အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကိုင်ဆောင်ခွင့်အပေါ် လေ့လာတွေ့ရှိသမျှ

Type
99


 

သုန္ဒရ 
 

နိုင်ငံတကာတွင်   ၂၀၂၀ ပြည့်နှစ်နှင့်    ၂၀၂၁ ခုနှစ်များသည်   ကိုရိုနာ ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုဒဏ်ကို အလူးအလဲခံကြရသည့် အညံ့နှစ်များဖြစ်သည်။   မိမိတို့နိုင်ငံတွင်လည်း    ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနှင့်  တတိယလှိုင်းကူးစက်မှုဒဏ်ကို ခံစားခဲ့ရပေသည်။ 
ကမ္ဘာ့ကပ်ရောဂါကြောင့်   နိုင်ငံပေါင်း ၂၂၃ နိုင်ငံ၏ လူဦးရေ ၂၃၈ သန်းကျော်တွင် ရောဂါကူးစက်ခံရသည့်အနက် ၄ ဒသမ ၈၆ သန်း သေဆုံးခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် နိုင်ငံအများစု စီးပွားရေးကျဆင်းခဲ့ပြီး  ကဏ္ဍပေါင်းစုံ   ထိခိုက်ခဲ့ကာ  နိုင်ငံတကာ ကုန်သွယ်မှု လုပ်ငန်းများ ကျဆင်းခဲ့ခြင်းနှင့်အတူ  မြန်မာ့ပို့ကုန်လုပ်ငန်း များမှာလည်း လိုက်ပါ၍ ကျဆင်းခဲ့ပေသည်။ နယ်စပ်ကုန်သွယ်ရေး တွင်လည်း အိမ်နီးချင်းကုန်သွယ်ဖက်နိုင်ငံများ၌ ကပ်ရောဂါကို ခံစားရ သဖြင့် သက်ဆိုင်ရာ   အစိုးရများက  ၎င်းတို့နိုင်ငံသားများအကျိုးအတွက် နယ်စပ်ဂိတ်များ အဖွင့်/အပိတ်ကို  လိုသလိုပြုလုပ်နေခြင်းကြောင့် နယ်စပ်ကုန်သွယ်မှုပါ   လျော့နည်းကျဆင်းခဲ့ပေသည်။  ကုန်သွယ်မှု လုပ်ငန်းများ ကျဆင်းခဲ့ခြင်းကြောင့်   ပြည်ပပို့ကုန်ဝင်ငွေ(Export Earning)ရရှိမှုလည်း လျော့နည်းခဲ့ပေသည်။
စည်းကမ်းအချို့ကို   ပြင်ဆင်ထုတ်ပြန်ပေး
ပြည်ပပို့ကုန်ဝင်ငွေ(Export Earning)ရရှိမှုလျော့နည်းနေသော် လည်း   အများပြည်သူအတွက်  မရှိမဖြစ်လိုအပ်သည့်  စက်သုံးဆီ၊ စားအုန်းဆီ၊ ဓာတ်မြေဩဇာ၊ သာမန်ရောဂါကုဆေးနှင့် ဆေးပစ္စည်း များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေးနှင့်ဆေး ပစ္စည်းများကိုလည်း ပြည်ပမှတင်သွင်းနေရသေးရာ   ပြည်ပပို့ကုန် ဝင်ငွေ (Export Earning) လိုအပ်ချက်ရှိခဲ့သဖြင့် နိုင်ငံတော်၏ အစီ အမံဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဈေးကွက်အတွင်းသို့ Export Earning နှင့်   အမေရိကန်ဒေါ်လာ(ငွေသား) ဖြည့်တင်းရောင်းချပေးခဲ့သည့်အပြင်  စည်းမျဉ်းစည်းကမ်းအချို့ကို   ပြင်ဆင်ထုတ်ပြန်ပေး ခဲ့ပါသည်။ 
Export Earning  လိုအပ်ချက်  လျော့ပါးစေရန် အများပြည်သူ အတွက် အမှန်တကယ် မလိုအပ်သည့် ကုန်စည်များ တင်သွင်းမှုကို လည်း ယာယီပိတ်ပင်ခဲ့ပါသည်။ ထိုသို့  ပို့ကုန်ဝင်ငွေလိုအပ်နေစဉ် မသမာသူများ၏  ကောလာဟလသတင်း အမျိုးမျိုးထုတ်လွှင့်မှုနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့်    ဘဏ်များ၌   ငွေစုထားသူများမှာ စိုးရိမ်စိတ်ဖြင့်     ငွေများကို   ထုတ်ယူကာ   ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ    ငွေသားကို   ဝယ်ယူစုဆောင်းလာကြသဖြင့် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာ မြင့်တက်သွား ပေသည်။ 
