
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲ (ပထမဆု)
သိန်းသန်းဆင့်
“ပုခက်လွှဲသော မိခင်တို့၏လက်သည် ကမ္ဘာကို လွှမ်းမိုးနိုင်သည်”ဟုဆို၏၊ သို့သော် မိခင်ဘဝပင် မရောက်လိုက်မီ အကြမ်းဖက်ခံလိုက်ရသည့် အမျိုးသမီးများမှာ မနည်းလှပေ။ အမျိုးသမီးများ၏ ရုပ်ခန္ဓာသဘောသဘာဝအရ နွဲ့နောင်း၊ ပျော့ပျောင်း မှု၊ စိတ်အားငယ်တတ်မှုကို အခွင့်ကောင်းယူ ချိုးနှိမ် ကာ အမျိုးသားများက အကြမ်းဖက်ကြလေသည်။ အချို့အမျိုးသမီးများဆိုလျှင် အကြမ်းဖက်ခံရသည် ကိုပင် သိရှိနိုင်ခြင်းမရှိဘဲ ဖြစ်ရိုးဖြစ်စဉ် အလေ့အထ တစ်ခုအဖြစ်သာ ခံစားသိရှိကြလေသည်။
အမျိုးသမီးများသည် ပင်ကိုစရိုက်အနေ အထားအရ ရုပ်ခန္ဓာပျော့ပျောင်းသကဲ့သို့ စိတ်ဓာတ် ရေးရာအရလည်း နူးညံ့ခြင်း၊ အရှက်သိက္ခာကို ထိန်းသိမ်းရခြင်းတို့ကြောင့် မတရားအကြမ်းဖက် ခံရမှန်း သိရှိကောင်းသိရှိသော်လည်း တစ်ပါးသူကို ဖွင့်ဟရန်ဝန်လေးနေတတ်ကြပေသည်။ ကျား၊ မ ကွဲပြားမှုအရ အစဉ်တစိုက် အမျိုးသားများ၏ လွှမ်းမိုးအနိုင်ကျင့်ခံရမှုကို ဓလေ့ထုံးတမ်းသဖွယ် ယုံကြည်နေတတ်ကြပေသည်။ အမျိုးသားများ၏ စိုးမိုးမှုကို အရိုအသေပေး ခံယူနေကြသည့် သဘော ရှိပေသည်။ ဤသည်ကိုပင် အမျိုးသားများက အခွင့် ကောင်းယူ အကြမ်းဖက်ကြပေသည်။ အစပိုင်းတွင် အမျိုးသားများက တန်းတူသဘောထားကြသော် လည်း နောက်ပိုင်းတွင် အနိုင်ကျင့်၍ရမှန်းသိလာ ကာ အကြမ်းဖက်သည့်အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ အမျိုးသမီးများအပေါ် အမျိုးသားများက အကြမ်းဖက်မှုသည် မွေးရာပါအခွင့်အရေးတစ်ရပ်ဟု ယူဆကာ နေ့စဉ်နှင့်အမျှ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်နေသည်မှာ ကမ္ဘာနှင့်အဝန်းဖြစ်သည်။ နည်းပညာများ မည်မျှတိုးတက်လာသည်ဆိုကာမူ လူသားမဆန်သည့်စိတ်ကြောင့် ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများ၌ပင် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများရှိနေရာ ကာကွယ်တားဆီးမှုပြုနိုင်ခြင်း မရှိသေးပေ။
အကြမ်းဖက်မှုနည်းလမ်းများ
အမျိုးသမီးများအပေါ် အကြမ်းဖက်ရာတွင် အောက်ပါနည်းလမ်းများဖြင့် အကြမ်းဖက်ကြပေ သည်-
(၁) ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခြင်း၊
(၂) စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခြင်း၊
(၃) လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခြင်း၊
(၄) ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ အကြမ်း
ဖက်ခြင်း၊
(၅) နည်းပညာနှင့်ဆက်စပ်သည့် အကြမ်း
ဖက်ခြင်း၊
(၆) စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊
အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွင် ပုံစံ အမျိုးမျိုးနှင့် အကြမ်းဖက်မှုပေါင်းစုံ ရှိနေတတ်ပေ သည်။ အများစုမှာ အမျိုးသမီးများနှင့် အရင်းနှီးဆုံး နှင့် အတူနေအမျိုးသားများ၏ အကြမ်းဖက်မှုကို ခံရခြင်းပင်ဖြစ်သည်။သမီးရည်းစားချစ်သူစုံတွဲများအကြား၊ အိမ်ထောင်ရှင်အမျိုးသားနှင့် မိသားစုဝင် များအကြားဖြစ်ပေါ်သည့် အိမ်တွင်းအကြမ်းဖက် မှုများမှာ အများအပြားရှိသော်လည်း သမားရိုးကျ ဖြစ်စဉ်ကဲ့သို့ရှိနေပြီး တိမ်မြုပ်ပျောက်ကွယ်လျက် ပင်ရှိသည်။ ချစ်သူချင်းမို့ သိနားလည်ကြသည်။သည်းခံခွင့်လွှတ်ရသည်။ လင်နဲ့မယားလျှာနှင့်သွား မို့ အဆန်းတကျယ်မဟုတ်၊ ခေတ္တခဏသာဖြစ်သည့် အလေ့အကျင့်သဘောမျိုးသာဖြစ်သည်ဟု ယူဆ ကြပေသည်။ အိမ်ထောင်ရှင်အမျိုးသမီးများမှာ သားသမီးများရရှိပါက ပို၍ပင် ဆိုးနေတော့သည်။ သား သမီးများ၏ မျက်နှာထောက်ရ၊ နှစ်ဖက်မိဘ မောင်ဖွားများ၏ မျက်နှာထောက်ရနှင့် ရင်ထဲမျိုသိပ် တိတ်ဆိတ်စွာ နေလိုက်ကြရပေသည်။ သည်းခံနိုင် စွမ်းကုန်ဆုံး၍ မခံနိုင်တော့သည့်အခြေအနေသို့ရောက်ရှိလာမှသာ စိတ်ဒဏ်ရာကြီးစွာ ခံစားရပြီး ဘဝကို အဆုံးတိုင် ကြိတ်မှိတ်ခံစားရပေသည်။ အချိန်လွန်ခဲ့ပြီဖြစ်၍ ဖြစ်လေရာဘဝ ခဝါချ၍သာ ကံကိုလက်ညှိုးထိုး မိုးကိုသာ ယိုးမယ်ဖွဲ့ရသည်။
ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံမှု
နီရာဘယကို ၁၉၉၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တရာပရာဒက်ရှ်ပြည်နယ် ဟာသရ ခရိုင် လယ်သမားမိသားစုက မွေးဖွားခဲ့ပေ၏၊ မိဘ များ၏မျိုးရိုးဗီဇအရ ဒလိတဇာတ်နိမ့်နွယ်ဝင်ဖြစ်၍ အိန္ဒိယနိုင်ငံ၏ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံမှု ၏ သဘောအရ အနှိမ်ခံ၊ အပယ်ခံများဖြစ်ပေသည်။ ဟိန္ဒူဘာသာဝင်များ၏ ဇာတ်ခွဲခြားမှုစနစ်၏ အောက်ဆုံးဝင် ဒလိတမျိုးနွယ်များကို မဆက်ဆံရန် သတ်မှတ်မှုများရှိပေသည်။ နီရာဘယ အပျိုအရွယ် ရောက်လာသည့်အခါ မိန်းကလေးတို့၏ သဘာဝ အလှကြွယ်လာရာ ပုရိသယောက်ျားများ စွဲမက်ဖွယ် ဖြစ်လာသည်။ အရွယ်လေးရ ကျောင်းသူဘဝတွင် ဇာတ်နိမ့်မျိုးနွယ်ဖြစ်ရကား ဇာတ်မြင့်အမျိုးသားများ ၏ အနိုင်အထက်ပြုဖွယ်ဖြစ်နေသည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်တွင် ဇာတ်မြင့်အမျိုးသား လေးဦးက မွေးရာဇာတိ၌ပင် လယ်ကွင်းအတွင်း တရွတ်တိုက်ဆွဲ၍ အုပ်စုဖွဲ့အဓမ္မကျင့်ခံရရုံမက အသက်ပါ ဆုံးရှုံးရပေသည်။ နီရာဘယ အဓမ္မကျင့် အသတ်ခံရမှုမှာ အိန္ဒိယနိုင်ငံ သာမက ကမ္ဘာသို့ပါ ပျံ့နှံ့ခဲ့သဖြင့် အိန္ဒိယအစိုးရက အဓမ္မကျင့်မှုဆိုင်ရာ ဥပဒေများကို ပြင်ဆင်၍ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ ပပျောက်ရေးဆောင်ရွက်ခဲ့သော်လည်း သန်း ၂၀၀ ရှိ ဒလိတနွယ်ဝင် အမျိုးသမီးများမှာ ယနေ့တိုင် အိန္ဒိယနိုင်ငံ၌ အကြမ်းဖက်ခံရဆဲပင် ဖြစ်သည်။ ထိုသို့ ရိုးရာဓလေ့မျိုးနွယ်စု ခွဲခြားမှုများ ကြောင့်လည်း ဇာတ်နိမ့်အမျိုးသမီးများမှာ အကြမ်း ဖက်ခံနေရဆဲဖြစ်သည်။
စစ်နှင့်ရော၍ အကြမ်းဖက်ခံကြရ
စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံများတွင် အမျိုး သမီးများ သာမက အသက်အရွယ်ကြီးသူများ၊ အိုမင်းမစွမ်းသူများ၊ ကလေးသူငယ်များနှင့် နာမကျန်းသူများမှာ စစ်၏ဒဏ်ကြောင့် အတိဒုက္ခ ရောက်ကြရသည်။ အမျိုးသမီးများမှာ စစ်နှင့်ရော၍ အကြမ်းဖက်ခံကြရသည်။ ရုပ်ပိုင်းဆိုင်ရာအကြမ်း ဖက်ခံရမှုသာမက စိတ်ပိုင်းဆိုင်ရာအရပါ အကြမ်း ဖက်ခံကြရသည်။
လူမှုရေးဆိုင်ရာဆိုးကျိုးများကို နောက်ဆက်တွဲ ခံစားကြရသည်။ ဂွာတီမာလာနိုင်ငံ တွင် ကာလရှည်ကြာခဲ့သည့် ပြည်တွင်းစစ်ကြောင့် အမျိုးသမီးများသည် စစ်အတွင်း ပါဝင်ခဲ့ရပြီး ကိုယ်တိုင်တိုက်ခိုက်သူများ၊ တိုက်ခိုက်ရေးအဖွဲ့များ ကို ပံ့ပိုးပေးရသူများ ဖြစ်လာခဲ့သည်။ ၁၉၉၀ ပြည့် နှစ် နှစ်ဦးပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင် သည့်အခါတွင်မှသာ အမျိုးသမီးများသည် ဆွေးနွေး ညှိနှိုင်းမှုဆိုင်ရာကိစ္စများတွင် ပါဝင်လာခဲ့ပေသည်။ အမျိုးသမီးများ ပါဝင်ခဲ့သည့် အကျိုးဆက်ကြောင့် ငြိမ်းချမ်းရေးသဘောတူညီချက်တွင် အိမ်ရာနှင့် ငွေကြေးအထောက်အပံ့ပေးခြင်း၊ စစ်အတွင်း ပျောက်ဆုံးခဲ့သည့်ကလေးများရှာဖွေခြင်း၊ လိင်ကိစ္စ ကျူးလွန်မှုဆိုင်ရာကို အပြစ်ပေးခြင်းနှင့် နိုင်ငံတော် အဆင့် အမျိုးသမီးဖိုရမ်ကျင်းပပေးခြင်း စသည့် အမျိုးသမီးများအရေး ထည့်သွင်းစဉ်းစားသည့် အာမခံချက်များ ရရှိခဲ့ပါသည်။ သို့ရာတွင် ဂွာတီ မာလာနိုင်ငံ ဒေသအချို့တွင် မိန်းကလေးများ မွေးဖွားပြီး ၁၂ နှစ်မပြည့်မီ ဘာသာရေးဆရာက သန့်စင်ပေးသည်ဟုဆိုကာ လိင်ဆက်ဆံပေးသည့် အလေ့အထ ရှိနေသေးသည်။ ဆက်ဆံခံရသည့် မိန်းကလေးများအနေဖြင့် မိဘများကိုကြောက်ရွံ့မှု နှင့် ဓလေ့ထုံးစံအရ လိုက်လျောကြရသော်လည်း အမျိုးသမီးသဘာဝအရ စိတ်ခံစားချက်များ ရှိမည်မှာမလွဲပေ။
အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွင် အများဆုံးဖြစ်ပွားသည့် အကြမ်းဖက်မှုမှာ အလို ဆန္ဒမပါဘဲ သားမယားပြုကျင့်မှု(မုဒိမ်းမှု)ပင် ဖြစ်သည်။ ဆယ်ကျော်သက်အရွယ် ကလေးငယ်မှ စ၍ သက်ကြီးရွယ်အိုအထိ အကြမ်းဖက်သားမယားပြုကျင့်မှုများရှိနေသည်။ အီသီယိုးပီးယားနိုင်ငံသည် သားမယားပြုကျင့်မှု အများဆုံးနိုင်ငံဖြစ်ပြီး သက်ငယ်မုဒိမ်းမှု ဖြစ်ပွားလွန်း၍ မိန်းကလေးများ မွေးလာပြီး ၁၀ နှစ်အရွယ် ရောက်ပြီဆိုပါက အိမ်ထောင်ပြုစေရသည်အထိဖြစ်သည်။ သီရိလင်္ကာ နိုင်ငံမှာ လိင်အကြမ်းဖက်မှုများပြားပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသား ၁၄ ဒသမ ၅ ရာခိုင် နှုန်းသည် အကြမ်းဖက်မှုကျူးလွန်နေကြပြီး အမှု အခင်းများ၏ ၄ ဒသမ ၅ ရာခိုင်နှုန်းမှာ သားမယားပြုကျင့်မှုများဖြစ်ပေသည်။ သားမယားပြုကျင့်ခံရ သည့် အမျိုးသမီးများမှာ မိမိကိုယ်ကို သတ်သေကြ သဖြင့် ကမ္ဘာတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသူ အများဆုံးနိုင်ငံဖြစ်ပေသည်။
ဥရောပနိုင်ငံများဖြစ်သည့် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်၊ အင်္ဂလန် စသည့်နိုင်ငံများသည် နည်းပညာနှင့် လူနေမှုအဆင့်အတန်း မြင့်မားသည် ဟုဆိုသော်လည်း မြင့်မားလာသည့် လူနေမှုနှင့် အပြိုင် သားမယားပြုကျင့် အကြမ်းဖက်သည့် နိုင်ငံများ စာရင်းတွင် ပါဝင်လျက်ရှိပေသည်။
အိန္ဒိယနိုင်ငံတွင် အမျိုးသားအများစုသည် လိင်အကြမ်းဖက်ချင် စိတ်များပြားပြီး မိနစ် ၂၀ တွင် တစ်ကြိမ် သားမယား ပြုကျင့်မှု ဖြစ်ပေါ်နေသည်ဟု ပင် ဆိုကြသည်။ အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများကို တန်ဖိုးထားမှု နည်းပါးလွန်းပြီး နွားကိုပို၍ တန်ဖိုးထားကြသဖြင့် “အမျိုးသမီးနှင့်နွား၊ ဘယ်သူကပို၍ လုံခြုံမှုရှိသလဲ”ဟုပင် ခိုင်းနှိုင်းကြ သည်။ တောင်အာဖရိကနိုင်ငံတွင် အမျိုးသမီးများ၏ အပျိုစင်ဘဝကို အမျိုးသားများ၏ လက်ထဲတွင် အကျိုးမဲ့စွန့်လွှတ်လိုက်ကြရမှု အများဆုံးဖြစ်ပြီး ကမ္ဘာ့မုဒိမ်းမြို့ပြများဟုပင် ကဲ့ရဲ့ကြပေသည်။ တောင်အာဖရိကနိုင်ငံရှိ အကျဉ်းသားအများစုမှာ သားမယားပြုကျင့်သူများ ဖြစ်ပေသည်။ ကမ္ဘာ့ စူပါပါဝါနိုင်ငံကြီးဖြစ်သည့် အမေရိကန်ပြည်ထောင်စု တွင်လည်း အမျိုးသားအများစုက အမျိုးသမီး များကို အလိုမတူဘဲ သားမယားပြုကျင့်နေချင်ကြပြီး အမျိုးသမီး ခြောက်ဦးတွင် တစ်ဦးမှာ သားမယား ပြုကျင့်အကြမ်းဖက် ခံရသူဖြစ်သည်ဟု ဆိုပေသည်။
ပို၍ပင် ဖြစ်ပွားလျက်ရှိ
