊ မတူညီသောအကြိုက်တို့သည်ကားအမျိုးမျိုးအဖုံဖုံ ရောထွေးကာနေတော့သည်။
တပည့်အပေါင်းတို့တွင် ပူးကပ်စွဲငြိပါလာသောအကြိုက်မျိုးစုံ၊ စရိုက်မျိုးစုံတို့၏ နောက်ကွယ်၌ နောက်ခံအကြောင်းရင်းများ ရှိနေပါသည်။ ထိုထို သော တပည့်အပေါင်းတို့၏ နောက်ခံအကြောင်းရင်း ရှိသည်များကို အကြင်ဆရာ ဆရာမ အပေါင်းတို့ က သိလည်းသိ၍ မြင်လည်းမြင်၏။ အဘယ်ကြောင့် ဆိုမူ အကြင်ဆရာ ဆရာမတို့သည်ကား တပည့် အပေါင်းတို့၏ ဘဝစာမျက်နှာများကို နေ့စဉ်မပြတ် ဖတ်မှတ်နေကြရသောကြောင့် သိခြင်း၊ မြင်ခြင်း ဖြစ်ပေသည်။
တပည့်အပေါင်းတို့၏ ဘဝစာမျက်နှာများမှ တစ်ဆင့် တပည့်တို့၏ နောက်ခံအကြောင်းရင်းနှင့် ဘဝမျိုးစုံကို သိမြင်ထားပြီးဖြစ်သော အကြင်ဆရာ ဆရာမအပေါင်းတို့သည် တပည့်အပေါင်းတို့၏ လိုအင်မျိုးစုံကို အစွမ်းကုန် ဖြည့်ဆည်းပေးကြရ လေတော့သည်။ ချော့သင့်သည့် တပည့်ကို ချော့၏။ ထိုတပည့် ပျော့ပျောင်းလာပါသည်။ မြှောက်သင့် သည့်တပည့်ကို မြှောက်ပေး၏။ ထိုတပည့် တက်ကြွလာပါသည်။ ချော့တစ်ခါ မြှောက်တစ်လှည့် ဖြင့် ထိန်းကျောင်းပြုပြင်ပေးလိုက်သည့်အခါ သိမ်မွေ့နူးညံ့လာပါသည်။ ထောက်ထားငဲ့ညှာ ကိုယ်ချင်းစာတတ်သော၊ ရိုင်းပင်းကူညီတတ်သော၊ ပူးပေါင်းဆောင်ရွက်တတ်သော၊ စေတနာထား တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ် လာပါသည်။ စွဲတည်လာပါသည်။ ထိုအလေ့အကျင့် ကောင်းများ စွဲတည်လာအောင်လည်း သင်ကြား လေ့ကျင့်ပေးနေကြပါသည်။
သားသမီးများအလား
အကြင်ဆရာ ဆရာမအပေါင်းတို့သည် တပည့် များအားလုံးကို ရင်ဝယ်လွယ်ဖွား မွေးခဲ့ရသည့် သားသမီးများအလား မှတ်ယူသည်။ သားရင်းသမီး ရင်းများကဲ့သို့ မြတ်နိုးသည်။ တန်ဖိုးထားသည်။ ကျောသားရင်သား မခွဲခြားဘဲ သာတူညီမျှ စောင့် ရှောက်သည်။ တစ်ပြေးညီ စေတနာထားသည်။ တစ်ပြေးညီအကြင်နာပွားသည်။ တပည့်အပေါင်း တို့ကို အပြစ်မတင်ရက်၊ အပြစ်မမြင်ရက်ပေ။ တပည့်အပေါင်းတို့သည်ကား ပန်းကလေးများနှင့် တူလေသည်။ အကြင်ဆရာ ဆရာမအပေါင်းတို့သည် ပန်းကလေးများအလား တပည့်များအားလုံးကို ပန်းတိုင်းပွင့်စေရမည်။ ပွင့်သည့်ပန်းတိုင်း