
ကျော်ကျော်လှိုင်
အများအကျိုးကိုဆောင်ရွက်ခြင်းဆိုသည်မှာ ပရဟိတလုပ်ငန်းလုပ်ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း အများအကျိုးကို ဆောင်ရွက်ရန် ဖွဲ့ထားသည့် အသင်း အဖွဲ့များစွာရှိပါသည်။ အထင်ရှား ဆုံးမှာ ဆရာကြီးဦးသုခ၏ လမ်းညွှန်မှုဖြင့် ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း ဖြစ်ပါသည်။ ဤအသင်း ကြီးကို အားကျအတုယူပြီး မြို့ရွာတိုင်း လိုလိုတွင် နာရေးကူညီမှု အသင်းများ ဖွဲ့စည်း၍ ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဝမ်းသာကြည်နူးဖွယ်ရာ တွေ့နေရ ပါသည်။ တချို့လူငယ်များကလည်း ရှင်ရေးကူညီမှုအသင်း ဖွဲ့စည်းပြီး ဆင်းရဲနွမ်းပါးသည့်သူများ၊ ငွေကြေးမတတ်နိုင်သည့်သူများကို ဆေးရုံဆေးခန်းများသို့ အချိန်မီ ရောက်ရန်၊ ကုသနိုင်ရန် လူနာတင်ယာဉ်များနှင့် ကူညီနေသည်များလည်း တွေ့နေရပါသည်။
လူငယ်အများစုသည် နာရေးကူညီမှု အသင်းတွင် လုပ်အားပေးခြင်း၊ သူငယ် ချင်းများစု၍ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီခြင်း၊ သူငယ်ချင်းများစု၍ ပရဟိတလုပ်ရန် အသင်းအဖွဲ့ ထောင်ခြင်းများ ဆောင်ရွက် နေကြသည်ကိုလည်း တွေ့မြင်နေရပါ သည်။ ကောင်းသည့် စိတ်ဓာတ်ဖြစ်ပါ သည်။ သို့သော် နာမည်ကြီးရန်၊ ထင်ပေါ် ကျော်စောရန်၊ ဖေ့စ်ဘွတ်တင်ရန် အတွက်လုပ်လျှင် စေတနာမပါသည့် အတွက် အကျိုးကျေးဇူးနည်းပါမည်။ အထက်ပါ အလုပ်များကို မလုပ်သော် လည်း လူငယ်တစ်ယောက်သည် အောင်မြင်အောင် နည်းမှန်လမ်းမှန် ကြိုးစားနေလျှင် အများအကျိုးကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။ အဘယ် ကြောင့်ဆိုသော် အောင်မြင်လာသည့်အခါ အများအကျိုးကို ထိထိရောက်ရောက် ပိုမိုဆောင်ရွက်နိုင်၍ ဖြစ်ပါသည်။
ဥပမာပြောရလျှင် ဂူဂယ်ကို တည်ထောင်ခဲ့သည် လယ်ရီနှင့်ဆာဂျီ၊ ဖေ့စ်ဘွတ်ကို တည်ထောင်ခဲ့သည့် မတ်ဇူကာဘတ်တို့၏ ငယ်စဉ် ကျောင်းသားဘဝကို ပြန်ကြည့်လျှင် စာ ကိုသာ အထူးချွန်ဆုံးဖြစ်အောင် ကြိုးစား ခဲ့သည်ကို တွေ့ရပါမည်။ လယ်ရီနှင့် ဆာဂျီသည် အသက် ၂၈ နှစ်အရွယ်တွင် သန်းကြွယ်သူဌေးဖြစ်ခဲ့ပြီး မတ်ဇူကာ ဘတ်သည် အသက် ၂၇ နှစ်အရွယ်တွင် သန်းကြွယ်သူဌေး ဖြစ်ခဲ့ပါသည်။ သန်းကြွယ်သူဌေး ဖြစ်လာသည့်အခါ အများအကျိုးအတွက် ဒေါ်လာသန်း ပေါင်းများစွာ လှူခဲ့ပါသည်။ လှူနေဆဲ လည်း ဖြစ်ပါသည်။
