အမျိုးသားဘလွန်းဒီအောဆုကို ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီနှင့်  အမျိုးသမီးဘလွန်းဒီအောဆုကို ဘာစီလိုနာအသင်းခေါင်းဆောင် ပူတဲလပ်စ်တို့ ဆွတ်ခူး

 

 

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၁ ဘလွန်း ဒီအောဆုပေးပွဲတွင် ပီအက်စ်ဂျီနှင့် အာဂျင်တီးနား တိုက်စစ်မှူး  လီယွန်နယ် မက်ဆီက  ဘိုင်ယန် မြူးနစ်နှင့် ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီး၊ ချယ်ဆီးနှင့်    အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုတို့ကို   ကျော်ဖြတ်ကာ   အမျိုးသား ဘလွန်းဒီအောဆုကို ခုနစ်ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့သည်။ 
မက်ဆီသည် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့်အတူ ၎င်း၏ ပထမဆုံး ဖလားကို   ဆွတ်ခူးနိုင်ခဲ့ပြီး  ၂၀၂၁  ခုနှစ်အတွင်းဘာစီလိုနာအသင်းအတွက် ၂၈ ဂိုး၊ ပီအက်စ်ဂျီအသင်း အတွက် လေးဂိုး၊   အာဂျင်တီးနားအသင်းအတွက်  ရှစ်ဂိုး  စုစုပေါင်း ဂိုး ၄၀ သွင်းယူပေးထားနိုင်သည်။                
မက်ဆီနှင့်အပြိုင်    ဆုရဖွယ်ရှိသည်ဟု    သတင်း ထွက်ပေါ်နေ သည့်  လီဝမ်ဒေါစကီးသည်  မက်ဆီထက် ၃၃ မဲနည်းပြီး ဒုတိယနေရာ ဖြင့်သာ ကျေနပ်ခဲ့ရသည်။ သို့သော်လည်း တိုက်စစ်မှူး  လီဝမ်ဒေါ စကီးသည် ၂၀၂၁ ခုနှစ်အတွင်း ပြိုင်ပွဲစုံ သွင်းဂိုး ၅၃ ဂိုး သွင်းယူ ပေးထားနိုင်သည့်အတွက်   ယခုနှစ်တွင်  ထည့်သွင်းပေးအပ်သည့် အကောင်းဆုံးတိုက်စစ်မှူးဆုကို လက်ခံရရှိခဲ့သည်။
အမျိုးသမီး   ဘလွန်းဒီအောဆုကို   ဘာစီလိုနာအသင်း ခေါင်းဆောင်ပူတဲလပ်စ်သည် ပထမဆုံးအကြိမ်  ရရှိခဲ့သည်။ အသက် ၂၇ နှစ်အရွယ် ပူတဲလပ်စ်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ဘာစီလိုနာ က  ချယ်ဆီးကို လေးဂိုး-ဂိုးမရှိဖြင့်  အနိုင်ယူပြီး ပထမဆုံးအကြိမ် ဖလားဆွတ်ခူးရာတွင် အရေးပါသည့် ကစားသမားတစ်ဦး ဖြစ်သည်။   
အသက်   ၁၉   နှစ်ရှိ       ဘာစီလိုနာကွင်းလယ်ကစား သမား  ပက်ဒရီသည်  အင်္ဂလန်ကစားသမားများဖြစ်သည့် ဘယ်လင်ဂမ်၊  ဂရင်းဝုဒ်နှင့်   ဆာကာတို့ကို  ကျော်ဖြတ်ကာ  အသက် ၂၁ နှစ်အောက်   တစ်နှစ်တာ  အကောင်းဆုံး လူငယ်ကစားသမားဆုဖြစ်သည့်    Kopa  Trophy ကို လက်ခံရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် အီတလီအသင်းကို ယူရိုဖလားရရှိအောင် ကူညီပေးထားနိုင်သည့်   ပီအက်စ်ဂျီအသင်း ဂိုးသမားဒွန်နာရမ်မာသည်   တစ်နှစ်တာ   အကောင်းဆုံး ဂိုးသမားဆု ဖြစ်သည့် Yashin  Trophy  ဆုကို လက်ခံရရှိခဲ့သည်။ ချယ်ဆီး အသင်းတွင် လက်စွမ်းပြသထားနိုင်သည့် ဂိုးသမား မန်ဒီက  ဒွန်နာ ရမ်မာ၏အောက်  ဒုတိယနေရာသာ  ရရှိခဲ့သည်။ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့်  ချယ်ဆီးအသင်းသည်  တစ်နှစ်တာ အကောင်းဆုံး ကလပ်အသင်းဆုကို ရရှိခဲ့သည်။  
မန်ယူတိုက်စစ်မှူး    စီရော်နယ်ဒိုသည် ဘလွန်းဒီ အောဆု ဆန်ခါတင်စာရင်း၌ နံပါတ်ခြောက်နေရာတွင်သာ ရပ်တည်နိုင်ခဲ့ပြီး အသင်းဖော် ဖာနန်ဒက်စ်က နံပါတ် ၂၁ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။                       
   အောင်ဇော်