
ရှင်စောဖြူ(စာပေဗိမာန်)
ယမန်နေ့မှ အဆက်
ဆရာ သိုက်ထွန်းသက်ကလည်း ဆရာ၏ မြန်မာစာပေဝမ်းစာပြည့်ပုံကို ဆရာ့အသက် (၈၀) ပြည့် အမှတ်တရ စာအုပ်တွင် “ဆရာကိုက အက္ခရာဗျည်းနှင့် အသံထွက်ပြဗျည်းများအကြောင်း ဇယား ဆွဲပြသည်။ က-ခ-ဂ-ဃ-င၊ စ-ဆ-ဇ-ဈ-ည ဆိုပြီး ကဝဂ်၊ စဝဂ်၊ ဋဝဂ်၊ တဝဂ်၊ ပဝဂ် ခွဲပြသည်။ ကကြီး ခခွေး ဗျည်း အားလုံးကို ပထမဇယားတိုင်ပါ က-စ-ဋ-တ-ပ-ယ တို့နှင့်လည်းကောင်း၊ ပဉ္စမ ဇယားတိုင်ပါ င၊ ည၊ ဏ၊ န၊ မ၊ သ တို့နှင့် လည်းကောင်း ‘သတ်’ လို့ရကြောင်း၊ သို့သော် ဒုတိယ၊ တတိယ၊ စတုတ္ထဇယား တိုင်ပါ ခ-ဂ-ဃ၊ ဆ-ဇ-ဈ၊ ဌ-ဍ-ဎ၊ ထ-ဒ-ဓ၊ ဖ-ဗ-ဘ ဗျည်းများနှင့် ‘မသတ်’ ကြောင်း ပြောသည်။ ထိုသို့သတ်ရာတွင် က-စ-ဋ-တ-ပ နှင့် သတ်ပါက အသံ မပြောင်းသော်လည်း င-ည-ဏ-န-မ တို့ဖြင့် သတ်ပါက အသံပြောင်းသွားတတ် ပုံကို ‘သရကပင်’ နှင့် ‘ညောင်ပင်’၊ ‘ချစ်တယ်’ နှင့် ‘ခင်တယ်’ တို့ဖြင့် ဥပမာပေး ရှင်းပြသည်။ သရက်ပင်နှင့် ချစ်တယ်တို့မှာ အသံမပြောင်းသော် လည်း ညောင်ပင်က ‘ညောင်ဗင်’ ဟု လည်းကောင်း၊ ခင်တယ်က ‘ခင်ဒယ်’ ဟုလည်းကောင်း ပထမအက္ခရာမှ တတိယအက္ခရာသို့ ပြောင်းသွားပုံဖြစ် သည်။ ဆရာကိုက ကျွန်တော်တို့ ဟောက်နေသည်ကို သည်မျှဖြည့်ပေးရုံနှင့် ကျွန်တော့်မှာ မေ့မသွားအောင် ဇယားဆွဲ မှတ်ထားရသည်။ သည်မျှလောက်နှင့် မတင်းတိမ်နိုင်သဖြင့် ဆက်လေ့လာစရာ စာအုပ်တွေ ရှာရသည်” ဟု မှတ်သားစဖွယ် တင်ပြထားသည်ကိုလည်း လေ့လာရပါသည်။
ဆရာကိုလေး (အင်းဝဂုဏ်ရည်) ၏ ကဗျာအယူအဆနှင့် ပတ်သက်၍ “ကဗျာ မှာတော့ ဦးကိုလေးဟာ ဂန္ထဝင်ဘက်က ရပ်တည်တယ်လို့ ဆိုရမယ်။ သူများမှာ မရှိတဲ့ ကာရန် မြန်မာမှာရှိတာ ဘာကြောင့် ဖျက်ပစ်ဖြုတ်ပစ်ရမှာလဲ။ စာတစ်လုံး၊ စကားတစ်ခု၊ အဓိပ္ပာယ် တစ်ခုထွက်တဲ့ မြန်မာဘာသာစကားရဲ့ သဘာဝကို ဘယ်လိုဖျက်ပစ်လို့ရမှာလဲ။ ကာရန်ဆိုတာ အင်မတန်ချစ်စရာကောင်း တယ်။ မြန်မာကဗျာရဲ့ သဘာဝတစ်ခု၊ မြန်မာကဗျာရဲ့ ယဉ်ကျေးမှုပါ။ အချို့ ကဗျာဆရာတွေဟာ ကဗျာကို ကာရန် မသုံးတော့ဘဲ ရစ်သမ်နဲ့ရေးတယ်ဆိုပြီး ရေးနေကြစဉ်မှာလည်း ဆရာဦးကိုလေး က မဖျောက်ဖျက်ပါဘူး။ သူ့ကဗျာက ကာရန်တွေနဲ့ လှပနေဆဲ” ဟူ၍ ဆရာ ချစ်မောင် (အဝကျွန်း) က ရုပ်ရှင်တေး ကဗျာမဂ္ဂဇင်းတွင် ပြောဖူးသည်။
