
ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေက ယေဘုယျအားဖြင့် နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်တာတွေကို လေ့လာပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံနဲ့ သက်ဆိုင်တဲ့၊ နိုင်ငံတကာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုဆွေးနွေးကြပါတယ်
==========================================
အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသန်းဝင်း
----------------------------------------------------------------
တွေ့ဆုံမေးမြန်း - ရှင်မင်း
ဓာတ်ပုံ - ကေကေ
အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီသည် ကမ္ဘာ့နိုင်ငံများရှိ လွှတ်တော်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံ၍ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အမျိုးသားအကျိုးစီးပွားအတွက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို ကူညီဖော်ဆောင်ပေးသည့် ကော်မတီတစ်ရပ်ဖြစ်စေရန် ရည်ရွယ်ကြိုးပမ်း လျက်ရှိသည်။
အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အဆိုပါ ကော်မတီဥက္ကဋ္ဌ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပါမောက္ခ ဒေါက်တာသန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး ။ ။ ပထမဆုံးအနေနဲ့ ကော်မတီရဲ့ ဖွဲ့စည်းပုံကို သိပါရစေ။
ဖြေ ။ ။ ကော်မတီကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ (၁၃) ကြိမ်မြောက် အစည်းအဝေးအပြီးမှာ ကော်မတီဝင်တစ်ဦး ကွယ်လွန်သွားခဲ့တဲ့အတွက် အခု ၁၄ ဦးနဲ့ ကော်မတီလုပ်ငန်းတွေကို ဆောင်ရွက်နေပါ တယ်။
မေး ။ ။ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကိုလည်းပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေက ယေဘုယျအားဖြင့် နိုင်ငံတကာဆက်ဆံရေး
နဲ့ ပတ်သက်တာတွေကို လေ့လာပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံနဲ့ သက်ဆိုင်တဲ့၊ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြပါ တယ်။ လိုအပ်ရင် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မေးမြန်း ဆွေးနွေးတာတွေလည်း ရှိပါတယ်။
လွှတ်တော်ကဏ္ဍဖြစ်တဲ့အတွက် နိုင်ငံတကာ ပါလီမန်တွေနဲ့လည်း ဆက်သွယ်ဆက်ဆံပါတယ်။ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ဆိုတာ တစ်ကမ္ဘာလုံး က နိုင်ငံပေါင်း ၁၇၉ နိုင်ငံရဲ့ ပါလီမန်တွေ၊ လွှတ်တော် တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃၀ ရှိပြီဖြစ်တဲ့ အဖွဲ့အစည်းပါ။
အဲဒီမှာ မြန်မာနိုင်ငံလွှတ်တော်ကလည်း အဖွဲ့ဝင် အဖြစ် ပါဝင်ပါတယ်။ အဲဒီအဖွဲ့က ကျင်းပတဲ့အစည်းအဝေး တွေကိုလည်း တက်ရောက်ပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီး ပါလီမန်ဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆောင်ရွက်ပါတယ်။
ပြီးတော့ အာဆီယံဒေသတွင်းအနေနဲ့ အာဆီယံ ပါလီမန်များ ညီလာခံနဲ့လည်း ပူးပေါင်းဆောင်ရွက်တာ ရှိပါတယ်။ အာဆီယံပါလီမန်များ ညီလာခံကလည်း တစ်နှစ်ကိုတစ်ကြိမ် ညီလာခံလုပ်ပါတယ်။ ညီလာခံ လုပ်တဲ့အချိန်မှာ အာဆီယံဒေသဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကော်မတီတွေက ကိုယ်စားလှယ် ၁၅ ဦး နှစ်စဉ်တက်ရောက် ဆွေးနွေးပါတယ်။ လွှတ်တော်ချင်း ချစ်ကြည်ရေးအနေနဲ့ နိုင်ငံတစ်ခုချင်းနဲ့ အဖွဲ့တွေ သီးသန့်ရှိသလို ကျွန်တော်တို့ ကော်မတီအနေနဲ့ လည်း ဆောင်ရွက်တာရှိပါတယ်။
