အလေးအနက်ထား စစ်ဆေးကြပ်မတ်သွားရမည့် တရားမဝင် လူဝင်လူထွက်ပြဿနာ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီလူမျိုးများအား မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင် သယ်ယူပို့ဆောင်ပေးသူများကို    ဖော်ထုတ်ဖမ်းဆီးခဲ့သည့် သတင်းက  မိမိတို့နိုင်ငံအတွင်း တရားမဝင် လူဝင်လူထွက် ပြဿနာများကို လုံခြုံရေးအမြင်၊ နိုင်ငံရေးအမြင်များဖြင့် ပိုမို ၍ အလေးအနက်ထား စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်နေကြောင်း ပြသလျက်ရှိသည်။ အထူးသဖြင့် နိုင်ငံ၏ အနောက်တံခါးဟုဆိုသည့်   နယ်စပ်ဒေသသည်   လူဝင်မှု ပြဿနာ    အကြီးမားဆုံးနေရာဖြစ်နေပြီး   ယင်းမှစသည့် ပြဿနာကြောင့် နိုင်ငံနှင့်ချီ၍ ရှင်းလင်းနေရဆဲလည်းဖြစ်သည်။

 


တစ်ဖက်နိုင်ငံမှ       လူများအား      ငွေကြေးရယူကာ တရားမဝင်     သယ်ယူပို့ဆောင်ပေးကြသူများသည်    ရေလမ်း ခရီး၊  တောလမ်းခရီး၊   ကုန်းလမ်းခရီးတို့မှတစ်ဆင့်   ရခိုင် ပြည်နယ်၊  ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး တို့ကို    ဖြတ်သန်းသယ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး   လမ်းခရီးရှိ ကျေးရွာအချို့တို့တွင် နားခိုနေထိုင်ခဲ့ကြသည်ကို သတင်း၌ တွေ့ရှိရသည်။   ၎င်းတို့အနေဖြင့်  မလေးရှားသို့မရောက်မီ မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံဒေသအချို့တို့ကိုပါ ဆက်လက် ဖြတ်သန်းကြရဦးမည်ဟု ယူဆရသည်။ တရားမဝင်သယ်ယူပို့ဆောင်ပေးသည့်အဖွဲ့မှာ  အခကြေးငွေယူ၍  သယ်ဆောင် ပေးမှု  ငါးကြိမ်ရှိပြီဖြစ်သည်ဟု အဆိုရှိပြီး ၎င်းတို့သယ်ဆောင် သည့်  လမ်းကြောင်းတွင်  စစ်ဆေးရေးဂိတ်အချို့ ရှိနေသည်။    ယခုဖြစ်စဉ်တွင်  တရားမဝင်လူသယ်သူများက ဆီဘောက်ဆာ ယာဉ်တစ်စီးကို    လူသယ်ယာဉ်အဖြစ်   အသုံးပြုခဲ့ကြရာ   ဆီဘောက်ဆာယာဉ်ဖြင့် လက်နက်သယ်ယူမှု၊  မူးယစ်ဆေးဝါး သယ်ယူမှု၊ တရားမဝင် သစ်မှောင်ခိုမှုများ ပြုခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်တို့လည်း   ရှိခဲ့သည့်အလျောက်  စနစ်တကျ ထိထိရောက်ရောက် စစ်ဆေးမှုပြုရန် လိုအပ်မည်ဖြစ်သည်။

 


လူမှောင်ခို/လူကုန်ကူးသူများ      အသုံးပြုလေ့ရှိသည့် လမ်းကြောင်းများပေါ်ရှိ     မြို့ရွာရပ်ကွက်များတွင်   လူအဝင် အထွက်များကို  ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်းများက တင်းတင်းကျပ်ကျပ် ဆောင်ရွက် သွားရမည်ဖြစ်ပြီး   ဒေသခံပြည်သူများကိုလည်း   သတင်းပေး ရန် စည်းရုံးနှိုးဆော်ခြင်း၊ လူမှောင်ခိုကုန်ကူးမှုများနှင့် စပ်လျဉ်း ၍    အသိပညာပေးခြင်းတို့ကိုလည်း   ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် တိုက်တွန်းလိုသည်။ မိမိတို့၏ အိမ်နီးချင်း နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ မလေးရှား စသည့်နိုင်ငံတို့တွင်   နိုင်ငံခြားသားများ၏  ဝင်ထွက်သွားလာ နေထိုင်မှုများကို လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့ စသည်တို့က အချိန်ပြည့်     စစ်ဆေးကြပ်မတ်လျက်ရှိရာ     လူမှောင်ခို သယ်ဆောင်ရာလမ်းကြောင်းဖြစ်လာနေသည့် မိမိတို့နိုင်ငံတွင် လည်း ထိုနည်းလည်းကောင်း ဖြစ်ရမည်သာဖြစ်သည်။

 


ယခုဖြစ်စဉ်သည် ပြည်တွင်းမှ လူကုန်ကူးမှု/လူမှောင်ခိုမှု မျိုးမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ များဖြစ်ပြီး နယ်စပ်ဖြတ်ကျော်သည့်အရေးနှင့် ရှုပ်ထွေးသည့် ပြဿနာမျိုးဖြစ်သည်။    အလားတူဖြစ်စဉ်များ   နောက်ထပ် မဖြစ်ပွားစေရန်အတွက် တာဝန်ရှိသည့်အပိုင်းမှ အလေးအနက် ထား ဆောင်ရွက်ကြရေးနှင့် နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း ပြည်ပမှ တရားမဝင် ဝင်ရောက် လာသူများအား ဖော်ထုတ်ထိန်းသိမ်းရာတွင် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရပါမည်ဖြစ်ကြောင်း။       ။