အကြံသစ်၊ ဉာဏ်သစ်၊ ခွန်အားသစ်များဖြင့် ကုန်ထုတ်လုပ်မှုမြင့်မားအောင် ကြိုးပမ်း

 

ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်ခြင်း များကို အားပေးမှုမရှိခဲ့ခြင်းကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ်ခန့်မှ စတင်ကာ မိမိတို့နိုင်ငံ၏ စီးပွားရေးကျဆင်းမှု စတင်ဖြစ်ပေါ်ခဲ့ သည်။ ပြည်တွင်း၌   လိုအပ်သည့်  ကုန်ပစ္စည်းများကို  ပြည်ပမှ တင်သွင်းမှုများပြားခဲ့ရာ ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ လိုငွေများကို   ပြည်ပချေးငွေများ၊  ထောက်ပံ့ငွေများ၊  အခြားရငွေများဖြင့် ဖြေရှင်းခဲ့ရသည်။

 


ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားအောင်ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ဒေသအလိုက် ထွက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် သယံဇာတကုန်ကြမ်းများကို   အခြေခံကာ   အရည်အသွေး ကောင်းမွန်သည့်    ကုန်ချောအမယ်အမျိုးမျိုး    ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန်၊ ပြည်ပ သွင်းကုန်များကို အစားထိုးနိုင်ရန် နိုင်ငံတော်က တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။   ပြည်တွင်းစီးပွားရေး၏   အဓိက မောင်းနှင်အားမှာ MSME ဟုခေါ်သည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအသီးသီးတွင် ရှိနေကြသည့် MSME လုပ်ငန်းရှင် များအနေဖြင့် မိမိတို့အကျိုး  နိုင်ငံအကျိုးအတွက် အကြံသစ်၊ ဉာဏ်သစ်၊ ခွန်အားသစ်များဖြင့်   ကုန်ထုတ်လုပ်မှုမြင့်မားရေး ကြိုးပမ်းသွားကြရန်လိုသည်။

 


နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအသီးသီးရှိ MSME လုပ်ငန်း ရှင်များနှင့် တွေ့ဆုံ၍  ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  လိုအပ်ချက်များ  ဖြည့်ဆည်းပေးခြင်း၊ အကြံဉာဏ်များပေး၍ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ အောက်တိုဘာလ ၂၂ ရက်နေ့ နေပြည်တော်ကောင်စီနယ်မြေရှိ MSME   လုပ်ငန်းရှင်များနှင့်   တွေ့ဆုံရာတွင်   “နေပြည်တော် ကောင်စီနယ်မြေသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်း  များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အောင်မြင်အောင် ဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် ကြောင်း” ပြောကြားခဲ့သည်။

 


နေပြည်တော်ကောင်စီနယ်မြေသည်  နိုင်ငံ၏အုပ်ချုပ်ရေး မြို့တော်ဖြစ်ပြီး နိုင်ငံ၏အချက်အချာကျသည့်နေရာတွင် တည်ရှိ ကာ    လမ်းပန်းဆက်သွယ်ရေးအပါအဝင်    အဘက်ဘက်မှ ကောင်းမွန်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးတို့အတွက် ရေ၊ မြေ၊ သယံဇာတများနှင့်    ပြည့်စုံသကဲ့သို့   ၎င်းထွက်ကုန်များကို   အခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက်လည်း လိုအပ်ချက်များလည်း  ပြည့်စုံသည်။ ပြည်တွင်းကုန်ထုတ်လုပ် ခြင်းကို မြှင့်တင်ရာတွင် ဒေသအသီးသီးတွင် ရှိနေကြသည့် သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းရှင်များ၏ အားမာန်၊ ဇွဲလုံ့လ၊ ဆန်းသစ်တီထွင် သော စိတ်ကူးအကြံဉာဏ်၊ ခွန်အားများကို အရင်းတည်ကာ  ကောင်းကျိုးစီးပွား   တိုးတက်များပြားနိုင်ကြ ပါစေကြောင်း။         ။