
မင်းပြည့်စုံ
မကြာမီက ကျင်းပပြီးစီးခဲ့သည့် (၁၀၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၌ မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းတစ်စောင်ကို ဇွန်လ ၁၉ ရက်နေ့က အတည်ပြုခဲ့သည်ကို သိရှိရ ပါသည်။
ထိုစာတမ်းမှာ Resolution for a return to democracy and respect for fundamental rights in Myanmar ဖြစ်ပြီး မြန်မာနိုင်ငံမျက်ကွယ်၌ လိုရာရေးဆွဲထားသည့် မမှန်ကန်သည့် အချက် အလက်များကို ရယူသုံးစွဲအတည်ပြုခဲ့သည်ကို မြင်တွေ့ရပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါမူကြမ်းချမှတ်ခဲ့ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချမှုကို ဇွန် ၂၂ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါမူကြမ်းသည် လက်ရှိ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေမှန်ကို မထင်ဟပ်သည့် မူကြမ်း တစ်စောင်သာဖြစ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင် သည့် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နိုင်ရေးအတွက် အလုပ်သမားညီလာခံကို အသုံးချလိုက်ခြင်းသာဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နှစ်စဉ်ကျင်းပခဲ့သည့် ILO ၏ အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာညီလာခံများကို မပျက် မကွက် တက်ရောက်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်အထိ ဖြစ်ပါသည်။
ထိုသို့ နှစ်စဉ်တက်ရောက်ခွင့်ရရှိရန်နှင့် မြန်မာ အလုပ်သမားများအရေးကိစ္စများအတွက် သက်ဆိုင် ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကမကထပြု၍ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ် များကို သတ်မှတ်ချိန်အတွင်း ရွေးချယ်ပေးနိုင်ရန် အတွက် လွတ်လပ်စွာရွေးချယ်အဆိုပြု ပါဝင်ခွင့်ရဖို့ သက်ဆိုင်ရာအလုပ်သမား၊ အလုပ်ရှင်အဖွဲ့အစည်း များနှင့်ပေါင်းစပ်ကာ နှစ်စဉ်ကြိုးစားပေးခဲ့သည် ကိုလည်း အလုပ်သမားအဖွဲ့အစည်းတိုင်း သိရှိထား ပြီး ဖြစ်ပါသည်။
ယခုနှစ်တွင်မူ မြန်မာနိုင်ငံအစိုးရကိုယ်စားလှယ် များမပါဝင်သည့် (၁၀၉) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာညီလာခံတွင် မြန်မာ နိုင်ငံနှင့် သက်ဆိုင်သည့် အဆိုမူကြမ်းကို တစ်ဖက် သတ်ရေးဆွဲချမှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မူကြမ်း တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများနှင့် အကြမ်း ဖက်ဆူပူသူများကို ရောနှော၍ သုံးနှုန်းထားသည် ကိုလည်း မြင်တွေ့ရသည်။
နိုင်ငံတော်အနေဖြင့် ဖြစ်စဉ်အစမှအဆုံး တိကျ သည့် ကိန်းဂဏန်းများ၊ ဖြစ်စဉ်တစ်ခုချင်းအတွက် ရှင်းလင်းဖြေကြားချက်များ များစွာပြုလုပ်ခဲ့သော် လည်း ယင်းအချက်အလက်များကိုမူ လျစ်လျူရှု၍ ထည့်သွင်းဖော်ပြထားခြင်းမရှိခဲ့ပါ။ ထို့အတူ နိုင်ငံ့ ဝန်ထမ်းများနှင့် ငြိမ်းချမ်းစွာနေထိုင်လိုကြသည့် ပြည်သူများ ခြိမ်းခြောက်ခံနေရခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခံနေရခြင်းနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက် ရန် နှောင့်ယှက်ဟန့်တားနေခြင်းတို့အပေါ်တွင်မူ အဆိုပါမူကြမ်းက မသိကျိုးကျွံပြုထားသည်ကို မြင်တွေ့ရပါသည်။
