မြန်မာနိုင်ငံအတွင်း မြေအသုံးချမှု စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများစွာ ရှိနေကြောင်း အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ယင်းစိန်ခေါ်မှုများတွင် တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ် ချက်များ၊ ကဏ္ဍအလိုက် ပြဋ္ဌာန်းထားသည့်ဥပဒေများ ချိတ်ဆက် မှု၊ သဟဇာတမဖြစ်မှုနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေအပေါ် လိုသလို အလွဲသုံးဆောင်ရွက်မှုများ၊ မြေသယံဇာတအချက်အလက်များနှင့် မြေပြင်၊ မြေပုံများ တိကျမှန်ကန်ရန် လိုအပ်မှုရှိနေခြင်းများ၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရာတွင် ဆက်စပ်ဌာနများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ခြင်းများစသည့် အကန့်အသတ်နှင့် စိန်ခေါ်မှုများက အဓိကဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် မြေအရင်း အမြစ်ဥပဒေများမှာ သက်တမ်းနှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်ရာ ခေတ်အခြေအနေနှင့် ကိုက်ညီဆီလျော်မှု၊ ပြည်သူ့အကျိုးစီးပွား ကို သယ်ပိုးနိုင်မှု၊ တရားမျှတမှုရှုထောင့်များမှ လေ့လာဆန်းစစ် လျက် မြေအရင်းအမြစ်မူဝါဒဆိုင်ရာအရေးကိစ္စများကို ကိုင်တွယ် ဖြေရှင်းပေးနိုင်မည့် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရန် လိုအပ် လျက်ရှိသည်။ နိုင်ငံ၏ မြေအရင်းအမြစ်များသည် စားနပ်ရိက္ခာ ဖူလုံရေး၊ ရေအရင်းအမြစ်များ ဖော်ထုတ်ရေး၊ လမ်းပန်းဆက်သွယ် ရေး၊ မြို့ရွာကျေးလက်များ တည်ထောင်ရေး၊ စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးစသည်ဖြင့် ပြည်သူ လူထုအတွက် အသုံးချရသည့် မရှိမဖြစ် သယံဇာတအရင်းအမြစ် ဖြစ်သည်။ မြေအရင်းအမြစ်ဟူသည် တစ်သမတ်တည်း အကန့် အသတ်ဖြင့်သာတည်ရှိနေပြီး မိမိတို့ရှင်သန်ရာ မျက်မှောက်ခေတ် အတွက်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ မျှော်တွေးကာ စီမံခန့်ခွဲအသုံးချသွားရမှာဖြစ်သည်။
အမျိုးသားမြေဥပဒေရေးဆွဲရာတွင် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်တို့ကို အများပြည်သူ၊ သက်ဆိုင်ရာအစိုးရဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တောင်သူလယ်သမားများနှင့် အကျိုးသက်ဆိုင်သူများအား အောက်ခြေအထိ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ဆွေးနွေးပွဲများ ကျင်းပခြင်း၊ အခြားနည်းလမ်း များဖြင့် အသိပေးခြင်းတို့ ပြုလုပ်ရန်၊ အမျိုးသားမြေဥပဒေမူကြမ်း ကို ပြုစုရာတွင် အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာ ၍ မိမိတို့နိုင်ငံ၏ ထူးခြားသောအခြေအနေများ၊ တွေ့ကြုံနေရသည့် ပြဿနာများ၊ နိုင်ငံအတွင်းရှိ မြေနှင့်အခြားသဘာဝသယံဇာတ များကို အသုံးပြုသူတို့၏ အကျိုးစီးပွားကို အခြေပြုရေးဆွဲကာ မီဒီယာများအပါအဝင် သက်ဆိုင်ရာ အကျိုးသက်ဆိုင်သူများနှင့် အများပြည်သူတို့က သုံးသပ်အကြံပြုနိုင်ရေးအတွက် ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ရန်၊ အမျိုးသားမြေဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း ၍ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရာတွင် အကျိုးသက်ဆိုင်သူအားလုံးပါဝင်စေရန် အမျိုးသားမြေအသုံးချမှု မူဝါဒတွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး၊ အမျိုးသားမြေအသုံးချမှု စီမံကိန်း များနှင့် မြေအသုံးချမှုဇုန်များ ရေးဆွဲသတ်မှတ်ရေးနှင့်မြေသတင်း အချက်အလက်စီမံခန့်ခွဲသည့်စနစ် တည်ထောင်ရေးတို့သည် ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေအရင်းအမြစ်များကို စနစ်တကျ စီမံ ခန့်ခွဲအသုံးချနိုင်ရန် အထူးအရေးကြီးသည့်အလျောက် အချိန်နှင့် တစ်ပြေးညီ အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း။ ။
Remark Type