
နှင်းမိုးအိမ်
အမေရိကန်နိုင်ငံတွင် ကူးစက်မှု အရှိန်များပြားနေသည့်နေရာများတွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားဖြစ်သော်လည်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ကြရန် ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇူလိုင် ၂၇ ရက်တွင် သတိပေးခဲ့သည်။ ဗီဇပြောင်းဒယ်လ်တာကူးစက်မှုကို ဟန့်တားနိုင်ရေးအတွက် ယခုလိုသတိပေးချက်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
သတိပေးပြောကြား
အမေရိကန်ပြည်သူများအနေဖြင့် ကာကွယ် ဆေး ထိုးနှံကြရန် လိုအပ်သည်ဟု အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။ အသစ်တွေ့ရှိ ထားသည့် အချက်အလက်များအရ ဒယ်လ်တာ ဗိုင်းရပ်စ်ကူးစက်မှုများမှာ ဆက်လက်ဖြစ်ပေါ် နေသည်ဟု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာမှ ညွှန်ကြားရေးမှူးဖြစ်သူ ရိုချယ်လီ ဝေလန်စကီးကပြောသည်။ ထို့ကြောင့် ကူးစက် မှုနှုန်းမြင့်နေသည့်နေရာများတွင် နေထိုင်ကြသော ပြည်သူများမှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီး သားဖြစ်သော်လည်း အဆောက်အအုံအတွင်း သွားလာလှုပ်ရှားမည်ဆိုပါက ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်ကြရန် သတိပေးပြောကြားခဲ့သည်။
နှာခေါင်းစည်း ပြန်လည်တပ်ဆင်ရန်လို
ယခင်က အမေရိကန်တွင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသားသူများ အဆောက်အအုံအတွင်း အချို့သောအခြေအနေမျိုးတွင် ပါးစပ်၊ နှာခေါင်း စည်းတပ်ဆင်ရန် မလိုအပ်ဟု ထုတ်ပြန်ထားခဲ့ သည်။ ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲ လာပြီဖြစ်သည်။ ဝါရှင်တန်တွင် ဒေသတွင်း ကူးစက်မှုများ များပြားလာသည့်အတွက် အိမ်ဖြူ တော်ရှိ ဝန်ထမ်းများအားလုံး ပါးစပ်၊ နှာခေါင်းစည်း ပြန်လည်တပ်ဆင်ကြရန် ဇူလိုင် ၂၇ ရက်က အမိန့် ထုတ်ခဲ့သည်။
ခြေလှမ်းသစ်များဖြင့် လုပ်ကိုင်မည်
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ နောက်ဆုံးထုတ်ပြန်ထား သောအချက်အလက်များအရ ကောင်တီနယ်မြေ ၃၂၀၀ ကျော်တွင် ၆၃ ရာခိုင်နှုန်းမှာ ကူးစက်မှု များပြားခြင်းနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။ တစ်ပတ်တာကာလအတွင်း လူပေါင်း ၁၀၀၀၀၀ တွင် နေ့စဉ်ကူးစက်မှုမှာ ၅၀ မှ ၁၀၀ ကြားရှိသည်။ ကာကွယ်ဆေးထိုးပေးရာတွင် နှောင့်နှေးကြန့်ကြာ မှုများကို ကျော်လွှားနိုင်ရေးအတွက် နောက်ထပ် ခြေလှမ်းသစ်များဖြင့် လုပ်ကိုင်မည်ဟုလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။
ဝေဖန်ခံခဲ့ရ
ဒယ်လ်တာကူးစက်မှုကို တားဆီးနိုင်ရေးအတွက် ကျောင်းများတွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး၊ မပြီးထည့်တွက်ခြင်းမရှိဘဲ ဆရာများ၊ဝန်ထမ်းများနှင့်လာရောက်လည်ပတ်သူ အားလုံးပါးစပ်၊နှာခေါင်း စည်းတပ်ဆင်သင့်သည်ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ထောက်ခံ ချက်ပေးထားသည်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်ကလည်း ကိုဗစ် - ၁၉ ကိုင်တွယ်ဖြေရှင်းရာတွင် မှားယွင်းသည့်လုပ်ဆောင် မှုများကြောင့် ဝေဖန်ခံခဲ့ရသည်။
ကာကွယ်ဆေးကသာ ကူးစက်မှုကို ဖြတ်တောက်နိုင်
