အကယ်ဒမီဆုများရှင် ဝါရင့်ဂန္ထဝင်သရုပ်ဆောင်မင်းသားကြီး ဦးညွန့်ဝင်းကွယ်လွန်

 

ရန်ကုန်   ဇူလိုင်    ၁


မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွှေစင်ရုပ်တု ခုနစ်ခုပိုင်ရှင်   ဝါရင့်ရုပ်ရှင် သရုပ်ဆောင် မင်းသားကြီး ဦးညွန့်ဝင်းသည် ယနေ့နံနက် ၉နာရီခွဲတွင် ကွယ်လွန်အနိစ္စ ရောက်သွားကြောင်း သိရှိရပါသည်။ ဦးညွန့်ဝင်းသည် မြန်မာ့ရုပ်ရှင်လောကသို့ အသက် ၂၃ နှစ် အရွယ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်ပါသည်။ ဦးညွန့်ဝင်းသည် ရုပ်ရှင်လောကအတွက် အသက်ထက်ဆုံး တတ်စွမ်းသမျှမြှင့်တင်လိုသည့် စေတနာအပြည့်ဖြင့် အကျိုးဆောင်ပေးခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။


မြန်မာနိုင်ငံ   ရုပ်ရှင်အစည်းအရုံး   နာယက၊ ဒါရိုက်တာ၊ သရုပ်ဆောင် စသည်ဖြင့် အနုပညာ လောကအတွင်း  နှစ်ပေါင်း  ၆၀  နီးပါး  ဖြတ်သန်း ခဲ့သူလည်း     ဖြစ်ပါသည်။     မြန်မာ့ရုပ်ရှင်နှစ်တစ်ရာ  ပြည့်မြောက်ချိန်     ပြီးခဲ့သည့်နှစ်အထိ  စိတ်အား တက်ကြွစွာ  ပူးပေါင်းပါဝင်ခဲ့သည်ကို  မြင်တွေ့ခဲ့ရ သည်။ ဦးညွန့်ဝင်းသည် အနုပညာမျိုးရိုးမှ ဆင်းသက် လာသူဖြစ်ပြီး ဖခင်ဖြစ်သူ အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်၏   အနုပညာအမွေကို   အပြည့်အဝ ဆက်ခံရရှိခဲ့သူလည်း ဖြစ်ပါသည်။


၁၉၄၀ ပြည့်နှစ် မတ်လ ၁၉ ရက်တွင် ဦးညွန့်ဝင်း ကို သထုံမြို့နယ်၊  ဇွဲကလာကျေးရွာတွင်  မွေးဖွားခဲ့ ခြင်း ဖြစ်ပါသည်။ ငယ်စဉ်ကတည်းက ဇာတ်အဖွဲ့ကြီး နှင့်အတူ ဝိုင်အမ်ဘီ ဆရာတင်ထံတွင် စာသင်ကြား ခဲ့ပြီး မန္တလေးနေရှင်နယ်ကျောင်းနှင့်  စိန့်ဖရန့်စစ် (တာမွေ)  တို့တွင် ပညာသင်ယူခဲ့သည်။  အသက်  ၁၁ နှစ်အရွယ်မှ  အသက် ၂၀ အရွယ်အထိ အိန္ဒိယ နိုင်ငံ  စိန့်ဂျိုးဇက် ဒါဂျီလင်တက္ကသိုလ်တွင်  တက် ရောက်   ပညာသင်ယူခဲ့သူဖြစ်ပြီး    အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ချ်တက္ကသိုလ်နှင့်        အမေရိကန်ပြည် ထောင်စုရှိ အော်ရီကန် စတိတ်ချ်တက္ကသိုလ်တွေမှာ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာပညာများနှင့် ဇာတ်ခုံ အလင်းအမှောင်ဆိုင်ရာ နည်းပညာနှင့်  ဆက်တင် ပိုင်းဆိုင်ရာ      အတတ်ပညာ     ဒီပလိုမာတွေကို တက်ရောက်သင်ကြားခဲ့သူလည်း ဖြစ်ပါသည်။

