
သုန္ဒရ
===
နိုင်ငံတကာတွင် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များသည် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ ကပ်ရောဂါ ကူးစက်မှုဒဏ်ကို အလူးအလဲ ခံကြရသည့် အညံ့နှစ်များဖြစ်သည်။ မိမိတို့နိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနှင့် တတိယလှိုင်းကူးစက် မှုဒဏ်ကို ခံစားခဲ့ရပေသည်။
ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံပေါင်း ၂၂၃ နိုင်ငံ၏ လူဦးရေ ၂၃၈ သန်းကျော်တွင် ရောဂါကူးစက်ခံရသည့်အနက် ၄ ဒသမ ၈၆ သန်း သေဆုံးခဲ့ပါသည်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် နိုင်ငံအများစု စီးပွားရေးကျဆင်းခဲ့ပြီး ကဏ္ဍပေါင်းစုံ ထိခိုက်ခဲ့ကာ နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများ ကျဆင်းခဲ့ခြင်းနှင့်အတူ မြန်မာ့ပို့ကုန် လုပ်ငန်းများမှာလည်း လိုက်ပါ၍ ကျဆင်းခဲ့ပေသည်။ နယ်စပ် ကုန်သွယ်ရေးတွင်လည်း အိမ်နီးချင်း ကုန်သွယ်ဖက်နိုင်ငံများ၌ ကပ်ရောဂါကို ခံစားရသဖြင့် သက်ဆိုင်ရာအစိုးရများက ၎င်းတို့နိုင်ငံသားများ အကျိုးအတွက် နယ်စပ်ဂိတ်များ အဖွင့်/အပိတ်ကို လိုသလိုပြုလုပ်နေခြင်းကြောင့် နယ်စပ် ကုန်သွယ်မှုပါ လျော့နည်းကျဆင်းခဲ့ပေ သည်။ ကုန်သွယ်မှုလုပ်ငန်းများ ကျဆင်း ခဲ့ခြင်းကြောင့် ပြည်ပပို့ကုန်ဝင်ငွေ (Export Earning) ရရှိမှုလည်း လျော့နည်းခဲ့ပေသည်။
ပြည်ပပို့ကုန်ဝင်ငွေ (Export Earning)ရရှိမှုလျော့နည်းနေသော်လည်း အများပြည်သူအတွက် မရှိမဖြစ်လိုအပ် သည့် စက်သုံးဆီ၊ စားအုန်းဆီ၊ ဓာတ်မြေ ဩဇာ၊ သာမန်ရောဂါကုဆေးနှင့် ဆေး ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများကိုလည်း ပြည်ပမှ တင်သွင်းနေရသေးရာ ပြည်ပပို့ကုန်ဝင် ငွေ (Export Earning) လိုအပ်ချက်ရှိခဲ့ သဖြင့် နိုင်ငံတော်၏အစီအမံဖြင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ဈေးကွက် အတွင်းသို့ Export Earning နှင့် အမေရိကန်ဒေါ်လာ(ငွေသား) ဖြည့်တင်း ရောင်းချပေးခဲ့သည့်အပြင် စည်းမျဉ်း စည်းကမ်းအချို့ကို ပြင်ဆင်ထုတ်ပြန် ပေးခဲ့ပါသည်။
မြင့်တက်သွား
Export Earning လိုအပ်ချက် လျော့ပါးစေရန် အများပြည်သူအတွက် အမှန်တကယ် မလိုအပ်သည့် ကုန်စည် များ တင်သွင်းမှုကိုလည်း ယာယီပိတ်ပင် ခဲ့ပါသည်။ ထိုသို့ပို့ကုန်ဝင်ငွေလိုအပ် နေစဉ် မသမာသူများ၏ ကောလာဟလ သတင်းအမျိုးမျိုး ထုတ်လွှင့်မှုနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဘဏ် များ၌ ငွေစုထားသူများမှာ စိုးရိမ်စိတ်ဖြင့် ငွေများကို ထုတ်ယူကာ ပြင်ပဈေးကွက် တွင် အမေရိကန်ဒေါ်လာ ငွေသားကို ဝယ်ယူ စုဆောင်းလာကြသဖြင့် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ မြင့်တက်သွားပေသည်။