သွင်းကုန်ပစ္စည်းများ၏ ဈေးနှုန်းလိုက်ပါမြင့်တက်
မိမိတို့နိုင်ငံမှာ  ကုန်ထုတ်လုပ်သည့်နိုင်ငံ    မဟုတ်သေးသည့်  ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်ပင်ရှိသေး၍ အခြေခံပြည်သူများအတွက် လိုအပ် သည့် စားသုံးကုန်နှင့်လူသုံးကုန်များကို ကုန်ထုတ်လုပ်သည့် နိုင်ငံ များမှ တင်သွင်းနေရပေသည်။ လိုအပ်သည့် ကုန်စည်များကို ပြည်ပ ပို့ကုန်ဝင်ငွေ (Export  Earning)ဖြင့်     ဝယ်ယူတင်သွင်းရသည်ဖြစ်ရာ အမေရိကန်ဒေါ်လာငွေလဲနှုန်း    မြင့်တက်ခဲ့ခြင်းကြောင့်  Export Earning ငွေလဲနှုန်း မြင့်တက်ကာ သွင်းကုန်ပစ္စည်းများ၏ ဈေးနှုန်း များလည်း     လိုက်ပါမြင့်တက်ခဲ့ရပေသည်။  လက်လုပ်လက်စား အခြေခံလူတန်းစားပြည်သူများအတွက်   မလိုအပ်ဘဲ  ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံခဲ့ရပေသည်။  အမေရိကန်ဒေါ်လာ(ငွေသား)ကို ဝယ်ယူစုဆောင်းသူများမှာလည်း ၎င်းတို့ကိုယ်တိုင်ပင် အခြေခံပြည်သူ များအတိုင်း  ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို  ထပ်တူခံစားရမည်မှာ မလွဲဧကန်ဖြစ်သည်။ 
နိုင်ငံခြားငွေကိုင်ဆောင်ရောင်းဝယ်မှုနှင့်  ပတ်သက်၍  မိမိတို့ နိုင်ငံတွင် ၁၉၄၇ ခုနှစ်က နိုင်ငံခြားငွေလဲလှယ်မှုစည်းမျဉ်းသတ်မှတ် ရေး အက်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးခဲ့ပေသည်။ ယင်းအက်ဥပဒေအရ နိုင်ငံခြားငွေကို ခွင့်ပြုချက်မရှိဘဲ ဝယ်ယူခြင်း၊ ရောင်းဝယ်ခြင်း၊ ချေး ယူခြင်း၊ ချေးငှားခြင်း၊ လဲလှယ်ခြင်းတို့နှင့်ပတ်သက်၍ တားမြစ်ချက်နှင့် စည်းမျဉ်းများ သတ်မှတ်ထားပြီး ဥပဒေပါ တားမြစ်ချက်များနှင့်စည်း မျဉ်းများကိုဖောက်ဖျက်သဖြင့် ယခင်ကသက်ဆိုင်ရာမှ အရေးယူခဲ့ရမှု များလည်း ရှိခဲ့ပေသည်။
၂၀၁၂ ခုနှစ်တွင်   နိုင်ငံခြားငွေလဲလှယ်မှု  စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေကို   ဖျက်သိမ်းပြီး    နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြန်လည်ပြဋ္ဌာန်းခဲ့ပါသည်။ အသစ်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၄ တွင် နိုင်ငံခြားသုံးငွေ   လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ရရှိသူ မည်သူမဆို ပုဒ်မ ၄၀ (သို့မဟုတ်) ၄၁ ပါ တားမြစ် ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက  အရေးယူမည့်ပြစ်ဒဏ် ကို    ဖော်ပြထားပါသည်။  ပုဒ်မ ၄၁ မှာမူ နိုင်ငံခြားသုံးငွေ လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူမည်သူမဆို ယင်းဥပဒေအရထုတ်ပြန်သည့် နည်း ဥပဒေများ၊  စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်များကို ဖောက်ဖျက်ခြင်းမပြုရဟု ဖော်ပြထားပါသည်။ ပုဒ်မ ၄၁ ပါ ပြဋ္ဌာန်း ချက်အရ နိုင်ငံခြားသုံးငွေ  လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူကိုသာ တားမြစ်ချက်  ဖောက်ဖျက်ပါက အရေးယူမည့်သဘောသက်ရောက် နေခဲ့ပါသည်။