လူငယ်များအနေဖြင့် စာကိုကြိုးစား နေချိန်တွင် ပရဟိတလုပ်လိုလျှင် ကြက်ခြေနီအဖွဲ့၊ ကင်းထောက်အဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ စသည်တို့ကို ဝင်စေ ချင်ပါသည်။ ဤအဖွဲ့များကို ဝင်ရန်အချိန် မရှိလျှင် မိမိလုပ်အားနှင့်လည်း တစ်နိုင် တစ်ပိုင် ပရဟိတလုပ်ငန်းများ လုပ်နိုင်ပါ သည်။ ဥပမာအားဖြင့် လမ်းပြင်နိုင်ပါ သည်။ အမှိုက်ကောက်နိုင်ပါသည်။ ဗွက် အိုင်များကို မြေဖို့ နိုင်ပါသည်။ ရေအိုးစင် တည်နိုင်ပါသည်။ ရေဘေးကျရောက် သည့် အချိန်များတွင် လူငယ်များ တူညီ ဝတ်စုံဝတ်ကာ လမ်းပေါ်ထွက်၍ အလှူခံ ပြီး ပရဟိတလုပ်ခြင်းကို အားမပေးလိုပါ။
မဃလုလင်
လမ်းခင်း၊ လမ်းဖောက်၊ လမ်းပြင် စသည့်အများအကျိုးကို ဆောင်ရွက်ခဲ့၍ အကျိုးကျေးဇူးများခဲ့သော မဃလုလင် အဖွဲ့အကြောင်း တင်ပြလိုပါသည်။ ရှေးအခါက မဂဓတိုင်း၊ မစလရွာတွင် မဃ အမည်ရှိသော လုလင်သည် စေတနာဖြင့် အများအကျိုးအတွက် လမ်းပြုပြင်ခြင်း၊ မြေဖို့ခြင်းစသည့် အလုပ်များကို လုပ်ကိုင်ပါသည်။ မဃ လုလင်၏ ဆောင်ရွက်ချက်များကို နှစ်သက်သဖြင့် သုံးကျိပ်သုံးယောက် သော လုလင်များလည်း ပူးပေါင်းပါဝင် လာပါသည်။ စိတ်ယုတ်ရှိသူ ရွာစားက ဓားပြတိုက်ရန် အကြံပေးပါသည်။ မဃ လုလင်အဖွဲ့က ငြင်းဆိုသည့်အခါ ရွာစား က ဘုရင်ကို အကောက်ဆင်၍ ကုန်းချော ပါသည်။ ဘုရင်က အထင်မှားကာ အမျက်တော်ရှ၍ လုလင်အဖွဲ့ကို ဖမ်းဆီး ပြီး ဆင်ဖြင့်နင်းသတ်စေပါသည်။ ဆင်က နင်းသတ်ရန်ကြံတိုင်း အများအကျိုး ဆောင်သည့် သူတော်ကောင်းများဖြစ်၍ ဆင်သည် မနင်းဝံ့ဘဲ ဦးစိုက်၍သာ သွား ပါသည်။ ထူးခြားသည့် သတင်းကိုကြား သည့်အခါ ဘုရင်ကြီးက မဃလုလင်အဖွဲ့ ကို ခေါ်ယူမေးမြန်းပါသည်။ မဃလုလင် နှင့် သုံးကျိပ်သုံးယောက်သော လုလင်တို့ ၏ စေတနာနှင့် ပရဟိတလုပ်ငန်းများကို ဘုရင်ကြီးကြားသိရသည့်အခါ ဘုရင်ကြီး က အမှားကိုဝန်ခံပြီး ဆုတော် လာဘ် တော်များနှင့်အတူ ဆင်ကိုပါ ချီးမြှင့်ပါ သည်။
ပရဟိတ