မိမိတို့နိုင်ငံမှာ ကုန်ထုတ်လုပ်သည့် နိုင်ငံမဟုတ်သေးသည့် ဖွံ့ဖြိုးဆဲနိုင်ငံ အဆင့်ပင်ရှိသေး၍ အခြေခံပြည်သူများ အတွက် လိုအပ်သည့် စားသုံးကုန်နှင့် လူသုံးကုန်များကို ကုန်ထုတ်လုပ်သည့် နိုင်ငံများမှ တင်သွင်းနေရပေသည်။လိုအပ် သည့် ကုန်စည်များကို ပြည်ပပို့ကုန် ဝင်ငွေ (Export Earning)ဖြင့် ဝယ်ယူ တင်သွင်းရသည်ဖြစ်ရာ အမေရိကန် ဒေါ်လာငွေလဲနှုန်း မြင့်တက်ခဲ့ခြင်း ကြောင့် Export Earning ငွေလဲနှုန်း မြင့်တက်ကာ သွင်းကုန်ပစ္စည်းများ၏ ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်ခဲ့ရ ပေသည်။ လက်လုပ်လက်စား အခြေခံ လူတန်းစား ပြည်သူများအတွက် မလိုအပ်ဘဲ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ကို ခံခဲ့ရပေသည်။ အမေရိကန်ဒေါ်လာ (ငွေသား)ကို ဝယ်ယူစုဆောင်းသူများမှာ လည်း ၎င်းတို့ကိုယ်တိုင်ပင် အခြေခံ ပြည်သူများအတိုင်း ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ထပ်တူခံစားရမည်မှာ မလွဲဧကန်ဖြစ်သည်။
အရေးယူခဲ့ရမှုများလည်းရှိခဲ့
နိုင်ငံခြားငွေကိုင်ဆောင်ရောင်းဝယ် မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ၁၉၄၇ ခုနှစ်က နိုင်ငံခြား ငွေလဲလှယ်မှုစည်းမျဉ်း သတ်မှတ်ရေးအက်ဥပဒေကို ပြဋ္ဌာန်း ကျင့်သုံးခဲ့ပေသည်။ ယင်းအက်ဥပဒေ အရ နိုင်ငံခြားငွေကို ခွင့်ပြုချက်မရှိဘဲ ဝယ်ယူခြင်း၊ ရောင်းဝယ်ခြင်း၊ ချေးယူ ခြင်း၊ ချေးငှားခြင်း၊ လဲလှယ်ခြင်းတို့နှင့် ပတ်သက်၍ တားမြစ်ချက်နှင့် စည်းမျဉ်း များ သတ်မှတ်ထားပြီး ဥပဒေပါ တားမြစ် ချက်များနှင့် စည်းမျဉ်းများကို ဖောက်ဖျက်သဖြင့် ယခင်ကသက်ဆိုင်ရာ မှ အရေးယူခဲ့ရမှုများလည်း ရှိခဲ့ပေသည်။
၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားငွေလဲလှယ် မှု စည်းမျဉ်းသတ်မှတ်ရေးအက်ဥပဒေကို ဖျက်သိမ်းပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ပြန်လည်ပြဋ္ဌာန်းခဲ့ပါသည်။ အသစ်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၄ တွင် နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ မည်သူမဆို ပုဒ်မ ၄၀ (သို့မဟုတ်) ၄၁ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူမည့် ပြစ်ဒဏ်ကို ဖော်ပြထားပါသည်။ ပုဒ်မ ၄၁ မှာမူ နိုင်ငံခြားသုံးငွေ လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူမည်သူမဆို ယင်း ဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေ များ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်များကို ဖောက်ဖျက်ခြင်း မပြုရဟု ဖော်ပြထားပါသည်။ ပုဒ်မ ၄၁ ပါ ပြဋ္ဌာန်းချက်အရ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူကိုသာ တားမြစ်ချက် ဖောက်ဖျက်ပါက အရေးယူမည့်သဘောသက်ရောက်နေခဲ့ ပါသည်။