စင်စစ် ‘အင်းဝက လူထုကဗျာဆရာ’ စာအုပ်သည် ဆရာနှင့် ပတ်သက်၍ လေ့လာစရာ၊ မှတ်သားစရာအပြည့်ဟုပင် ဆိုရပါတော့မည်။
မွန်းတည့်အမီ
ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ ‘မွန်းတည့်အမီ’ ကဗျာစာအုပ် ၂၀၁၂ ခုနှစ် ဧပြီလက လူထုကြီးပွားရေးစာအုပ်တိုက် မှ ထွက်ရှိလာသည်ကို တွေ့ရပါသည်။ ထိုစာအုပ်တွင်လည်း နှစ်ခြိုက်စရာ၊ လေ့လာစရာ ကဗျာအများအပြားပါရှိ ပါသည်။ ထိုစာအုပ်တွင် ကဗျာပေါင်း ၈၇ ပုဒ်မျှ ပါဝင်သည်ကို တွေ့ရသည်။ ‘လမ်းသစ်ကဗျာ’ စာအုပ်နှင့်ဆိုလျှင် ၄၇ နှစ်မျှ နှစ်ပေါင်းကွာခြားခဲ့သည်။ မြန်မာ ကဗျာလောကသည် အစဉ်တစိုက် ဆိုသလိုပင် တိုးတက်ပြောင်းလဲနေသည် ဟု ကဗျာဖတ်သူတစ်ဦးအနေဖြင့် ထင်မြင် မိပါသည်။ ဆရာ၏ကဗျာရေးဟန်သည် လည်း ထူးထူးခြားခြား ပြောင်းလဲလာ သည်ဟု ယူဆမိပါသည်။ ရေးဟန် ပိုသွက်၊ ပိုမြူးကာ လန်းဆန်းလာသည်ဟု ထင်မိ သည်။ စကားလုံးများ ဆစ်ယူလာသည်။ ကဗျာသံစဉ်စည်း သွက်လက်ချက်ချာ လာဟန်ကိုလည်း ခံစားမိပါသည်။
‘မွန်းတည့်အမီ’စာအုပ်တွင် စာကျင်၊ အမေ၊ ဒသမ သုည သုည နှစ်ခွန်၊ ဘွဲ့ရိုး... စသော ကဗျာများ၌ အသံဆစ်ယူထားပုံ၊ စကားလုံးဆစ်ယူထားပုံ သွက်လက်သော ကဗျာဟန်များကို တွေ့နိုင်ပါသည်။
“ကိုလေး (အင်းဝဂုဏ်ရည်) က လူရွှင်ဗျ၊ သူနဲ့တွေ့ရရင် ရွှင်ရတယ်။ ပျော်ရတယ်။ သူက ကဗျာဆရာဆိုသူတွေ အများစုလို ငေးငိုင် မှိုင်ငူ ငြူစူ မာန်ကြွ ဒေါသူပုန်ထနေသူ မဟုတ်၊ သူနဲ့ တွေ့လိုက်ပြောလိုက် ဆိုလိုက်ရရင် ကိုယ့်ရဲ့မှိုင်းဝေတဲ့ စိတ်တွေတောင် လန်းဆန်းမြူးကြွသွားရတယ်။ ကိုလေး က မျက်နှာမူရာ ကြည်သာရွှင်ပြုံးသလို သူ့စကားတွေ၊ သူ့ကဗျာတွေဆိုတာက လည်း မြူးထူးလန်းဆန်းနေတာပါပဲ။ သူ့ကဗျာတွေမှာ အညည်းလေး ဖောက် ဖောက်၊ အဖြီးလေး နှောက်နှောက်၊ ဖတ်ရသူရင်ထဲမှာ အပြုံးလေး ရောက် ရောက်လာတယ်”ဟု ဆရာဦးဝင်းတင်က အမှာတွင် တင်ပြထားသည်မှာ ဆရာ ကိုလေး၏ ကဗျာဟန်သဘောကို လှစ်ပြ ထားသည်ဟု မှတ်ယူမိပါသည်။