နိုင်ငံတကာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရန်အလို့ငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများမှာ အားနည်းချက်များ ရှိနေ၍ ကျား၊ မ အခြေပြု အကြမ်းဖက်မှုများမှာ ကွယ်ပျောက်သွားခြင်း မရှိသည့်အပြင် ပို၍ပင် ဖြစ်ပွားလျက်ရှိပေသည်။ အိမ်တွင်းအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသည့် ဒေသများတွင် စီးပွားရေးဆိုင်ရာအကြမ်းဖက်မှု များ ဖြစ်ပွားဆဲပင် ရှိနေပေသည်။ ရှေးနှစ်ပေါင်း များစွာကပင် နိုင်ငံတကာ၌ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံပြီး အကြမ်း ဖက်မှုများရှိခဲ့၍ ၁၉၇၉ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူ စာချုပ် (The Convention on the Elimination of All Forms of Discrimi-nation Against Women- CEDAW) ကို နိုင်ငံပေါင်း ၁၉၉ နိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးခဲ့ပေသည်။ CEDAW မှာ ၁၉၈၁ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ပြီး အသက်ဝင်ချိန်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၈၅ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ မိမိတို့နိုင်ငံကလည်း အဆိုပါစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ CEDAW ၏ အပိုဒ် ၄ နှင့် ၇ တွင် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးသည့် မဟာဗျူဟာများ ကို ချမှတ်ပေးထားပြီး လက်မှတ်ရေးထိုးအတည်ပြု ထားသည့် နိုင်ငံများအတွင်း မဖြစ်မနေ လိုက်နာရ မည့် နိုင်ငံတကာဥပဒေလည်းဖြစ်သည်။
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW)ချုပ်ဆိုပြီးနောက်ပိုင်း နိုင်ငံတကာတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရန် တောင်းဆိုမှု များပြားလာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ CEDAW ၏ ကျင့်ဝတ်နှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းအတည်ပြုခဲ့ပေသည်။ အမျိုးသမီးများ၏ အခွင့်အရေးများကို ဖော်ဆောင်သွားရန်ရည်ရွယ်၍ ၁၉၉၅ ခုနှစ်တွင် ဗီယင်နာကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယင်းနှစ်မှာပင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု၊ ကာကွယ်တားဆီးနိုင်ရေးအတွက် သံတမန်ရေးရာဆက်ဆံရေး၊ စေ့စပ်ညှိနှိုင်းရေး၊ ကြားဝင်ဖြေရှင်းပေးနိုင်ရေးတို့တွင် အမျိုးသမီးများ ပါဝင်မှုကို အလေးနက်ထားသည့် Beijing Platform for Action ကို အကောင်အထည်ဖော်ခဲ့သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကျား၊ မ ရေးရာ အခြေခံသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ တရားမျှတမှုများရှိစေရန် နိုင်ငံတကာရာဇဝတ်မှု ခုံရုံး၏ရောမနည်းဥပဒေ(Rome Statite)ကို ၁၉၉၈ ခုနှစ်တွင် အမျိုးသမီးများအကြမ်းဖက်မှုဆိုင်ရာကိုဖြည့်စွက်ထည့်သွင်းခဲ့ပေသည်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများတွင် အမျိုးသမီးများ ပါဝင် နိုင်ရေးနှင့် နိုင်ငံ့တာဝန်များကို အမျိုးသမီးများ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၂၀၀၀ ပြည့်နှစ် တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) က ဆုံးဖြတ်ချက် ၁၃၂၅ ကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၅ တွင် ဆုံးဖြတ်ချက် ၂၂၄၂ ကို ထပ်မံပြဋ္ဌာန်းခဲ့ပါသည်။
ဖဲကြိုးဖြူနေ့
၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒိုမီနီကန်နိုင်ငံသမ္မတ ရာဖီးလ် လီအိုနီဒါ့ထေဂူဂျီလို မိုလီနာက ၎င်းကိုဆန့်ကျင်သည့် ညီအစ်မများကို လုပ်ကြံသတ်ဖြတ်ခဲ့ပေသည်။ အဆိုပါအကြမ်းဖက် သတ်ဖြတ်မှုကြောင့် ကမ္ဘာနှင့်အဝန်းရှိ အမျိုးသမီး များအပေါ် ခြိမ်းခြောက်သကဲ့သို့ ဖြစ်ခဲ့ရပေသည်။ နောင်တွင် အလားတူဖြစ်စဉ်မျိုး မပေါ်ပေါက်စေရန် နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ ၁၉၉၉ ခုနှစ်တွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ (၅၄) ကြိမ်မြောက် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် (၅၄/၁၃၄)အရ နိုဝင်ဘာလ ၂၅ ရက်နေ့ကို အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုရပ်တန့်ရေးနေ့ (Elimination of Violence Against Women Dayအဖြစ်သတ်မှတ် ခဲ့ပေသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု များကိုလည်း မဖြစ်မနေ ကာကွယ်တားဆီးရမည် ဟူသည့် ခံဝန်ပြုမှုအနေဖြင့် ယင်းနေ့တွင် ဖဲကြိုးဖြူ များ တပ်ဆင်ပုံဖော်ကြသဖြင့် “ဖဲကြိုးဖြူနေ့”ဟု လည်း ဆိုကြသည်။
အမျိုးသမီးများ၊ အမျိုးသမီးအခွင့်အရေးနှင့် ကျား၊ မ တန်းတူညီမျှရေးအတွက် လှုပ်ရှားနေသူ များသည် ၎င်းတို့၏ လှုပ်ရှားမှုများကြောင့် ခြိမ်းခြောက်တိုက်ခိုက်မှုများ ခံနေရခြင်း၊ သတ်ဖြတ် ခံရခြင်းတို့ရှိနေသဖြင့် အိမ်တွင်းပုန်းဘဝ ရောက်ရှိ နေကြသည်ဟု တင်စားကြပြန်သည်။ သို့ဖြစ်၍ ၎င်းတို့၏ အရေးကြီးသည့်ကဏ္ဍမှ ပါဝင်နေမှုကို ဘေးကင်းလုံခြုံစွာ ရှိစေရေးအတွက် အလေးထား ဆောင်ရွက်ပေးရန် တောင်းဆိုမှုများရှိလာပေသည်။ အမျိုးသမီးများအခွင့်အရေးဆိုင်ရာ လှုပ်ရှားနေသူ များ၏ စွမ်းဆောင်ရည်ကို ဂုဏ်ပြုသည့်အနေဖြင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက် သူများနေ့” (International Women Human Rights Defenders Day) ဟု သတ်မှတ်ပေးခဲ့ပြီး ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မှစ၍ အထိမ်း အမှတ်နေ့အခမ်းအနားများ ကျင်းပကြပေသည်။
ဖဲကြိုးနီနေ့
၁၉၈၁ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာ့ နိုင်ငံအများအပြားတွင် ကိုယ်တွင်း ခုခံအားကျဆင်း မှုရောဂါ (AIDS)ကြောင့် အသက်ဆုံးရှုံးရသူဦးရေမှာ ၂၅ သန်းကျော်သွားခဲ့သည့်အပြင် လူသားအားလုံး အတွက် ခြိမ်းခြောက်ခံရသည်အထိ ကြီးထွားလာခဲ့ ပေသည်။ ထိုအထဲတွင် အကြမ်းဖက်ခံရပြီး ကူးစက် ခံရသူ အမျိုးသမီးများလည်း ပါဝင်ခဲ့ပေသည်။ သို့ဖြစ်၍ ၁၉၉၈ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာ့ AIDS နေ့ (World AIDS Day)ကို ပြုလုပ်ရန် သဘောတူညီမှုရရှိခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့ကို သတ်မှတ်ရန် ဆုံးဖြတ် ခဲ့ကြပါသည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် ပထမဆုံးကမ္ဘာ့ AIDS နေ့ကို ကျင်းပခဲ့ပါ သည်။ ယင်းနေ့တွင် အနီရောင်သည် ရဲရင့်ခြင်း၊ မြင်သာခြင်း၊ ချစ်ခြင်းမေတ္တာနှင့် အသည်းနှလုံးပုံရိပ် ကို လွယ်ကူရိုးရှင်းစွာ ပုံဖော်နိုင်ခြင်းဟု သတ်မှတ် ကာ ဖဲကြိုးနီအမှတ်အသားဖြင့် ပြသကြ၍ “ဖဲကြိုးနီနေ့”ဟုလည်း သုံးကြလေသည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့
ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ မသန်စွမ်း သူများဖြစ်နေပြီး မသန်စွမ်းသူများအရေအတွက်မှာ သန်း ၆၀၀ ခန့်ရှိပေသည်။ အဆိုပါ မသန်စွမ်းသူများ ၏ ၈၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိနေ ပြန်ပါသည်။ မသန်စွမ်းသူများ၏ လူမှုရေး၊ စီးပွား ရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများကို လျစ်လျူရှုထား၍ မရသကဲ့သို့ အများနည်းတူအခြေခံ လူ့အခွင့်အရေးများလည်းရရှိရန် လိုအပ်နေပေ သည်။ မသန်စွမ်းသူများအနေဖြင့် လူမှုရေးနှင့် ဖွံ့ဖြိုး ရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်လာရန်နှင့် ၎င်းတို့အပေါ် ခွဲခြားဆက်ဆံပြီး ဖယ်ကြဉ်မှုများကို ကန့်သတ် တားမြစ်ရန်လည်း လိုအပ်လာပေသည်။ မသန်စွမ်းသူများအနက် အမျိုးသမီးများပါဝင်မှု များပြားသည့်အပြင် မကြာခဏဆိုသလို မသန်စွမ်း သူ အမျိုးသမီးနှင့် ကလေးများအပေါ် အကြမ်းဖက်မှု များလည်း ကြားနေသိနေရပေသည်။ ၁၉၇၆ ခုနှစ် တွင် ကျင်းပ သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၈၁ ခုနှစ်ကို မသန်စွမ်းသူများနှစ်အဖြစ် သတ် မှတ်ရန် ကြေညာခဲ့ပြီး ၁၉၈၃ ခုနှစ်မှ ၁၉၉၂ ခုနှစ် အတွင်း ကာလကို မသန်စွမ်းသူများ၏ ဆယ်စုနှစ် အဖြစ် သတ်မှတ်ပေးခဲ့ကာ နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကိုလည်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ (International Day of Persons With Disabilities)အဖြစ် သတ်မှတ်ခဲ့ပေသည်။
ကနေဒါနိုင်ငံ မွန်ထရီမြို့တွင် အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် အင်ဂျင် နီယာကျောင်းသူ ၁၄ ဦးကို မာလီပိုင်းဆိုသူက သေနတ်ဖြင့် ပစ်သတ်ခဲ့ပါသည်။ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုဖြစ်ပြီး သေဆုံးသူအမျိုးသမီး များအတွက် ဝမ်းနည်းပူဆွေးစရာနှင့် နောင်တွင် ယခုကဲ့သို့ အမျိုးသားများက အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုကို ရပ်တန့်စေရန် ရည်ရွယ်၍ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှစ၍ မွန်ထရီမြို့ လူသတ်ပွဲနှစ်ပတ်လည်နေ့ (Montreal Massacre Day )ကို ကျင်းပခဲ့ပါသည်။
ကမ္ဘာ့လူ့အခွင့်အရေးနေ့
ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့လူသားများတွင် လူ့အခွင့်အရေးဆိုင်ရာ အတွေးအမြင်အသိများ ပိုမိုပေါ်ပေါက်လာပေသည်။ ဂျူးလူမျိုး ခြောက်သန်း ကျော် သတ်ဖြတ်ခံရမှု၊ မသန်စွမ်းသူများ၊ လိင်တူ ဆက်ဆံသူများကို သတ်ဖြတ်မှုတို့က ကမ္ဘာ့လူသား များအပေါ် ခြိမ်းခြောက်မှုဖြစ်ပေါ်လာခဲ့ပါသည်။ အဆိုပါအကြမ်းဖက်မှုမျိုး ထပ်မံမပေါ်ပေါက်စေရန် ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂက ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းနေ့ကိုပင် ကမ္ဘာ့လူ့အခွင့်အရေးနေ့(Human Rights Day)ဟု သတ်မှတ်ခဲ့ပါသည်။ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံစည်းမျဉ်းများကို ကုလ သမဂ္ဂဝင်နိုင်ငံများက လေးစားလိုက်နာရန်လည်း ဆော်ဩကြလျက်ရှိပါသည်။
နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက် အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ် နှင့် သတ်မှတ်ခဲ့သည့်ရက်များကို စုစည်း၍ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ၁၆ ရက်တာကာလကို အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေး ပညာပေးလှုံ့ဆော်သည့်နေ့ရက် များ (16 Days of Activism against Based Viole-nce)အဖြစ် နိုင်ငံတကာတွင် ၁၉၉၁ ခုနှစ်မှစ၍ လှုပ်ရှားဆောင်ရွက်ကြပေသည်။ ကျား၊ မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ဟုလည်း လူသိများပြီး မိမိတို့နိုင်ငံတွင်လည်း “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဥပဒေဖြင့် အကာအကွယ်ပေး” (Prevent Violence Against Women By The Law) ဆောင်ပုဒ်ဖြင့် ၂၀၁၈ ခုနှစ်မှစ၍ လှုပ်ရှားလာခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ
မိမိတို့နိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ဥပဒေပါပုဒ်မများ၊ ကလေးသူငယ်များဆိုင်ရာဥပဒေ၊ မသန်စွမ်းသူများဥပဒေတို့အရ တားဆီးအရေးယူမှု များ ပြုလုပ်နိုင်သော်လည်း အမျိုးသမီးများ၏ သဘာဝအရ အခြားသူကို ရင်ဖွင့်ရန် ရှက်ရွံ့ခြင်း၊ ထုတ်ဖော်တိုင်ကြားရန် မဝံ့ရဲခြင်းတို့ကြောင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုများမှာ ဥပဒေ ကြောင်းအရ အရေးယူနိုင်ရန် အားနည်းနေဆဲ ဖြစ်သည်။ အချို့မှာလည်း ရိုးရာအရသာအရေးယူ သည့် အလေ့အထရှိနေဆဲဖြစ်သည်။ အချို့မှာ တိုင်ကြားရန် ပျက်ကွက်မှုအပေါ် အပြစ်မြင်မှုများ ရှိသကဲ့သို့ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှု၊ အနေအထိုင်မတတ်မှု၊ အခြေခံဘဝဆင်းရဲနွမ်းပါးမှုတို့ကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ရကြောင်း ဝေဖန်ကြပေသည်။ မြန်မာနိုင်ငံအနေဖြင့် အမျိုး သမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက် စေရေး ကုလသမဂ္ဂသဘောတူစာချုပ်(CEDAW)ကို ပါဝင်လက်မှတ်ရေးထိုးထားသည်နှင့်အညီ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ် ရေး ဥပဒေမူကြမ်း (PoVAW) ကို ၂၀၁၃ ခုနှစ် ကတည်းက အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရေးဆွဲခဲ့ပြီးဖြစ် သည်။ ထို့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက် မှုမှ တားဆီးနိုင်ရန် အရပ်ဘက်အဖွဲ့အစည်း ခုနစ် ဖွဲ့ကလည်း လှုပ်ရှားဆောင်ရွက်လျက်ရှိပေသည်။
အကြမ်းဖက်မှုခံရသည့် အမျိုးသမီးများ အတွက် ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရန် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော် နှင့် မုံရွာမြို့တို့တွင် One Stop Women Support Center များ ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ပြုလုပ်ပေး လျက်ရှိပေသည်။ ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အသက် ၈ နှစ်မှ ၁၈ နှစ်အတွင်းရှိ အမျိုးသမီးငယ် များအတွက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များတွင် သင်တန်း ကျောင်းအခြေပြု ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းနှင့် ရပ်ရွာအခြေပြု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ သင်တန်းကျောင်း အခြေပြု ကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းတွင် အမျိုးသမီးငယ်များ သင်တန်းကျောင်း (ရန်ကုန်)၊ အမျိုးသမီးငယ်များသင်တန်းကျောင်း (ထောက် ကြန့်) နှင့် အမျိုးသမီးငယ်များ သင်တန်းကျောင်း (မန္တလေး) တို့ကို ဖွင့်လှစ်စောင့်ရှောက်ပေးလျက် ရှိပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (Natio-nal Strategic Plan For the Advancement of Women-NSPAW)(၂၀၁၃-၂၀၂၂) ကို ချမှတ်ခဲ့ပြီး အဆိုပါ စီမံကိန်းကို CEDAW ၊ ဘေဂျင်းကြေညာ စာတမ်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်တို့ကို အခြေပြု၍ လုပ်ငန်းဧရိယာ ၁၂ ရပ်ချမှတ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ အကောင်အထည်ဖော်ရေးအတွက် နည်းပညာ လုပ်ငန်းအဖွဲ့ လေးဖွဲ့ကို ဖွဲ့စည်းထားပြီး လုပ်ငန်း အဖွဲ့အလိုက် လုပ်ငန်းအစီအစဉ်(Work-Plan)များ ကိုလည်း နှစ်အလိုက် ရေးဆွဲဆောင်ရွက်လျက်ရှိပါ သည်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Commu-nique) ကို ဦးစားပေးကဏ္ဍ ခြောက်ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး အတွက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အတည်ပြုပြီး အကောင်အထည်ဖော်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကို တိုင်ကြားဆောင်ရွက်နိုင်ရန် ၂၄ နာရီဝန်ဆောင်မှု ကို ၂၀၁၉ ခုနှစ်ကတည်းက စတင်ထူထောင်ပြီး အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်နိုင်ရန် စရိတ် ထောက်ပံ့ပေးခြင်း၊ နားခိုရန်နေရာစီစဉ်ပေး ခြင်းနှင့် အခြားသောဝန်ဆောင်မှုများ ရရှိနိုင်စေရေး တွန်းပို့ချိတ်ဆက်ပေးခြင်းများကို လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ (Case Manager) ၂၅၀ ဖြင့် ဆောင်ရွက် ပေးလျက်ရှိပါသည်။
ကိုဗစ်-၁၉ ကာလ အကြမ်းဖက်မှု
၂၀၂၀ ပြည့်နှစ်သည် ကမ္ဘာ့နိုင်ငံများ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကပ်ရောဂါကို ပြင်းထန်စွာ ခံစားရပြီး ကပ်ရောဂါခံစားနေရသည့်ကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ပွားနှုန်းမှာ ပိုမိုတိုးတက်လာသည်ဟု နိုင်ငံတကာအဖွဲ့အစည်း များက ထုတ်ပြန်လျက်ရှိပါသည်။ ကပ်ရောဂါကာလ အတွင်း အမျိုးသမီးများမှာ နေအိမ်များတွင်သာ နေကြရပြီး စားဝတ်နေရေးဆိုင်ရာထိခိုက်မှုလည်း ခံစားကြရပေသည်။ ထို့အပြင် ကပ်ရောဂါကူးစက်မှု ကြောင့် စိုးရိမ်ပူပန်မှုလည်း မြင့်တက်နေကြရ၍ အကြမ်းဖက်ခံရမှုပါ ထပ်မံခံရပါက ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိပေတော့သည်။ နိုင်ငံတကာ တွင် ကပ်ရောဂါကာလ အကြမ်းဖက်မှုမြင့်တက်လာ ၍ “ကပ်ရောဂါနှစ်ဆ” (Double Pandemic) ဟုပင် ဆိုကြသည်။
ယခုပင်ဆောင်ရွက်စို့
မိမိတို့နိုင်ငံတွင်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှာ ပေါ်လွင်လာမှုမရှိသေး၍သာ မသိသာသည့်အနေအထားတွင် ရှိနေခြင်း ဖြစ်နိုင်ပါ သည်။ အချိန်မရွေး၊ နေရာမရွေး ဖြစ်နေနိုင်ပါသည်။ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ ထုတ်ဖော် တိုင်ကြားလာနိုင်စေရေး ဘေးပတ်ဝန်းကျင်က ကူညီရန် လိုအပ်သကဲ့သို့ အကြမ်းဖက်ခံရမှုအတွက် တုံ့ပြန်ဆောင်ရွက်ရေး၊ ကူညီမှုနှင့် ဝန်ဆောင်မှု ပေးရေး၊ ဥပဒေနှင့်နိုင်ငံတကာ သဘောတူစာချုပ် များအပေါ် နားလည်လာစေရေး၊ အကြမ်းဖက်မှုပုံစံ များကို သိရှိစေရေး၊ မည်ကဲ့သို့ကူညီရမည်ကို ကြိုတင် လေ့လာကြစေရေး၊ အကြမ်းဖက်ခံရသူများ နှင့် ထိတွေ့ဆက်ဆံကြစေရေး၊ သားမယားပြုကျင့်မှု နှင့် ဆက်စပ်သည့်လုပ်ဆောင်မှုများကို ဆန့်ကျင် သည့်ဘက်မှ ရပ်တည်ကြစေရေး၊ လိုအပ်သည့် ရန်ပုံ ငွေများ ထည့်ဝင်ကြစေရေး၊ တာဝန်ခံမှုရှိရှိဖြင့် အချင်းချင်း ပူးပေါင်းပါဝင်ကြစေရေး၊ ပညာပေး ဆောင်ရွက်ရမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်၏ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆောင်ပုဒ် ဖြစ်သည့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့”ဟူသည့် ဆောင်ပုဒ် နှင့်အညီ အကြမ်းဖက်လေ့ရှိသူ အမျိုးသားများက လည်း စိတ်ထားဖြူစင်ပြီး ကိုယ်ချင်းစာတရားနှင့် ပါဝင်ဆောင်ရွက်ပေးကြဖို့၊ လိုအပ်သည့် အကူအညီ နှင့် ထောက်ပံ့မှုများ ပြုလုပ်ပေးကြဖို့လည်း အထူး လိုအပ်လှပါသည်။ ။
- Log in to post comments