ခြောက်လအတွင်း ကိုင်ဆောင်ခွင့်ရှိ
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ စည်းမျဉ်းအပိုဒ် ၁၅ အရ ပြည်သူတစ်ဦး ချင်းသည် တရားဝင်နည်းလမ်းဖြင့် ရရှိ သည့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ (သို့မဟုတ်) ယင်းနှင့်ညီမျှသည့် ငွေထက် မပိုသော နိုင်ငံခြားငွေများကို ခြောက်လ အတွင်း ကိုင်ဆောင်ခွင့်ရှိပြီး ခြောက်လ ကျော်သည်အထိ အသုံးမပြုဘဲရှိနေ သည့် နိုင်ငံခြားငွေများကို နိုင်ငံခြားသုံး ငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူထံ ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချ လဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းရမည် ဖြစ်သည်၊ ဆိုလိုချက်မှာ တရားဝင်ရရှိသော အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိနှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်ညီမျှသည့် နိုင်ငံခြားငွေကို သာ ခြောက်လအတွင်း ကိုင်ဆောင်ခွင့််ရှိခြင်းဖြစ်ပါသည်။ တရားမဝင်ရရှိသည့် အမေရိကန်ဒေါ်လာနှင့် နိုင်ငံခြားငွေကို ကိုင်ဆောင်ခွင့်ပြုခြင်း မဟုတ်ပေ။ သို့ရာတွင် အမေရိကန်ဒေါ်လာနှင့် နိုင်ငံ ခြားငွေများကို သတ်မှတ်စည်းမျဉ်းနှင့် အညီ ကိုင်ဆောင်အရောင်းအဝယ် ပြုလုပ်သူများရှိသကဲ့သို့ သတ်မှတ် စည်းမျဉ်းများကို ကျော်လွန်၍ တရားမဝင် ကိုင်ဆောင် အရောင်းအဝယ် ပြုလုပ်မှု များ၊ ဝယ်ယူစုဆောင်း ဈေးကစားမှုများ လည်း ရှိလာခဲ့ပါသည်။
ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက် နေ့တွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါ သည်။ ပြင်ဆင်သည့်ဥပဒေ၏ အနှစ်ချုပ် မှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၁ ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် “နိုင်ငံခြား သုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ မည်သူမဆို” ဟူသည့်စကားရပ်အစား “မည်သူမဆို” ဆိုသည့် စကားရပ်ကို အစားထိုးခဲ့သဖြင့် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သူမည်သူမဆို ဥပဒေအရ အရေးယူခံရမည့်သဘောဖြစ်ပေသည်။
အခြေခံလူတန်းစား ပြည်သူများ ထိခိုက်နစ်နာမှုကိုမျက်ကွယ်ပြု၍ မိမိ ကိုယ်ကျိုးစီးပွားအတွက် အမေရိကန် ဒေါ်လာ (ငွေသား)ကို ဝယ်ယူစုဆောင်းသူ များ၊ ရောင်းဝယ်ဈေးကစားသူများအနေ ဖြင့် သတိထား၍ လုပ်ကိုင်ရတော့မည် ဖြစ်ပေသည်။ အကယ်၍ တားမြစ်ချက် ဖောက်ဖျက်ပါက မိမိတို့၏ ပိုင်ဆိုင်မှု အကျိုးစီးပွားများ ဆုံးရှုံးနိုင်သည့်အပြင် အရေးယူခြင်းကိုပါ ခံရနိုင်ကြောင်း လေ့လာတွေ့ရှိသမျှကို ပြန်လည်မျှဝေ လိုက်ရပေသည်။ ။
- Log in to post comments