အိုင်လ်အယ်အို၏စည်းမျဉ်းများအရ အပြည်ပြည် ဆိုင်ရာ အလုပ်သမားညီလာခံသည် သက်ဆိုင်ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ တက်ရောက်ကြရပြီး နိုင်ငံ တစ်နိုင်ငံ၏ အလုပ်သမားရေးရာကိစ္စရပ်များအပေါ် နှီးနှောတိုင်ပင်ခြင်း၊ အကြံဉာဏ်များမျှဝေခြင်း နှင့် ဘုံသဘောတူညီချက်များ ပြဋ္ဌာန်းခြင်းတို့ကို ပြုလုပ်ကြသည့် ညီလာခံတစ်ခုလည်းဖြစ်ပါသည်။ သို့သော် ယခုကျင်းပခဲ့သည့် (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ တွင်မူ မိမိတို့မြန်မာနိုင်ငံမှ သုံးပွင့်ဆိုင်ကိုယ်စားလှယ် များ အားလုံးမပါဝင်ဘဲ နိုင်ငံတော်အစိုးရကိုယ်စား လှယ်များ တက်ရောက်ခွင့်မရရန် မဟုတ်မမှန် သည့် သတင်းများကို အသုံးပြု၍ နည်းမျိုးစုံသုံး၍ ဟန့်တားခဲ့ကြသည်ကိုလည်း စိတ်မသက်သာဖွယ် မြင်တွေ့ရပါသည်။
ပြီးခဲ့သည့်လအနည်းငယ်အတွင်း အလုပ်ရုံ၊ စက်ရုံ များအား မီးရှို့ဖျက်ဆီးခြင်း၊ အလုပ်သမားများ လုပ်ငန်းခွင်မဝင်ရောက်နိုင်ရန် နှောင့်ယှက်ဟန့်တား ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတော် မှ စနစ်တကျကိုင်တွယ်ဖြေရှင်းခဲ့သည်မှာ မိမိတို့ ပြည်သူများအားလုံးအသိပင် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံအရေးနှင့်သက်ဆိုင်သည့် အဆိုပါ အဆိုပြုမူကြမ်းတွင်မူ ယင်းသို့သော အကြမ်းဖက် ကိစ္စရပ်များကို ထည့်သွင်းပါဝင်ခြင်းမပြုခြင်းသည် မမျှတသည့် အဆိုမူကြမ်းပင်ဖြစ်ပါသည်။ မိမိတို့ ပြည်သူအများစုသည် နိုင်ငံရေးအမြင်ကွဲပြားမှုများ မည်မျှပင်ရှိပါစေ တိုင်းပြည်အေးချမ်းတည်ငြိမ်မှုကို လိုလားကြသူများ ဖြစ်ပါသည်။ မိမိတို့နိုင်ငံ အရေး ကိစ္စကို ဘက်ပေါင်းစုံထောင့်ပေါင်းစုံမှ စေ့ငုခြင်း မရှိဘဲ တစ်ဖက်သတ်စွပ်စွဲပြောဆိုခြင်းနှင့် မိမိတို့ နိုင်ငံ၏ အလုပ်သမားအရေးကိစ္စများကို သုံးသပ်ရာ တွင်လည်း သုံးပွင့်ဆိုင်ပါဝင်ခွင့်မပေးဘဲ တစ်ဖက် သတ်သဘောထားသာဖြစ်သည်ဟု ယူဆရပါလိမ့် မည်။
မိမိတို့နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ကြောင့် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများ စိတ်မအေးကြရဘဲ အပြစ်မဲ့ပြည်သူနှင့် ဝန်ထမ်း ၁၇၀ ကျော်ခန့် အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံတည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင် ၈၀ ကျော် အသက်ဆုံးရှုံးခဲ့သည်ကိုလည်း မြင်တွေ့ရမည် ဖြစ်ပါ သည်။
မတရားစွပ်စွဲပြစ်တင်၍ မိမိတို့နိုင်ငံအရေးကို ဝင်ရောက်စွက်ဖက်ရန် အသုံးချခံရသည့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကြီးကို မြင်ရ သည့်အတွက် စိတ်မသက်မသာဖြစ်ရပြီး မိမိတို့ နိုင်ငံအတွက်၊ မိမိတို့အလုပ်သမားများအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ မှန်ကန်မျှတသည့် အတွေးအခေါ်နှင့် လုပ်ရပ်များကိုသာ မျှော်လင့် လျက်ရှိပါကြောင်း အလုပ်သမားတစ်ဦး၊ ပြည်သူ တစ်ဦးအနေဖြင့် တင်ပြလိုက်ရပါသည်။
- Log in to post comments