အမျိုးသမီးလိဂ်တွင် လက်ရှိချန်ပီယံ အား/ကာသိပ္ပံနှင့် သစ္စာအားမာန်အသင်း နိုင်ပွဲဆက်

 

ရန်ကုန်   နိုဝင်ဘာ   ၁၁


၂၀၂၂ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၀) ပထမနေ့ကို နိုဝင်ဘာ ၁၁ ရက်က သုဝဏ္ဏလေ့ကျင့်ရေး ကွင်း-၁ နှင့်   ဗဟန်းမြက်ခင်းတုကွင်း၌  ဆက်လက် ကျင်းပရာ လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းနှင့် ဇယားထိပ်ပိုင်းမှ သစ္စာအားမာန်အသင်း နိုင်ပွဲဆက် ခဲ့သည်။

 


သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၁ ၌ကျင်းပသည့်ပွဲတွင် လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းက Young Lionesses အသင်းကို ခုနစ်ဂိုး-တစ်ဂိုး ဖြင့်  အနိုင်ရခဲ့သည်။ 

 


အား/ကာသိပ္ပံအသင်းအတွက်    အနိုင်ဂိုးများကို   ၂၄  မိနစ်တွင် လင်းမြင့်မိုရ်၊ ၄၅+၂၊ ၇၀ မိနစ်တွင် ရွှေရည်ထွန်း၊ ၅၈၊ ၆၈၊ ၇၄ မိနစ်တွင် ခင်မာလာထွန်း၊ ၆၁ မိနစ်တွင် နန့်မေသဇင်တို့က သွင်းယူပြီး Young Lionesses အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၉၀+၈ မိနစ်တွင် ရွှေပုံချစ် က သွင်းယူခဲ့သည်။ ယခုပွဲအပြီးတွင် အား/ကာသိပ္ပံအသင်းက ရှစ်ပွဲ ကစား   ရမှတ်  ၂၂  မှတ်၊ Young Lionesses အသင်းက ကိုးပွဲကစား ရမှတ် ခြောက်မှတ် ရရှိထားသည်။

 


ဗဟန်းမြက်ခင်းတုကွင်း၌ကျင်းပသည့်ပွဲတွင် သစ္စာအားမာန် အသင်းက YREO အသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ သစ္စာအားမာန် အသင်းသည် ပထမဆုံးအကြိမ် ချန်ပီယံဆုရယူနိုင်ရန်အတွက် ကြိုးပမ်း လျက်ရှိပြီး ယခုပွဲအနိုင်ရလဒ်ကြောင့် ဇယားထိပ်ပိုင်းတွင် ဆက်လက် ဦးဆောင်လျက်ရှိသည်။ 

 


အိန္ဒိယကလပ်တွင်   ကစားခဲ့သည့်   မြန်မာ့လက်ရွေးစင် တိုက်စစ် မှူး    ဝင်းသိင်္ဂီထွန်းအပါအဝင်   လက်ရွေးစင်ကစားသမားအများစု ပါဝင်သည့်  သစ္စာအားမာန်အသင်းသည်  ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

 


ပွဲစဉ် (၁၀) နောက်ဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၂ ရက် (ယနေ့)တွင် ဗဟန်း မြက်ခင်းတုကွင်း၌  တနင်္သာရီအသင်းနှင့်   မြဝတီအသင်း  ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။            
                               

ရဲရင့်လွင်