အက်ဖ်အေဖလား တတိယအဆင့်၌ အဲဗာတန်ကို မန်ယူ ဂိုးပြတ်အနိုင်ရ

 

ဇန်နဝါရီ ၇ ရက် နံနက် ၂ နာရီခွဲက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့်  အက်ဖ်အေဖလား  တတိယအဆင့်ပွဲစဉ်မှ မန်ယူနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်တွင် မန်ယူအသင်းက  သုံးဂိုး  - တစ်ဂိုးဖြင့်  အနိုင်ရရှိ ခဲ့သည်။ အဆိုပါပွဲစဉ်တွင် တိုက်စစ်ကစားသမား ရက်ဖို့ဒ် အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် လေးကြိမ်အထိ ပြုလုပ် ထားကာ သွင်းဂိုးတစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်သည်။ 

 


ပြိုင်ဘက် အဲဗာတန်အသင်းက ခြေစွမ်းသာမန်အောက် ရောက် နေပြီး တုံ့ပြန်ကစားပုံကောင်းမွန်မှုရှိခဲ့သော်လည်း နိုင်ပွဲရသည်အထိ လုံလောက်သော   စွမ်းဆောင်ရည်မပြသသည့်အတွက်   ဂိုးပြတ်ရှုံးပွဲနှင့်  ထပ်မံကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။   အဲဗာတန် အသင်းက  ယခုပွဲစဉ်မတိုင်မီ ဘရိုက်တန်အသင်းနှင့် ပွဲစဉ်တွင် ဂိုးပြတ်ရှုံးနိမ့်ထားသောကြောင့် နောက်ဆုံး လေးပွဲတွင်   နိုင်ပွဲပျောက်ဆုံးကာ   သရေတစ်ပွဲနှင့် ရှုံးပွဲသုံးပွဲ  ရှိလာသည့်အတွက်  ဂတ်ဒီဆင်ပတ်ခ်၌ နည်းပြ လမ်းပတ်၏  အနာဂတ်  ဖိအားများစေခဲ့သည်။

 


ဦးဆောင်ဂိုးကို  မန်ယူက  စတင်ရရှိခဲ့ပြီး  အန်တိုနီက  ပွဲချိန်လေးမိနစ်တွင်  သွင်းယူပေးခဲ့သည်။ အဲဗာတန်က ပွဲချိန် ၁၄ မိနစ်တွင် ချေပဂိုးရရှိခဲ့ပြီး ကုတ်ဒီက သွင်းယူပေးခဲ့သည်။ သို့သော်လည်း ကုတ်ဒီ သည် ပွဲချိန် ၅၂ မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့၍ မန်ယူအသင်း ဒုတိယဂိုးရရှိခဲ့သည်။ တတိယဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် ရက်ဖို့ဒ် က ပယ်နယ်တီမှတစ်ဆင့် အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည်။


အောင်ဇော်