၁၉၆၃ ခုနှစ်တွင် မြဇော်ဖလင်မှ ရိုက်ကူးခဲ့သည့် သတို့သမီးအလိုရှိသည့်   ဇာတ်ကားဖြင့်   ရုပ်ရှင် လောကအတွင်း စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး  ယင်း ဇာတ်ကားတွင် သရုပ်ဆောင် ကြည်စိုး၊ အောင်တင်၊ ခင်သန်းနု၊ အေးအေးသင်း၊ ဘေဘီနွဲ့၊ ကြယ်နီတို့နှင့် အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ဒေစီကျော်ဝင်းနှင့် တွဲဖက်၍ အသွင်မတူသည့် စရိုက် နှစ်မျိုး  (နှစ်ကိုယ်ခွဲ)  သရုပ်ဆောင်ခဲ့သည့် ဗန်တို လူလေးနဲ့ သူဇာ ဇာတ်ကား၊ ၁၉၇၁ ခုနှစ်တွင် ချစ်သူ ဝိုင်းဝိုင်းလည်ဇာတ်ကား၊ ၁၉၈၃ ခုနှစ်တွင် တတိယ အရွယ်၏ ဒုတိယဝေဒနာဇာတ်ကား၊ ၁၉၉၃ခုနှစ်တွင်   သီတာခုနစ်တန် (ဆေးရောင်စုံ) ဇာတ်ကား၊ ၁၉၉၇ ခုနှစ်တွင် သူ့ကျွန်မခံပြီ ဇာတ်ကား၊ ၂၀၀၂ ခုနှစ်တွင် ဆန်ရေ ဇာတ်ကား၊ ၂၀၀၄ ခုနှစ်တွင်  လျှို့ဝှက်သော နှင်း    ဇာတ်ကားတို့ဖြင့်   မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ရွှေစင်ရုပ်တုများကို     ထိုက်ထိုက်တန်တန် ဖြင့် ပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါသည်။


ခုနစ်ထပ်ကွမ်း  အကယ်ဒမီရွှေစင်ရုပ်တုပိုင်ရှင်    ဦးညွန့်ဝင်းသည် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ခန့် ရိုက်ကူးခဲ့ပြီး မြန်မာနိုင်ငံ  ရုပ်ရှင်အစည်းအရုံးတွင် လည်း  ဥက္ကဋ္ဌတာဝန်ကို   ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်အပြင်   ဖခင်ကြီး   အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ကွယ်လွန်ပြီးနောက်ပိုင်း ညီငယ် များနှင့်အတူ သစ္စာမေတ္တာရွှေမန်းသဘင်  အပါအဝင် မြန်မာ့ဇာတ်သဘင် လောကကြီးတစ်ခုလုံး တိုးတက် မြင့်မားရေးအတွက် ကြိုးစားလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါသည်။   တိမ်မြုပ်လျက်ရှိခဲ့သည့်      ရုပ်ရှင်ပြ ဇာတ်တစ်ခေတ်   ဆန်းစေရေးအတွက် ဘဘ ဆရာ စည်သူဗိုလ်ကလေးတင့်အောင်၏ အမေ့ချွေးမ လှလှ လေး ပြဇာတ်ကို ကိုယ်တိုင်ဦးဆောင်၍ ကပြခဲ့ရာ ထိုစဉ်က   နေ့စဉ်ပင်  ဇာတ်ရုံအတွင်း   ရုံပြည့်ရုံလျှံ ပြည်သူများ    သောင်းသောင်းဖြဖြ   အားပေးခဲ့ကြ ပါသည်။


၂၀၀၃  ခုနှစ်တွင်    မြန်မာနိုင်ငံ    ခရစ်ကတ် အားကစားအဖွဲ့ချုပ်ကို    ဦးဆောင်တာဝန်ယူခဲ့သူ လည်းဖြစ်ပြီး  မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျရာနေရာမှ တာဝန်ထမ်းဆောင် ခဲ့သူလည်း ဖြစ်ပါသည်။ ခုနစ်ထပ်ကွမ်းအကယ်ဒမီ ဆုရှင် ဂန္ထဝင်ဝါရင့်အနုပညာရှင်ကြီး ဦးညွန့်ဝင်းမှာ ယနေ့နံနက်တွင်   ကွယ်လွန်သွားခဲ့ပြီး   ကွယ်လွန် ချိန်တွင် အသက်  ၈၂ နှစ်ရှိပြီဖြစ်ပါသည်။ အကယ်ဒမီ များရှင်    ဦးညွန့်ဝင်း     ကွယ်လွန်သွားခြင်းအတွက် ရုပ်ရှင်လောကသားများက ဝမ်းနည်းနှမြောတသမိ ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်ကို လည်း မြင်တွေ့ရသည်။ ပရိသတ်များအတွက် ဝါရင့် အနုပညာရှင်ကြီးတစ်ဦး         ဆုံးရှုံးလိုက်ရသကဲ့သို့    အနုပညာရပ်ဝန်းအတွက်လည်း      ကြယ်တစ်ပွင့် ကြွေလွင့်သွားခဲ့ရခြင်းပင် ဖြစ်ပါသည်။   

ခင်ရတနာ