ဆရာကိုလေး (အင်းဝဂုဏ်ရည်) ၏ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရလျှင် ဆရာ့ မျက်နှာကိုမြင်ပြီး ဆရာ့စိတ်ဓာတ်ကို တွေးမိပါသည်။ လောကကို ဟာသနှင့် တရားသဘောနှောပြီး မြင်ပုံ၊ ဆရာ၏ ရဲဘော်ရဲဘက်စိတ်၊ ဆရာ့မေတ္တာ၊ သိမ်မွေ့ လှသည့် သံဝေဂပွားရာ အသုံးအနှုန်းလေး များနှင့် ခေတ်၏ပုံရိပ်များကို ခံစားလာရ ပါသည်။
ဆရာမောင်သာနိုး၏ အမှာတွင် “ကျွန်တော်က ကိုလေးကဗျာအချို့ကို အင်္ဂလိပ်လို ဘာသာပြန်ဖူးသူပါ။ သူ့ကဗျာ တွေထဲက ပြန်စရာရွေးရင် ကောင်းနိုး ရာရာတွေဟာ လူထုကဗျာတွေ ဖြစ်နေ တာ တွေ့ရတယ်။ လူထုကဗျာပုံစံမဟုတ် တဲ့ လေးလုံးစပ်၊ ဒွေးချိုး၊ တြိချိုးစတဲ့ ကဗျာသဏ္ဌာန်မျိုးစုံ သူရေးပါတယ်။ ဒါပေမယ့် လူထုကဗျာပုံစံဟာ ကိုလေးရဲ့ တံဆိပ်အမှတ်အသား (hallmark) ကဗျာ ဖြစ်တယ်” ဟု ကဗျာနမူနာများ ထုတ်ပြ ကာ သုံးသပ်ထားသည်မှာလည်း သတိပြု စရာ ကောင်းလှပါသည်။
ဆရာသည် လူထုဘဝရုပ်ပုံလွှာများ ကို ပီပြင်စွာထုဆစ်သည့် ကဗျာဆရာ တစ်ဦးဖြစ်သလို လယ်တောကိုလည်း ချစ်သူ၊ သဘာဝအလှကိုလည်း မြတ်နိုးသူ ဟု မြင်မိပါသည်။
‘မွန်းတည့်အမီ’ ကဗျာစာအုပ်တွင် ဆရာကြီး ဒဂုန်တာရာက“ယခု ကျွန်တော် အသက် ၉၀ ကျော်ပြီ။ အသက်မေးလျှင် ချက်ချင်းပြန်မဖြေနိုင်။ စဉ်းစားရသည်။ ကျွန်တော့်မြေးမလေးက ‘အဘိုး ဆရာ ကိုလေးကို ဘယ်မှာ သိတာလဲ’ ဟု မေး သည်။ ကျွန်တော် ကဗျာများကို ဖတ် သည်။ ယနေ့ ခေတ်ပေါ်ကဗျာဆရာ ရေးသူတို့မှာ သူတို့စကားပြေကို ကဗျာဟု ထင်ကြသည်။ ကဗျာကို ကာရန်မပါဘဲ ရေးလျှင် ယင်းစာစုသည် စကားပြေစာစု သာ ဖြစ်မည်။ အချို့စကားပြေရေးသူများ သည် သူတို့၏ စာစုကို ကဗျာဟုထင်ကြ သည်။ ကျွန်တော်က ကဗျာကို ကဗျာလို ရေးမှ ကြိုက်သည်။ မြေးမလေးက ထပ်မေးသည်။ ‘အဘိုး