ပြီးခဲ့သည့် တစ်ပတ်အတွင်း ကိုဗစ် - ၁၉ ကူးစက်မှုမှာ ၅၆၀၀၀ ကျော်ရှိပြီး ယင်းပမာဏမှာ ဧပြီလအတွင်းက ကူးစက်မှုပမာဏအတိုင်းပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ စုစုပေါင်းမှာလည်း ၆၁၀၀၀၀ ကျော်ရှိသည်။ အမေရိကန်တွင် လူဦးရေ ၄၉ ရာခိုင် နှုန်းမှာ ကိုဗစ် - ၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ဖြစ်သည်။ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းမှာ ယာယီသာ တားဆီးပေးနိုင်ပြီး လူများကို ကာကွယ် ဆေးထိုးပေးခြင်းဖြင့်သာ ကူးစက်မှုများကို ဖြတ်တောက်နိုင်မည်ဟု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ညွှန်ကြားရေးမှူးဖြစ်သူ ရိုချယ်လီ ဝေလန်စကီးက ပြောသည်။
နှာခေါင်စည်းတပ်ဆင်ရန် ပြန်လည်အမိန့်ထုတ်
အစ္စရေးနိုင်ငံသည်လည်း ကာကွယ်ဆေးကို အရှိန်အဟုန်ဖြင့် ထိုးပေးနိုင်သည့်အတွက် ကိုဗစ်- ၁၉ ကန့်သတ်ချက်များကို ဖြေလျှော့ပေးနိုင်ခဲ့သည်။ ပါးစပ် ၊ နှာခေါင်းစည်းတပ်ဆင်ရမည့် အမိန့်ကိုပါ ဖယ်ရှားပေးနိုင်သည်အထိ အောင်မြင်မှုရရှိခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်လအတွင်းမှစတင်ကာ အစ္စရေးနိုင်ငံတွင်ကူးစက်မှုများ ပြန်လည်များပြား လာသည့်အတွက် ပါးစပ်၊ နှာခေါင်းစည်းပြန်လည် တပ်ဆင်ရန် အမိန့်ထုတ်ခဲ့ရသည်။ ဒယ်လ်တာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ယင်းသို့ကန့်သတ် ချက်များ ပြန်လည်ချမှတ်ခဲ့ရခြင်းဖြစ်သည်။
အသွားအလာပိတ်ဆို့ကန့်သတ်
အမေရိကန်တွင်လည်း လော့စ်အိန်ဂျလိစ် အပါအဝင် အခြားသောဒေသများတွင် အလားတူ အမိန့်မျိုး ပြန်လည်လုပ်ဆောင်လာသည်။ ကိုဗစ် -၁၉ ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သည့် နိုင်ငံများထဲတွင် ဩစတြေးလျနိုင်ငံလည်း အပါ အဝင်ဖြစ်သည်။ သို့သော်လည်း ကူးစက်မှုများ ပြန်လည်တွေ့ရှိလာရသည့်အတွက် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများပြန်လည်ပြုလုပ်လာရသည်။ ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးဖြစ်သည့် ဆစ်ဒနီ မြို့တွင် နေထိုင်ကြသည့် ဒေသခံများအနေဖြင့် နောက်ထပ်တစ်လ အသွားအလာပိတ်ဆို့ကန့်သတ် ခံရဦးမည်ဖြစ်သည်။
ထပ်မံသက်တမ်းတိုး
အာဏာပိုင်များအနေဖြင့် ကူးစက်မှုများကို ထိန်းသိမ်းနိုင်ရေး ရုန်းကန်ကြိုးပမ်းနေရပြီး ကာကွယ်ဆေးထိုးပေးနိုင်မှုပမာဏမှာ နည်းပါး နေသေးသည့်အတွက် ယခုလို အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယခင်ချမှတ်ထားသည့် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုမှာ ဇူလိုင် ၃၀ တွင် သက်တမ်း ကုန်ဆုံးပြီဖြစ်သည်။ သို့သော်လည်း ကူးစက်မှုများ မှာ ဆက်လက်များပြားနေဆဲဖြစ်သည့်အတွက် ဩဂုတ် ၂၈ ရက်အထိ အသွားအလာပိတ်ဆို့ ကန့်သတ်မှုကို ထပ်မံ သက်တမ်းတိုးလိုက် သည်။
ကူးစက်မှုများတွေ့ရှိလာ
လူမှုအသိုင်းအဝိုင်းတစ်ခုလုံး လုံခြုံစိတ်ချရစေ ရေးနှင့် ပုံမှန်နေထိုင်မှုဘဝသို့ အမြန်ဆုံးပြန်လည် ရောက်ရှိစေရေးအတွက် ယခုလိုပြုလုပ်ရခြင်းဖြစ် ကြောင်း နယူးဆောက်ဝေးလ် ပြည်နယ်ဝန်ကြီးချုပ် ဂလက်ဒစ် ဘရီဂျီကလင်က ပြောသည်။ ဆစ်ဒနီတွင် ကူးစက်မှုများမှာ ဇွန်လလယ်အတွင်း က အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ဝန်ထမ်း တစ်ဦး၏ ယာဉ်မောင်းတွင် ရောဂါကူးစက်ခံရ ပြီးနောက် ကူးစက်မှုများတွေ့ရှိလာရခြင်းဖြစ် သည်။ ဆစ်ဒနီတွင် နောက်ထပ်ကူးစက်မှုပေါင်း ၁၇၇ ဦး ရှိသည်။
ရုန်းကန်ဖြေရှင်းနေရ
ဩစတြေးလျနိုင်ငံသည် ကိုဗစ်- ၁၉ ကူးစက် မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ကနေဦး၌ ချီးကျူးမှုများရရှိခဲ့သည်။ နောက်ထပ်ကူးစက်မှု များကို တားဆီးနိုင်ရေးအတွက် နယ်စပ်များကို ပိတ်ထားနိုင်ခဲ့သည်။ သို့သော်လည်း ကာကွယ် ဆေးမထိုးရသေးသည့် ပမာဏများပြားနေသေး သည့်အတွက် ဗီဇပြောင်းဒယ်လ်တာကူးစက်မှုကိုရုန်းကန်ဖြေရှင်းနေရသည်။ ။
ကိုးကား -အေအက်ဖ်ပီ