တရားမဝင်ပြုလုပ်မှုများရှိလာ
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းကို ထုတ်ပြန်ခဲ့ပြီး အဆိုပါစည်းမျဉ်းအပိုဒ် ၁၅ အရ  ပြည်သူတစ်ဦးချင်းသည်   တရားဝင်နည်းလမ်းဖြင့်  ရရှိသည့် အမေရိကန်ဒေါ်လာ   ၁၀,၀၀၀ အထိ   (သို့မဟုတ်) ယင်းနှင့်ညီမျှသည့် ငွေထက်မပိုသော နိုင်ငံခြားငွေများကို (၆)လအတွင်း ကိုင်ဆောင်ခွင့် ရှိပြီး  (၆)လ ကျော်သည်အထိ အသုံးမပြုဘဲ ရှိနေသည့် နိုင်ငံခြားငွေ များကို နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူထံ ဈေးကွက်ပေါက် ဈေးဖြင့်    ရောင်းချလဲလှယ်ခြင်း   သို့မဟုတ်  ဘဏ်စာရင်းသို့ ထည့်သွင်းရမည်ဖြစ်သည်၊     ဆိုလိုချက်မှာ    တရားဝင်ရရှိသော အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိနှင့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့်ညီမျှသည့် နိုင်ငံခြားငွေကိုသာ (၆)လအတွင်းကိုင်ဆောင်ခွင့််ရှိခြင်း ဖြစ်ပါသည်။ တရားမဝင်ရရှိသည့် အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြား ငွေကို ကိုင်ဆောင်ခွင့်ပြုခြင်း မဟုတ်ပေ။  သို့ရာတွင် အမေရိကန် ဒေါ်လာနှင့်    နိုင်ငံခြားငွေများကို   သတ်မှတ်စည်းမျဉ်းနှင့်အညီ ကိုင်ဆောင် အရောင်းအဝယ်   ပြုလုပ်သူများ ရှိသကဲ့သို့ သတ်မှတ် စည်းမျဉ်းများကို ကျော်လွန်၍ တရားမဝင်ကိုင်ဆောင် အရောင်းအဝယ် ပြုလုပ်မှုများ၊  ဝယ်ယူစုဆောင်း  ဈေးကစားမှုများလည်း  ရှိလာခဲ့ပါ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် အောက်တိုဘာ လ  ၆  ရက်နေ့တွင်   နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေကို    ပြဋ္ဌာန်းခဲ့ပါသည်။  ပြင်ဆင်သည့်ဥပဒေ၏  အနှစ်ချုပ်မှာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ  ၄၁ ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် “နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ မည်သူမဆို” ဟူသည့်စကားရပ်အစား    “မည်သူမဆို”  ဆိုသည့် စကားရပ်ကို အစားထိုးခဲ့သဖြင့်   နိုင်ငံခြားသုံးငွေနှင့်ပတ်သက်၍  တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သူမည်သူမဆို ဥပဒေအရ အရေးယူခံရမည့် သဘောဖြစ်ပေသည်။ 
သတိထား၍ လုပ်ကိုင်ရတော့မည်
အခြေခံလူတန်းစား ပြည်သူများ ထိခိုက်နစ်နာမှုကိုမျက်ကွယ်ပြု၍ မိမိကိုယ်ကျိုးစီးပွားအတွက် အမေရိကန်ဒေါ်လာ (ငွေသား)ကို ဝယ်ယူ စုဆောင်းသူများ၊ ရောင်းဝယ်ဈေးကစားသူများအနေဖြင့် သတိထား၍ လုပ်ကိုင်ရတော့မည်ဖြစ်ပေသည်။ အကယ်၍  တားမြစ်ချက်ဖောက် ဖျက်ပါက  မိမိတို့၏  ပိုင်ဆိုင်မှု   အကျိုးစီးပွားများ  ဆုံးရှုံးနိုင်သည့်အပြင် အရေးယူခြင်းကိုပါ  ခံရနိုင်ကြောင်း  လေ့လာတွေ့ရှိသမျှကို ပြန်လည် မျှဝေလိုက်ရပေသည်။