ကိုယ်ထိလက်ရောက် အများအကျိုး ဆောင်ရွက်နိုင်သလို စိတ်ဓာတ်ဖြင့်လည်း လူငယ်များ ပရဟိတလုပ်၍ ရပါသည်။ ပရဟိတဆိုသည်မှာ အများကောင်းကျိုး ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ စည်းကမ်း ကို လိုက်နာခြင်းသည် ပရဟိတလုပ်ခြင်း ဖြစ်ပါသည်။ ဥပမာ တန်းစီနေသည့်နေရာ တွင် စည်းကမ်းဖောက်ပြီး ရှေ့မှဝင်လျှင် တစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ် ရပါသည်။ ထိုနည်းတူ လမ်းပေါ်မှာ အမှိုက်ပစ်လျှင် အများကို ထိခိုက်ပါ သည်။ စည်းကမ်း ဖောက်သည်နှင့် တစ်ဖက်သားကို အနှောင့်အယှက် ဖြစ်စေပါသည်။ စည်းကမ်းစောင့်ထိန်း သူသည် တစ်ဖက်သားကို စိတ်အနှောင့် အယှက် မလုပ်သူဖြစ်၍ အများကောင်း ကျိုးကို လုပ်သူအဖြစ် သတ်မှတ်ရပါမည်။ ကိုယ်ကျင့်တရား ကောင်းအောင် ပြုမူနေ ထိုင်ခြင်းသည်လည်း ပရဟိတလုပ်ခြင်း ဖြစ်ပါသည်။ ကိုယ်ကျင့်တရားကောင်းသူ သည် တစ်ဖက်သားထိခိုက်နစ်နာစေ မည့် မုသားပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ချောက်တွန်းခြင်း... စသည်တို့ကို ရှောင်ပါ သည်။ ကိုယ်ကျင့်တရားကောင်းသူသည် အများအကျိုးကို ထိခိုက်အောင်မလုပ်သူ ဖြစ်၍ ပရဟိတလုပ်သူဟု ဆိုရပါမည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းသည်လည်း အများ အကျိုးဆောင်ရွက်ခြင်း ဖြစ်ပါသည်။ စက်ရုံများမှထွက်သော ရေဆိုးများကို မြစ်ချောင်း အင်းအိုင်များအတွင်း စွန့်ပစ် သည့်အခါ ငါးများ၊ ရေသတ္တဝါများ သေကြေပျက်စီးရပါသည်။ အဆိပ်သင့် ရေကို သုံးမိသူများကိုလည်း အန္တရာယ် ဖြစ်စေပါသည်။ သစ်တောများကို အလွန် အကျွံခုတ်သည့်အတွက် မိုးကြီးသည့် အခါ မြစ်ချောင်းများ ရေလျှံ၍ လူအများ ဒုက္ခရောက် ရပါသည်။ ရာသီဥတုများ ဖောက်ပြန်ပါသည်။ အားကြီးသည့် မုန်တိုင်းများ ဖြစ်ပေါ်၍ လူအများ၏ အသက်၊ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံး ရပါသည်။ ပရဟိတလုပ်သူသည် သဘာဝပတ်ဝန်းကျင် ပျက်စီးအောင် ပြုလုပ်ခြင်းကို ရှောင်ရပါမည်။
အဆိုအမိန့်များ
အများအကျိုးကို ဆောင်ရွက်သူ သည် တန်ဖိုးရှိသည့်လူ ဖြစ်ပါသည်။ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးအိုင်စတိုင်း က “ချမ်းသာအောင်မြင်သူ ဖြစ်ဖို့ထက် တန်ဖိုးရှိသူဖြစ်အောင် ကြိုးစားပါ” ဟု ဆိုပါသည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ သည် ပရဟိတလုပ်ငန်းများကို တန်ဖိုး ထားသည်ကို သိနိုင်ပါသည်။ စာရေးဆရာ ကြီး အဲလ်ဘတ်ပိုက်ကလည်း “မိမိ အတွက်လုပ်သည့် လုပ်ဆောင်ချက်တွေ က မိမိသေသည့်အခါ အတူလိုက်သေမှာ ဖြစ်ပြီး၊ အများအတွက် လုပ်ဆောင်ချက် တွေကတော့ ဘယ်တော့မှ မသေဘဲ အစဉ်ရှင်သန်နေပါမည်” ဟု