ဘယ်မှာ ဆရာ ကိုလေးကို တွေ့တာလဲ’သည်မှာ တွေ့တာ ပဲ။ ဘာသည်မှာ တွေ့တာလဲ။ ကျွန်တော် က ခေတ်ပေါ်ကဗျာထဲမှာ တွေ့တာလေ။ ကိုလေးကတော့ ကဗျာကို ရှေးကလို ရေးသည်။ ဒါကို ခေတ်သမားများက ကဗျာမဟုတ်ဟု ပြောကြသည်။ သို့ဖြစ် လျှင် ကဗျာသည် အဘယ်နည်း။ ယခု ဤသို့ဆိုလျှင် ကဗျာသည် အဘယ်နည်း” ဟု ပညာပါသောအမှာဖြင့် ဆန်းစစ် တင်ပြထားသည်ကို တွေ့ရပေသည်။
ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏
ရင်တွင်းစကားသံ
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သည့် ၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲ အခမ်းအနား ကြီးတွင် ဆရာ၏ပီတိစကားသံ၊ ဩဝါဒ စကားများကို မှတ်သားသိရှိခဲ့ရပါသည်။
“တစ်သက်တာ စာပေဆုရတဲ့ အတွက် ကြည်နူးတယ်။ အင်းဝဂုဏ်ရည် ဆိုတာ ကျွန်တော်တက်ခဲ့တဲ့ကျောင်းကို ဂုဏ်ပြုပြီး နာမည်နောက်မှာတွဲပြီး ပေးထားတာပါ။ ‘ကျွန်တော်တို့ဌာနေ ရွှေအင်းဝ’ ကဗျာနဲ့ စာပေလောကထဲကို ရောက်လာတာပါ။ ကဗျာရဲ့အလုပ်ကိုက လှုံ့ဆော်မှုပဲ။ စာဖတ်တဲ့သူကို လှုံ့ဆော်ရာ မှာ ကဗျာနဲ့ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ကိုရပ် စတာတွေ လူသားတွေ အကုန်လုံး စစ်ပွဲရပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ပေါ်လာအောင် စာပေက စွမ်းဆောင်နိုင် တယ်။ ကဗျာက စွမ်းဆောင်နိုင်တယ်။ တကယ်တော့ စာပေဆိုတာ နူးညံ့တယ်။ စာပေက အသည်းထဲကို ချိန်တယ်။ ကျွန်တော်တို့ရဲ့စာပေတွေက အသည်းထဲ ကို စိမ့်ဝင်အောင် ရသပိုင်းနဲ့ ပြောတာဆို တော့ ပိုစွဲတယ်။ ကဗျာဆိုတာ စာပေရဲ့ အမြင့်ဆုံးအပိုင်းပဲ။ ဒီနေ့ခေတ်မှာ ရသ စာပေ အားနည်းသွားတဲ့အတွက် လူငယ် တွေ ရိုင်းသွားတယ်။ ဒါကို ပြန်ဖော်ထုတ် ရမယ်”
