အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များကို ပြည်တွင်းစီးပွားရေး အားပေးရန်၊ ပြည်ပ သွင်းကုန် အစားထိုးရန်နှင့် ပြည်ပပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရန် အတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ MSME တွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားဟူ၍ ကဏ္ဍလေးရပ်ရှိသည့်အနက် ကုန်ထုတ်လုပ်မှု ကဏ္ဍကို အဓိကမြှင့်တင်နိုင်ရန် ကြိုးပမ်းနေခြင်းပင်ဖြစ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအရေးပါသည့် MSME များ ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်း သစ်များ ဖန်တီးပေးနိုင်ရန်အတွက် MSME များ ဖွံ့ဖြိုးတိုးတက် ရေး ဥပဒေနှင့် မူဝါဒတို့ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ နည်းဥပဒေကို ၂၀၁၆ ခုနှစ်တွင်လည်းကောင်း ရေးဆွဲပြဋ္ဌာန်း ခဲ့သည်။ မိမိတို့နိုင်ငံတွင် မှတ်ပုံတင်ထားသည့် MSME လုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိသော်လည်း ထုတ်ကုန်အများစု မှာ အရည်အသွေး အားနည်းမှုကြောင့် ဈေးကွက်တွင် ဈေးကောင်းမရ၊ မျက်နှာမလှ ဖြစ်ကြရသည်။ အရည်အသွေး အားနည်းရခြင်း၏ အကြောင်းရင်းခံမှာ စက်ကိရိယာများ ခေတ်မမီခြင်း၊ နည်းပညာနိမ့်ကျခြင်းနှင့် လူသားအရင်းအမြစ် အားနည်းခြင်းတို့ပင်ဖြစ်သည်။
“ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ရာတွင် အစားအစာများ၊ အဖျော်ယမကာများ၊ အထည်အလိပ်နှင့် အထည်ထုတ်လုပ် မှု၊ သားရေထွက်ကုန်ပစ္စည်းများ၊ သစ်အချောထည်ပစ္စည်းများ၊ ဆေးဝါးနှင့်ရုက္ခဗေဒဆိုင်ရာ ပစ္စည်းများ၊ ရော်ဘာနှင့် ပလတ် စတစ်ဆိုင်ရာ ပစ္စည်းများ၊ သတ္တုမဟုတ်သည့် တွင်းထွက် ပစ္စည်းများ၊ အခြေခံသတ္တုပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက် ပစ္စည်းများကို အခြေခံသည့် ပစ္စည်းများကို ထုတ်လုပ်ခြင်းသည် မိမိတို့ နိုင်ငံအတွက် လက်တွေ့ကျကျထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်း များဖြစ်သဖြင့် ပထမဦးစားပေးအနေဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၂) အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ရာ မိမိနိုင်ငံမှ လုံလုံ လောက်လောက် ရရှိနိုင်သည့် ကုန်ကြမ်းများနှင့် နည်းပညာ လိုအပ်ချက်များလည်း ခက်ခက်ခဲခဲ မပါရှိဘဲ ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများဖြစ်သည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးတွင် ပတ်ဝန်းကျင်ကောင်း များ ဖန်တီးပေးခြင်းနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်း ပေးခြင်းတို့အပြင် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ၏ ပြည်တွင်း ဈေးကွက်ကို အကာအကွယ်ပေးနိုင်ရန်လည်း လိုအပ်သည်။ အမျိုးအစားတူ ပြည်ပသွင်းကုန်များအပေါ် အခွန်ပမာဏ တိုးမြှင့်ကောက်ခံခြင်း၊ တရားမဝင် ကုန်သွယ်မှုများကို ထိထိ ရောက်ရောက် တားဆီးနှိမ်နင်းခြင်းနှင့် အဂတိလိုက်စားမှုများ ကင်းစင်အောင် ဆောင်ရွက်ခြင်းတို့ဖြင့်လည်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးရမည်ဖြစ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်း များ ဖွံ့ဖြိုးရေး နိုင်ငံတော်က အဘက်ဘက်မှ အားပေးမြှင့်တင် လျက်ရှိသည့် အခြေအနေ အချိန်အခါကောင်းတွင် လုပ်ငန်းရှင် များအနေဖြင့်လည်း မိမိတို့ လုပ်ကိုင်နေသည့် လုပ်ငန်းများ တိုးတက်အောင်မြင်ရေး အကြံသစ်၊ ဉာဏ်သစ် ခွန်အားသစ် များဖြင့် အားထုတ်ကြိုးပမ်းကြကာ ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်များသို့ အဆင့်အတန်းမြင့်မားစွာ ထိုးဖောက် ဝင်ရောက်နိုင်ကြပါစေကြောင်း။ ။