ဆိုပါသည်။ အမေရိကန်သမ္မတကြီး ဂျွန်အက်ဖ်ကနေ ဒီက “လှူတယ်၊ ပေးကမ်းတယ်၊ အများ အကျိုးဆောင်ရွက်တယ်၊ ပရဟိတလုပ် တယ်... ဘယ်လိုခေါ်ခေါ်၊ လူသားအကျိုး ကို ဆောင်ရွက်မှ လူသားဖြစ်သည်” ဟု ဆိုပါသည်။ ဤအဆိုအရ လူဖြစ်လာလျှင် လူသားကောင်းကျိုးကို ဆောင်ရွက်မှ သာ လူပီသပါမည်။ ဒုတိယကမ္ဘာစစ်ကို နိုင်အောင်တိုက်ခဲ့သည့် အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ် ဝင်စတန်ချာချီက “ကျွန်တော်တို့ ရှာဖွေလို့ရသည့် ငွေကြေး ဥစ္စာနှင့် အသက်ရှင်ရပါတယ်။ ဒါပေမယ့် ဘဝကိုတော့ ကျွန်တော်တို့ စွန့်လွှတ် ပေးကမ်းတာနှင့် တည်ဆောက်ရပါ တယ်” ဟု ဆိုပါသည်။ ဝင်စတန်ချာချီ၏ အဆိုအရ အများအတွက် စွန့်လွှတ် ပေးကမ်းသူများသာ ဘဝမှတ်တိုင်ကို စိုက်နိုင်ပါမည်။ နာမည်ကျော် အိန္ဒိယ ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုးက လည်း “စွန့်လွှတ်ပေးကမ်းမှု မလုပ်သည့် ပစ္စည်းမှန်သမျှ ဘာတန်ဖိုးမှ မရှိပါ” ဟု ဆိုပါသည်။ ဆရာကြီး ရာဘင်ဒြာနတ် တဂိုး၏ အဆိုအရ မည်မျှချမ်းသာသည် ဖြစ်စေ အများကောင်းကျိုးအတွက် လှူဒါန်းမှု မလုပ်လျှင် တန်ဖိုးမရှိပါ။
အထက်ပါ အဆိုအမိန့်များကို ကြည့် လျှင် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများသည် အများအကျိုးကို ဆောင်ရွက်သည့်စိတ်၊ အများအတွက် ပေးဆပ်မည့်စိတ်၊ ပရဟိတ စိတ်များကို ကိုယ်တိုင်လည်း မွေးမြူပြီး အများကိုလည်း မွေးမြူကြရန် တိုက် တွန်းထားသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် လူတိုင်းက ပရဟိတစိတ်မွေးမြူကြလျှင် လူ့အဖွဲ့အစည်းသည် ယူသည့်အဖွဲ့ အစည်းမှ ပေးဆပ်သည့်အဖွဲ့အစည်း ဖြစ်လာပါမည်။ တိုင်းပြည်၏ နယ်ပယ် ကဏ္ဍအသီးသီးတွင် ပရဟိတစိတ်ရှိသူ များလာသည့်အခါ ပြည်သူများ၏ လူမှု ဘဝများလည်း သာယာလာပါမည်။ ဥပမာပေးရလျှင် ဆရာဝန်များက မိမိ အကျိုးချမ်းသာ၊ မိမိငွေကြေးရဖို့ထက် ရောဂါပျောက်ကင်းရေးကို အဓိကထား သည့် ဆရာဝန်များ ဖြစ်လာပါမည်။ ကျောင်း ဆရာ၊ ဆရာများကလည်း မိမိ အကျိုးစီးပွားထက် ပညာထူးချွန်ပြီး နှလုံးလှသည့် လူရည်ချွန်၊ လူရည်မွန်တွေ ထွက်လာအောင် ကြိုးစားသင်ကြားကြ ပါမည်။ စာရေးဆရာများကလည်း ပေါ်ပင်နောက်လိုက်ရေးခြင်းကို ရှောင် ပြီး စာဖတ်သူကို အကျိုးရှိစေမည့်စာများ ရေးပါမည်။
ဒေါ်ဦးဇွန်း