မေး ။ ။ လွှတ်တော်ချင်း ဆက်သွယ်ဆောင်ရွက်မှုတွေ ကနေ ကော်မတီအနေနဲ့ ရရှိခဲ့တဲ့ အတွေ့အကြုံ
တွေကိုလည်း ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ လွှတ်တော်ချင်းဆက်ဆံရာမှာ နိုင်ငံတကာ ပါလီမန်ညီလာခံ၊ အာဆီယံပါလီမန်များ
ညီလာခံတွေကနေ နိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာ တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သက်ဆိုင်တာတွေ၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာတွေ ဒါတွေကို ကဏ္ဍ အလိုက် ခွဲပြီးဆွေးနွေးကြတာ ရှိပါတယ်။
ဒီအစည်းအဝေးတွေမှာ ကျွန်တော်တို့ နိုင်ငံနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးကိစ္စနဲ့ အဆိုတင်သွင်းတာ၊ ဆွေးနွေးတာတွေရှိပါတယ်။ ဒီလို ဆွေးနွေးကြပေမယ့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေမှန်၊ အဖြစ်အပျက်မှန်ကို သိရှိအောင် ဆွေးနွေးတင်ပြနိုင်ခဲ့တယ်၊ ရှင်းပြနိုင်ခဲ့တယ်။ Resolution လို့ခေါ်တဲ့ ဆုံးဖြတ်ချက်တွေ မကျအောင် အာဆီယံပါလီမန် များညီလာခံမှာ ရှင်းလင်းခုခံနိုင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ၂၀၁၇ ခုနှစ်ကတည်းက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပါလီမန်များညီလာခံမှာတော့ အဆို တင်သွင်းပြီး Resolution ကျတာ ရှိပါတယ်။ အဲဒီမှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ဆောင်ရွက်နေတဲ့ကိစ္စတွေကို ၂၀၁၈ ခုနှစ် ဂျီနီဗာမှာလုပ်တဲ့ ညီလာခံမှာရော၊ ၂၀၁၉ ခုနှစ် ဧပြီလမှာလုပ်တဲ့ ဒိုဟာညီလာခံ မှာရော၊ အောက်တိုဘာလမှာလုပ်တဲ့ ဆားဘီးယားညီလာခံ မှာရော ညီလာခံတက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေက ပြန်လည်ရှင်းလင်းဖြေကြားခဲ့တာတွေ ရှိပါတယ်။
ပါလီမန်တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာ ပါလီမန်မိသားစုမှာ နိုင်ငံအချင်းချင်း၊ လူပုဂ္ဂိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေကို ကျွန်တော်တို့ ကော်မတီ အနေနဲ့ ဆောင်ရွက်နေပါတယ်။
ကျွန်တော်တို့ ကော်မတီအနေနဲ့ ကော်မတီအစည်း အဝေးတွေကိုလည်း ပုံမှန်ဆောင်ရွက်နေပါတယ်။ ဒီလို အစည်းအဝေးကျင်းပချိန်မှာလည်း နိုင်ငံတကာပါလီမန်တွေ အကြောင်း၊ ကျွန်တော်တို့နဲ့ ဆက်သွယ်ဆက်ဆံမှုတွေများတဲ့ နိုင်ငံတွေအကြောင်းကို ကျွန်တော်တို့ ကော်မတီဝင်တွေက လေ့လာပြီးတော့ ဆွေးနွေးကြတာတွေရှိပါတယ်။ ဒီလိုမျိုးပဲ ကမ္ဘာမှာ တစ်ပတ်အတွင်း၊ နှစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေ၊ သတင်းတွေ၊ အရေးကြီးတဲ့ အချက် အလက်တွေကို လေ့လာပြီးတော့ ကျွန်တော်တို့ အစည်း အဝေးတွေမှာ ဆွေးနွေးလေ့ရှိပါတယ်။
ဆိုလိုတာက ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့ အပြောင်းအလဲတွေကို မျက်ခြည်မပြတ်အောင် ကျွန်တော်တို့ကော်မတီက အမြဲတမ်းကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒါပြီးတော့ ပါလီမန်များ ညီလာခံတွေမှာ သက်ဆိုင်ရာခေါင်းစဉ်တွေနဲ့ စပ်လျဉ်း ပြီး ဝင်ရောက်ဆွေးနွေးတာတွေ၊ နိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ဖြေရှင်းတာတွေကို ကျွန်တော်တို့ကော်မတီ အနေနဲ့ ဆောင်ရွက်နေပါတယ်။