“ကျွန်တော်က ခြောက်တန်း ကျောင်းသားဘဝက ကဗျာစရေးတာပါ။ ပထမဆုံးကဗျာအဖြစ် မြန်မာ့လမ်းစဉ် သတင်းစာမှာ ‘ကျွန်တော်တို့ဌာနေ ရွှေအင်းဝ’ ဆိုတာ ရေးဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်မှာ လမ်းသစ်ကဗျာများ စာအုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ‘မွန်းတည့်အမီ’ ကဗျာ စာအုပ်နဲ့ တော်ဘုရားလေးကဗျာဆု ရခဲ့ပါတယ်။ အခုရတဲ့ဆုနဲ့ ပတ်သက်လို့ ကျွန်တော်နဲ့ မတန်ဘူးလို့ ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လေးစားတဲ့ စာရေးဆရာကြီး ဆရာမကြီး တွေကို ရစေချင်ပါတယ်။ ကဗျာနဲ့ ပတ်သက်လို့ လူငယ်တွေကို ပြောချင်တာ က ကဗျာကို နိုင်ငံခြားက ယူရေးတဲ့အခါ အတွင်းက မြန်မာသံလေး ပါစေချင်ရင် မြန်မာပုံစံ ပြန်ရမယ်လို့ ပြောချင်ပါတယ်” ဟု ကဗျာနှင့်ပတ်သက်၍ ဆရာ၏ ရင်တွင်းစကားသံကို မှတ်သားဖွယ် ကြားခဲ့ရပါသည်။
မြန်မာစာပေလောကအတွက် အဖိုး မဖြတ်နိုင်သည့် ကဗျာရတနာများကို ဘဝ တစ်လျှောက်လုံး ကြိုးပမ်းအားထုတ် ရေးသားခဲ့၊ ရေးသားဆဲဖြစ်သော စာပေ ဝမ်းစာပြည့်ဝလှသည့် အမျိုးသားစာပေ တစ်သက်တာဆုရှင် ကဗျာဆရာကြီး ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ့ ရေးရာများကို ကဗျာချစ်သူတစ်ဦး အနေဖြင့် လက်လှမ်းမီသမျှ ‘ခြင်းပွဲမှသည် မွန်းတည့်အမီ’ အထိ တတ်နိုင်သမျှ စူးစမ်းလျက် စေ့ငုတင်ပြခဲ့ပါသည်။ ဆရာ ကြီး သက်တော်ရာကျော်ရှည်၍ စာပေ အကျိုး ဆက်လက်ထမ်းဆောင်နိုင်ပါစေ သတည်းဟု ဆန္ဒပြုတင်ပြလိုက်ရပါသည်။
စာကိုး
၁။ အလယ်တန်း ကဗျာလက်ရွေးစင် (ပညာရေးဝန်ကြီးဌာန) ၁၉၇၀ ပြည့်နှစ်
၂။ လမ်းသစ်ကဗျာများ (ကိုလေး-အင်းဝဂုဏ်ရည်) ၁၉၆၅ ခုနှစ်
၃။ နဒီငါးသွယ် (ကဗျာဆရာငါးဦး)အင်ကြင်းမြိုင်စာပေ၊ ၁၉၉၁ ခုနှစ်
၄။ ပုဏ္ဏားတိုင်ရသစာတမ်း(ကြည်နိုင်) အားမာန်သစ်စာပေ၊ ၂၀၀၁ ခုနှစ်
၅။ မွန်းတည့်အမီကဗျာများ(ကိုလေး-အင်းဝဂုဏ်ရည်)လူထုကြီးပွားရေး စာအုပ်တိုက်၊ ၂၀၁၂ ခုနှစ်
၆။ အင်းဝက လူထုကဗျာဆရာ သို့မဟုတ် ကိုလေး (အင်းဝ ဂုဏ်ရည်) အသက် (၈၀) ပြည့် အမှတ်တရ - ပဉ္စဂံစာအုပ်တိုက်၊ ၂၀၁၆ ခုနှစ်
၇။ ကိုလေး(အင်းဝဂုဏ်ရည်)ကဗျာ ပေါင်းချုပ် - စိတ်ကူးချိုချိုစာအုပ် တိုက်၊ ၂၀၁၆ ခုနှစ်
- Log in to post comments