မြန်မာနိုင်ငံတွင် အများအကျိုး ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်အကျော် အမော် များစွာရှိပါသည်။ ထိုသူများထဲမှ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ လူအိုရုံများကို စတင်တည်ထောင်ခဲ့သူ ဒေါ်ဦးဇွန်းသည် အားကျအတုယူထိုက်သည့် အမျိုးသမီး ကြီးဖြစ်ပါသည်။ ဒေါ်ဦးဇွန်းသည် အဖ ပိုးကုန်သည်ကြီး ဦးအီ၊ အမိ ဒေါ်မျှင်တို့မှ ၁၂၃၀ ပြည့်နှစ် ဝါခေါင်လဆန်း ၅ ရက် သောကြာနေ့တွင် ဖွားမြင်သော တစ်ဦး တည်းသော သမီးဖြစ်ပါသည်။ မဦးဇွန်း ကလေးသည် ငယ်စဉ်ကပင် သူတော် ကောင်းမိဘများ၏ သွန်သင်ချက်အရ ဘာသာရေးကို အထူးကိုင်းရှိုင်းသော အမျိုးကောင်းသမီးဖြစ်ခဲ့သည်။ ခုနစ်နှစ် အရွယ်ကပင် ပုပ္ပါရုံကျောင်းအမ ဝိသာခါ ထုံး နှလုံးမူကာ နေ့စဉ်ငါးပါးသီလကို စောင့်ထိန်း၍ ရှစ်ရက်သီတင်း လပြည့် လကွယ်တို့၌ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသောသီလကို အမြဲ မပြတ် ဆောက်တည်ခဲ့ လေသည်။
မိဘများအားလည်း မပြတ်လုပ်ကျွေး ပြုစုလေသည်။
အသက် ၁၆ နှစ်အရွယ်မှစ၍ မဦး ဇွန်းသည် မိဘလုပ်ငန်းဖြစ်သော ကုန် သည်အလုပ်ကို ဦးစီးလုပ်ကိုင်ခဲ့သည်။ ပိုးထည်အရောင်းအဝယ်နှင့် စပ်လျဉ်း၍ အမြို့မြို့သို့ ကူးသန်းသွားလာသော ကြောင့် အမြို့မြို့၌ မိတ်ဆွေများရှိသည်။ လူပေါင်းဆံ့သည်။ ဗဟုသုတကြွယ်ဝ သည်။ မင်္ဂလာတရားတော်နှင့်အညီ မောက်ကြွားဝင့်ဝါခြင်းမရှိ။ ခြိုးခြံစွာ ကျင့်သုံးနေထိုင်၍ လှူသင့်လှူထိုက် ပေး သင့် ပေးထိုက်သူများအား ရက်ရောစွာ ပေးကမ်းတတ်သည်။ မိခင်ဖခင်တို့ ကွယ်လွန်ချိန်တွင် ဒေါ်ဦးဇွန်း၌ မိမိ နေထိုင်သော တိုက်အိမ်၊ ငွေသားတစ် သိန်းခွဲခန့်နှင့် လယ်ယာမြေစသော အမွေအနှစ်များရလိုက်သည်။ အမရပူရ မြို့မှ ပိုးထည်စသည့်ကုန်တို့ကို တစ်ဦး တည်း ကိုယ်စားလှယ်ယူကာ ရန်ကုန်၊ သထုံ၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်စသော အောက်ပြည်နယ်များသို့ ဖြန့်ဖြူးရောင်း ချသည်။ ဒေါ်ဦးဇွန်းသည် ၁၂၆ဝ ပြည့်နှစ် အသက်သုံးဆယ်အရွယ်တွင် မန္တလေးမြို့ ပတ္တမြား ဆရာတော်ဘုရားကြီးအား အုတ်ကျောင်း ဆောက်လုပ်လှူဒါန်း သည်။ ထိုအချိန်မှစ၍ ပတ္တမြားအုတ် ကျောင်း အမဒေါ်ဦးဇွန်းဟူ၍ လူသိများ လာသည်။