မွှေးစေ ရမည်”ဟူသော သန္နိဋ္ဌာန်ချမှတ်ထားသူများ ဖြစ်ကြ ၏။ ထို့ကြောင့် ပန်းတိုင်းပွင့်အောင် ပြုစုစောင့် ရှောက်သည်။ ပွင့်သည့်ပန်းတိုင်း မွှေးလန်းနေစေ ရအောင် အားထုတ်ကြိုးစားသည်။ ပန်းတိုင်းပွင့်ပြီး ပွင့်သည့်ပန်းတိုင်း မွှေးလန်းနေပါက ကြည်နူး မြူးရွှင်နေလေတော့၏။ ပီတိပွား၍ အားဖြစ်နေလေ တော့၏။
ဘဝအတွက် သင်ခန်းစာများ
အကြင်နာရပ်ဝန်း၌ ခင်တွယ်နှစ်ခြိုက်ပျော်ပိုက် မွေ့လျော်နေတော့၏။ အကြင်ဆရာ ဆရာမအပေါင်း တို့သည် တပည့်အပေါင်းတို့၏ ဘဝရှေ့ရေးကို မျှော်တွေးသည်။
လောကအလယ်တွင် မျက်နှာမငယ်ရစေအောင် သင်ကြားလေ့ကျင့်ပေးနေသည်။ ကျောင်းသင်ခန်း စာများကို သင်ကြားလေ့ကျင့်ပေးနေစဉ်မှာပင် ကျောင်းသင်ခန်းစာများမှတစ်ဆင့် ဘဝအတွက် သင်ခန်းစာများဖြစ်သည့် “စာရိတ္တသီလ” ကိုရော “ဝါရိတ္တသီလ”ကိုပါ စောင့်ထိန်းနိုင်အောင် သင်ကြား လေ့ကျင့်ပေးနေကြသူများ ဖြစ်ပေသည်။
စာရိတ္တသီလဟူသည်ကား ဘဝတစ်သက်တာ လုံး ဆောင်ငင်စောင့်ထိန်းရမည့် ကိုယ်ကျင့်တရား ဖြစ်သည်။ ဝါရိတ္တသီလဟူသည်ကား ဘဝတစ်သက် တာလုံး ရှောင်ကြဉ်စောင့်ထိန်းရမည့် ကိုယ်ကျင့် တရားဖြစ်ပေသည်။ ထိုသီလနှစ်ပါးစလုံးကိုသွန်သင် ဆုံးမ လမ်းညွှန်ပြပေးလိုက်နိုင်သောကြောင့် တပည့်အပေါင်းတို့သည် ကလေးဘဝမှစတင်၍ ဘဝတစ်သက်တာလုံးအထိ ဆောင်ငင်ရမည်များကို ဆောင်ငင်၍ ရှောင်ကြဉ်ရမည်များကို ရှောင်ကြဉ် နိုင်သည့် အလေ့အထများ စွဲတည်သွားကြရလေ တော့၏။
သားသမီးသုံးမျိုးသုံးစား
မိဘတိုင်းသည် သားသမီးတိုင်းကို အခြေမြင့် ၍ အနေတင့်သည့်ဘဝမျိုးကိုသာ ပိုင်ဆိုင်စေလိုကြ သည်။ သို့လင့်ကစား သားသမီးများ အရွယ်ရောက် လူလားမြောက်ပြီး ဘဝအိုးအိမ်ထူထောင်ကြရာတွင် မိဘတို့ မျှော်လင့်ထားသည့်အတိုင်း အခြေမြင့် မြင့် အနေတင့်တင့် ဘဝမျိုးကို ပိုင်ဆိုင်ရရှိကြသော သားသမီးများရှိသကဲ့သို့ အခြေမကျ အနေမလှ သည့်ဘဝဆိုးကို ပိုင်ဆိုင်ရောက်ရှိနေကြရသော သားသမီးများလည်း ရှိနေသေး၏။ ထို့ကြောင့် လောကတွင် သားသမီးသုံးမျိုးသုံးစား ရှိကြောင်းကို ဖော်ကျူးခဲ့ခြင်းဖြစ်ပေသည်။ ထိုသား သမီးသုံးမျိုး သုံးစားမှာ မိဘထက်သာလွန်သော သားသမီး (အတိဇာတ)၊ မိဘနှင့်တန်းတူဖြစ်သော သားသမီး (အနုဇာတ)၊ မိဘထက်ယုတ်လျော့သော သားသမီး (အဝဇာတ)ဟူ၍ ဖြစ်ပါသည်။ မိဘတိုင်းသည် သားသမီးတိုင်းကို မိဘတို့ထက် သာလွန်သော သားသမီးများ ဖြစ်စေချင်ကြပါသည်။
ဆရာ့ထက် သာလွန်သောတပည့်
ထိုနည်းတူလောကတွင် တပည့်သုံးမျိုး သုံးစား ရှိသည်ဟူ၍လည်း မှတ်ယူသော်ရကောင်းပေသည်။ ထိုတပည့် သုံးမျိုးသုံးစားမှာ ဆရာထက် သာလွန် သောတပည့်၊ ဆရာနှင့်တန်းတူဖြစ်သော တပည့်၊ ဆရာထက် ယုတ်လျော့သော တပည့်ဟူ၍ ဖြစ်ပါ သည်။ မိဘတို့က သားသမီးတို့အား မိဘတို့ထက် သာလွန်သောဘဝကို ပိုင်ဆိုင်ရသည့် သားသမီးများ ဖြစ်စေချင်သကဲ့သို့ အကြင်ဆရာ ဆရာမအပေါင်း တို့ကလည်း မိမိတို့ထက် သာလွန်သော တပည့်မျိုး ဖြစ်စေချင်ကြပါသည်။ ဖြစ်စေချင်လွန်းသောကြောင့် ဆရာစားမချန်ဘဲ သိသမျှ တတ်သမျှ အလုံးစုံကို အိတ်သွန်ဖာမှောက် သင်ကြားလေ့ကျင့်ပေးနေကြ ခြင်း ဖြစ်ပေသည်။ မိဘထက် သားသမီးတို့က သာလွန်နေမှ၊ ဆရာ ဆရာမတို့ထက် တပည့်တို့က သာလွန်နေမှ၊ ဆရာ့ထက် တပည့်လက်စောင်းထက် နေမှသာ အနာဂတ်လူ့အဖွဲ့အစည်းသည် ရှင်သန် ဖွံ့ဖြိုးနေမည်ဖြစ်ပေသည်။
အနာဂတ် လူ့အဖွဲ့အစည်း ရှင်သန်ဖွံ့ဖြိုးရေး အတွက် ယနေ့မျက်မှောက်ကာလတွင် သင်ကြား လေ့ကျင့်ပေးနေကြရသော ဆရာ ဆရာမအပေါင်း တို့ကလည်း ဆရာ ဆရာမတို့ထက် သာလွန်သော တပည့်များအဖြစ် တွေ့လိုမြင်လိုပါသည်။ ကောင်း သတင်းကိုသာ ကြားလိုပါသည်။ ထိုသို့ တွေ့ရမြင်ရ၊ ကြားရလေတိုင်း မုဒိတာပွားကြရပါသည်။ မုဒိတာ နှလုံးသားတွင် ကြည်နူးဝမ်းမြောက်ခြင်းနှင့်အတူ ပီတိများ စီးဆင်းလာပါလေတော့၏။
ဆရာ ဆရာမဟူသည်ကား အကြင်နာရပ်ဝန်း တွင်မွေ့လျော်ပျော်ပိုက်ကာ မုဒိတာပွားနိုင်ကြသူ များ ဖြစ်ပါသည်။ တပည့်အပေါင်းတို့၏ ဘဝ တစ်သက်တာလုံး ကောင်းကျိုးချမ်းသာအတွက် အကြင်နာပေးဝေပြီး မုဒိတာပွားလိုကြသူများ ဖြစ်ကြပါသည်။ ထို့ကြောင့်ပင် အကြင် ဆရာ ဆရာမအပေါင်းတို့ကို “အကြင်နာရပ်ဝန်းမှ မုဒိတာ နှလုံးသားပိုင်ရှင်များ”ဟူ၍ ဂုဏ်ပြုဦးခိုက်အပ်ပါ သတည်း။ ။
- Log in to post comments