နောက်တစ်ခုက ကမ္ဘာ့ပါလီမန်များညီလာခံနဲ့ ကျွန်တော်တို့ လွှတ်တော်ပူးပေါင်းပြီး ဒီမိုကရေစီနေ့ကို ကျင်းပပါတယ်။ ဒီလိုမျိုးပဲ ဗီယက်နမ်မှာကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့သက်ဆိုင်တဲ့ ဆွေးနွေးပွဲတွေ ကိုလည်း တက်ရောက်ပါတယ်။ ဒီလိုမျိုးတွေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတကာ ကိုယ်စားသံအမတ်ကြီးတွေ ရှိပါတယ်။ သံအမတ်ကြီး တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေရှိပါတယ်။ ဒီလိုမျိုးပဲ နိုင်ငံတကာက လွှတ်တော်ဆိုင်ရာ တာဝန်ရှိသူတွေ ကလည်း လာရောက်ပြီး လွှတ်တော်ကဏ္ဍအတွက် တွေ့ဆုံဆွေးနွေးကြတာရှိပါတယ်။ ကျွန်တော်တို့ ကော်မတီတွေနဲ့လည်း တွေ့ဆုံဆွေးနွေးတာတွေ ရှိပါ တယ်။ အခုကျွန်တော်တို့ ဒုတိယအကြိမ် သက်တမ်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ် ဆောင်ရွက်နေတာတွေရှိပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတကာအခြေအနေကို မျက်ခြည်မပြတ် လေ့လာ သုံးသပ်နေပါတယ်။
မေး ။ ။ ကော်မတီအနေနဲ့ နိုင်ငံတကာပါလီမန်တွေ ပါဝင်တဲ့ အစည်းအဝေးတွေ လက်ခံကျင်းပ
မယ့် အစီအစဉ်တွေရှိရင်လည်း သိပါရစေ။
ဖြေ။ ။ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးအစ ၂၀၁၆ ခုနှစ်တုန်းက အာဆီယံပါလီမန်များ
ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက် ခဲ့ပါတယ်။ အဲဒီအစည်းအဝေးက နိုင်ငံအက္ခရာစဉ်အလိုက် ကျင်းပတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ပထမအကြိမ် အစည်းအဝေး ၂၀၁၅ ခုနှစ်မှာ ကျင်းပရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲနီးတဲ့အတွက် လက်ခံမကျင်းပ တော့ဘဲ ၂၀၁၆ ခုနှစ် ဒုတိယအကြိမ် လွှတ်တော်အစမှာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။
နိုင်ငံတကာပါလီမန်တွေ တက်ရောက်နိုင်မယ့် အစည်းအဝေးအနေနဲ့ ကျင်းပသွားဖို့ မရှိသေးပါဘူး။ ဒါပေမယ့် နိုင်ငံတကာပါလီမန်များအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပ သွားမယ့် အစီအစဉ်တွေတော့ ရှိပါတယ်။ နိုင်ငံရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ကျင်းပသွားမယ့် အစည်း အဝေးပါ။ ဒီအတွက်လည်း ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါ တယ်။
မေး။ ။ ပြည်သူတွေသိရှိစေဖို့ ဖြည့်စွက်ပြောကြား ချင်တာရှိရင် ပြောကြားပေးပါ။
ဖြေ။ ။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ အုပ်ချုပ် ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ဥပဒေ
ပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဆိုပြီး သုံးရပ်ရှိကြပါတယ်။ နိုင်ငံတကာ လွှတ်တော်ချင်းအနေနဲ့ ဆက်သွယ်ပြီး အမြဲတက်ကြွစွာ ဆက်ဆံလှုပ်ရှားနေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းပဲ ရှိသေးတဲ့အတွက် သက်တမ်းက ကိုးနှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် အရှိန်ယူပြီး လုပ်ဆောင်နေပါ တယ်။ မိသားစုဝင် လွှတ်တော်တစ်ခုအနေနဲ့ လွှတ်တော် အချင်းချင်းရော၊ လွှတ်တော်ခေါင်းဆောင် လွှတ်တော် ဥက္ကဋ္ဌတွေရော၊ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း ရော ပိုပြီးလက်တွဲလုပ်ဆောင်နေပါတယ်။