စီးပွားရေးလုပ်ငန်းများ မည်မျှပင် တိုးတက်ကောင်းမွန်နေစေကာမူ မိဘ များ ကွယ်လွန်သည့် အချိန်မှစ၍ ဒေါ်ဦးဇွန်းသည် မိဘများအား လွမ်းဆွတ်သောစိတ်ကြောင့် စီးပွားရေး လုပ်ငန်း၌ စိတ်မပျော်ပိုက်ဖြစ်ကာ ရန်ကုန်မြို့သို့ စိတ်ပြေလက်ပျောက် အလည်အပတ် ဆင်းလာခဲ့သည်။ ရန်ကုန် မြို့သို့ ရောက်သောအခါ ကန်တော် ကလေးရပ်ရှိ ပြင်သစ်သာသနာပြု လူအို ရုံသို့ သွားရောက်ကြည့်ရှုရာမှ သား ထောက်သမီးခံ မရှိသော လူအိုများအား မိဘများကိုယ်စား စောင့်ရှောက်ကျွေးမွေး ရသော်သင့်မည်ဟု အကြံဖြစ်ပေါ်လာ လေသည်။ ထိုထက်မိရိုးဖလာအားဖြင့် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာဖြစ်ပါလျက် မြန်မာနိုင်ငံ၌ တစ်ခုတည်းသာရှိသော ပြင်သစ်သာသနာပြု လူအိုရုံတွင် ခိုလှုံကြ ရပါက ဘာသာရေး အခက်အခဲ ဖြစ်ကြရ တော့မည်ကို ယူကျုံးမရ ဖြစ်ခဲ့ရလေ သည်။ ထို့ကြောင့် မိမိကိုးကွယ်သော ဘာသာကိုလည်း မထိခိုက်စေဘဲ မိမိတို့ အလိုအလျောက် ကိုးကွယ်လိုသော ဘာသာကို ကိုးကွယ်ခွင့်ရှိစေရန် လူအို များ စောင့်ရှောက်ရေးဌာနတစ်ခု ဖွင့်လှစ် မည်ဟု အကြံပြုခဲ့သည်။
မန္တလေးမြို့သို့ ပြန်ရောက်သောအခါ စစ်ကိုင်းတောင်ရိုး အရိယမဂ္ဂင်ချောင် ဆရာတော်ဘုရားကြီးအား လျှောက်ထား ၍ မင်းကွန်းခေါင်းလောင်း ကြီးတည်ရာ အနီးတွင် ဘီအိုင်အေ ဦးမောင်ကြီး၊ ဦးဘချမ်းတို့နှင့်အတူ ဒေါ်ဦးဇွန်းကိုယ်တိုင် ခုတ်ထွင်မြေညှိပြီးလျှင် ကမ္မဋ္ဌာန်း ကျောင်း ၃ ကျောင်း စတင်ဆောက်လုပ် ကာ လူအိုရုံကို ၁၂၇၈ ခုနှစ်တွင် စတင် ဖွင့်လှစ်သည်။ ရှေးဦးစွာ အဖိုးအို တစ်ယောက်၊ အဘွားအိုသုံးယောက်ကို လက်ခံ၍ ဒေါ်ဦးဇွန်းကိုယ်တိုင် အဖော် မိန်းကလေးတစ်ဦးနှင့် ဝတ်ကြီးဝတ်ငယ် ပြု၍ ကျွေးမွေးစောင့်ရှောက်ခဲ့ရာ ၁၂၈၀ ပြည့်နှစ်သို့ ရောက်သောအခါ လူအိုပေါင်း ၂၀ ခန့်ကို လက်ခံစောင့်ရှောက်နိုင်သည့် အခြေသို့ ရောက်ခဲ့ပါသည်။ ယင်းနှစ်နှစ် အတွင်း ဒေါ်ဦးဇွန်းသည် မိမိ၏ ကိုယ်ပိုင် ငွေဖြင့်ပင် ပြုစုပျိုးထောင်ခဲ့၍ ၁၂၈၀ ပြည့်နှစ်တွင်မှ အလှူပါဝင်လိုသူများထံမှ သဒ္ဒါကြေး လက်ခံကာ လူအိုရုံအသင်းကို စတင် တည်ထောင်သည်။
မင်းကွန်းဗုဒ္ဓဘာသာ လူအိုရုံလုပ်ငန်း အတော်အထမြောက် အောင်မြင်လာ သောအခါ ဒေါ်ဦးဇွန်းသည် မူလရည်ရွယ် ချက်အတိုင်း ၁၂၈၉ ခုနှစ်တွင် သထုံမြို့ မြသပိတ်တောင်ခြေ၌ လည်းကောင်း၊ ၁၂၉ဝ ပြည့်နှစ်တွင် ပေါင်းတည်မြို့၌ လည်းကောင်း၊ ၁၂၉၅ ခုနှစ်တွင် ရန်ကုန် မြို့ နှင်းဆီကုန်း၌လည်းကောင်း၊ ၁၂၉၉ ခုနှစ်တွင် ပခုက္ကူမြို့၌လည်းကောင်း အသီးသီးလူအိုရုံများကို မိမိပိုင်ငွေဖြင့် မတည်၍ ဖွင့်လှစ်ခဲ့သည်။ ရွှေ့ပြောင်းနိုင် သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း စုစုပေါင်း နှစ်သိန်းခန့်ကို လူအိုရုံ များသို့ လှူဒါန်းလိုက်လေသည်။ ထိုအချိန် က အခေါက်ရွှေတစ်ကျပ်သား၏ တန်ဖိုး သည် မြန်မာငွေ ၁၆ ကျပ်သာရှိပါသည်။ ထို့နောက် ၁၂၉၀ ပြည့်နှစ် အသက် ၆၀ အရွယ်တွင် ပေါင်းတည်လူအိုရုံ၌ ဝတ် ကြောင်ကို စွန့်၍ သီလရှင်ဝတ်လိုက် သည်။ သီလရှင်ဘွဲ့မှာ ဖွားသုမာလာဖြစ် ပါသည်။ သို့ရာတွင် ဒေါ်ဦးဇွန်းဟူသော အမည်ဖြင့်ပင် ထင်ရှားသည်။
ကျောင်းအမကြီး ဒေါ်ဦးဇွန်း၏ ကိုယ်ကျိုးစွန့်သော တိုင်းကျိုးပြည်ကျိုး ဆောင်လုပ်ငန်းကို အင်္ဂလိပ်အစိုးရ တို့သည် အသိအမှတ်ပြုသည့်အနေဖြင့် တီပီအက်ခေါ် တိုင်းကျိုးပြည်ကျိုးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ မီးရထား၊ မီး သင်္ဘောတို့ဖြင့် မြန်မာနိုင်ငံအနှံ့အပြား ပထမတန်းမှ အခမဲ့စီးနင်းသွားလာခွင့်ကို လည်းပေးခဲ့ပါသည်။ လူအိုရုံများ၏မိခင် ကျောင်းအမကြီး ဒေါ်ဦးဇွန်းသည် လူအိုရုံ များအတွက် စည်းစိမ်နှင့် လုပ်အားကို ၂၈ နှစ်လုံးလုံး ပေးအပ်ဆောင်ရွက်ခဲ့ပြီး နောက် ၁၃၆၀ ပြည့်နှစ် ကဆုန်လပြည့် ကျော် ၅ ရက်နေ့ အသက် ၇၆ နှစ် အရွယ် ၌ မင်းကွန်းလူအိုရုံတွင် ကွယ်လွန်ပါ သည်။ ဒေါ်ဦးဇွန်း၏ကြေးရုပ်ကို ထုလုပ် ၍ မင်းကွန်းလူအိုရုံတွင် ဂုဏ်ပြုသော အားဖြင့် ထားရှိသည်ကို တွေ့နိုင်ပါသည်။
ဒေါ်ဦးဇွန်းအကြောင်းကို ဖတ်ရသည့် အခါ ဒေါ်ဦးဇွန်းကို အလွန်ပင်လေးစားမိ သည့်အပြင် မြန်မာတစ်ယောက်အနေ ဖြင့်လည်း ဂုဏ်ယူမိပါသည်။
နိဂုံးချုပ်အနေဖြင့် လူသား တစ်ယောက်သည် အများအကျိုးကို သယ်ပိုးဆောင်ရွက်မှသာ လူဖြစ်ရကျိုး နပ်ပြီး မင်္ဂလာတရားတော်နှင့်အညီ ချမ်းသာအောင်မြင်ပါမည်။
“မှတ်သားစရာ”
လူငယ်များ ဇာတ်တော်မှ မဃ လုလင်၊ မျက်မှောက်ခေတ်မှ ဒေါ်ဦးဇွန်း အစရှိသည့် ပရဟိတသူရဲကောင်း များကို အားကျအတုယူရင်း အများ အကျိုး သယ်ပိုးရပါမည်။
ကိုးကား
၁။ ဓမ္မပဒ ဝတ္ထုတော်ကြီး (ပထမ တွဲ)။ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ ထေရ်။
၂။ မြန်မာ့စွယ်စုံကျမ်း။
- Log in to post comments