အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့

Type
1

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲ (တတိယဆု)

 

ဇော်လွင်ဦး (ဟင်္သာတ)
 

 

အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကာလ


နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အတွင်းကာလသည်  အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကာလဖြစ်ပါသည်။    ကျားမကွဲပြားမှု အခြေပြု အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုဟုလည်း ခေါ်ကြသည်။ ထို  ၁၆   ရက် သည်  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ နိုဝင်ဘာ ၂၅ ရက် မှစတင်ပြီး ကမ္ဘာ့လူ့အခွင့်အရေးနေ့  ဒီဇင်ဘာ ၁၀ ရက်  အထိဖြစ်သည်။     ထိုကာလအတွင်းတွင် အပြည်ပြည်ဆိုင်ရာ    လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများနေ့  (နိုဝင်ဘာ ၂၉ ရက်)၊  ကမ္ဘာ့ AIDS နေ့ (ဒီဇင်ဘာ ၁ ရက်)နှင့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့     (ဒီဇင်ဘာ ၆ ရက်)တို့ ပါဝင်နေသည်။  ၂၀၂၁  ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆  ရက်တာ လှုပ်ရှား မှုဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ်အကြမ်းဖက် မှု  ပပျောက်ဖို့၊  ယခုပင်ဆောင်ရွက်စို့”  (End violence against women now) ဖြစ်သည်။ 

 


၁၆ ရက်တာလှုပ်ရှားမှုစတင်ပေါ်ပေါက်လာပုံ


၁၉၉၁ ခုနှစ်မှစတင်ခဲ့သော ဤလှုပ်ရှားမှုတွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၆၀၀၀ ကျော်ပါဝင်လှုပ်ရှားဆောင်ရွက်ကြသည်။ ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ဒိုမီနီကန်သမ္မတ နိုင်ငံတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သုံးဦးဖြစ် သည့် Patria၊ Minerva နှင့် Maria  Teresa  Mirabal ညီအစ်မသုံးယောက်တို့သည်  ဒိုမီနီကန်လျှို့ဝှက် ရဲများက   ရက်စက်စွာ   ရိုက်နှက်သတ်ဖြတ်ပြီး ချောက်ကမ်းပါးအောက်ခြေ၌  စွန့်ပစ်ခံခဲ့ရသည်။ ထိုညီအစ်မများသည် အမျိုးသမီးဝါဒကိုခုခံခြင်း၏ သင်္ကေတများဖြစ်လာကြပြီး  သူတို့၏ သေဆုံးမှု အောက်မေ့ဖွယ် နိုဝင်ဘာ ၂၅ ရက်ကို  လက်တင် အမေရိကရှိ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ်  ၁၉၈၀  ပြည့်နှစ်မှ စတင် သတ်မှတ်ခဲ့သည်။   အပြည်ပြည်ဆိုင်ရာနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့ကို ၁၉၉၉ ခုနှစ် တွင်  ကုလသမဂ္ဂက  တရားဝင်အသိအမှတ်ပြုခဲ့ သည်။ ၁၉၉၁ ခုနှစ် ဇွန်လတွင် အမျိုးသမီးများ၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုဗဟိုဌာန (CWGL)သည်    ကျား၊ မ ရေးရာအခြေခံ  အကြမ်းဖက်မှု ဆန့်ကျင် ရေး ၁၆ ရက်ကြာ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှား မှုကို တောင်းဆိုခဲ့ရာမှ ထိုလှုပ်ရှားမှု  ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၈ ခုနှစ်မှစ၍ ၁၆  ရက်တာလှုပ်ရှားမှုအခမ်းအနားများ ကျင်းပခဲ့သည်။

 


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟူသည်


အမျိုးသမီးများအပေါ်           အကြမ်းဖက်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို လုပ်ဆောင်နေကြ သော်လည်း အမျိုးသမီးများအပေါ်  အကြမ်းဖက်မှု သည် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင်  စိုးရိမ်ဖွယ်ရာ အတိုင်းအတာတစ်ခုအထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။ သို့သော် အများစုက ထိုသို့အကြမ်းဖက် မှုကို ပုံမှန်အပြုအမူအဖြစ်  လက်ခံထားလေ့ရှိကြ သည်။ ကိန်းဂဏန်းများအရ ကမ္ဘာပေါ်တွင် နေ့စဉ် နှင့်အမျှ အမျိုးသမီး ၁၃၇ ဦးသည် ၎င်းတို့၏ အဖော် သို့မဟုတ်  မိသားစုဝင်များ၏  သတ်ဖြတ်ခြင်းကို ခံနေရသည်ဟု    ဆိုသည်။     ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီး  သုံးဦးလျှင်   တစ်ဦးသည်   ၎င်းတို့၏ တစ်သက်တာတွင် ရင်းနှီးသော လက်တွဲဖော်၏ အကြမ်းဖက်မှု (IPV) ကို ကြုံတွေ့ဖူးသည်ဟု ဖော်ပြ သည်။

 


အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုများ ဖြစ်ပွားပုံနှင့် အကြောင်းရင်းအပါအဝင် လွဲမှားသော အယူအဆများ   များပြားစွာရှိသည်။  အများစုက အကြမ်းဖက်မှုဆိုသည်နှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုကိုသာ တွေးမြင်လိုက်ကြသည်။ အမှန်မှာမူ ထို့ထက်ပိုမိုကျယ်ပြန့်ပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ၊  လိင်ပိုင်းဆိုင်ရာနှင့်   ငွေကြေး ဆိုင်ရာအလွဲသုံးစားမှုများ ပါဝင်သည်။ အမျိုးသမီး များအပေါ်  အဓိကအကြမ်းဖက်မှု  အမျိုးအစား နှစ်မျိုးမှာ   အိမ်တွင်းမိသားစုအကြမ်းဖက်မှုနှင့်  လိင်ပိုင်းဆိုင်ရာ စော်ကားမှုတို့ဖြစ်သည်။ 

 


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ


အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက် ရေးဆိုင်ရာ  ကုလသမဂ္ဂ  ကြေညာစာတမ်းတွင် “အမျိုးသမီးများအပေါ်     အကြမ်းဖက်မှုဟူသော ဝေါဟာရသည် အမျိုးသမီးများအား ခြိမ်းခြောက် ခြင်း၊ အကျပ်ကိုင်ခြင်း သို့မဟုတ် လွတ်လပ်ခွင့်များ မတရားဆုံးရှုံးခြင်းအပါအဝင်     ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှု သို့မဟုတ်  စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဖွယ်ရှိသော သို့မဟုတ် ဖြစ်ပေါ်လာနိုင်သည့် ကျား၊ မကွဲပြားမှုကိုအရင်းခံသည့်အကြမ်းဖက်မှုကို ဆိုလိုသည်”ဟု ဖော်ပြပါရှိသည်။      အိမ်တွင်းအကြမ်းဖက်မှု၏ အဓိကအချက်များတွင်  ရင်းနှီးသောဆက်ဆံရေး ရှိသူများ သို့မဟုတ် ရှိဖူးသူများကြားတွင် ဖြစ်ပွား သည့် အကြမ်းဖက်မှုများ၊ အကြောက်တရားဖြင့် လက်တွဲဖော်ကိုထိန်းချုပ်ရန် ရည်ရွယ်သည့် အပြု အမူများလည်း ပါဝင်သည်။ 

 


ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများတွင် ပါးရိုက် ခြင်း၊ တွန်းထိုးခြင်း၊ တစ်စုံတစ်ခုဖြင့်ထိခိုက်စေခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ လှေကားပေါ်မှတွန်းချခြင်း၊ ကန်ကျောက်ခြင်း၊ လက်ကိုလိမ်ခြင်း၊ လည်ပင်းကို ညှစ်ခြင်း၊ မီးလောင်ဒဏ်ရာများရစေခြင်း စသည်တို့ ပါဝင်နိုင်သည်။ 

 


စိတ်ပိုင်းဆိုင်ရာနှင့်  စိတ်ပိုင်းဆိုင်ရာ   အလွဲ သုံးစားပြုမှုများတွင် ငွေကြေးထိန်းချုပ်မှု၊ မိသားစု၊ အပေါင်းအသင်းမိတ်ဆွေများနှင့် အထီးကျန်စေခြင်း၊ စဉ်ဆက်မပြတ် အရှက်ရစေခြင်း၊ ကလေးများကို ခြိမ်းခြောက်ခြင်း  သို့မဟုတ်   ဒဏ်ရာရစေရန် သို့မဟုတ် သေဆုံးစေရန်အထိ ခြိမ်းခြောက်ခြင်း စသည့် အပြုအမူများစွာပါဝင်နိုင်သည်။ 

 


ငွေကြေး သို့မဟုတ် စီးပွားရေး အလွဲသုံးစားမှု တွင်  အခြားသူတစ်ဦး၏   ငွေကြေး   သို့မဟုတ် အခြားပိုင်ဆိုင်မှုများကို  အတင်းအကျပ်ထိန်းချုပ် ခြင်း ပါဝင်သည်။ ငွေသားခိုးယူခြင်းလည်း ပါဝင် နိုင်ပြီး  ငွေကြေးဆိုင်ရာ   ဆုံးဖြတ်ချက်များတွင် ပါဝင်ခွင့်မပြုခြင်း၊   အလုပ်လုပ်နိုင်ရန်    ပိတ်ပင် တားဆီးခြင်းတို့လည်း ပါဝင်သည်။ 

 


မိသားစုအကြမ်းဖက်မှုဆိုသည်မှာ မိသားစုဝင် များကြားတွင် အကြမ်းဖက်မှုနှင့် ရင်းနှီးသော လက်တွဲဖော်များအကြားတွင်  အကြမ်းဖက်မှုကို ရည်ညွှန်းသည့် ပိုမိုကျယ်ပြန့်သော အသုံးအနှုန်း ဖြစ်သည်။ ၎င်းတွင် အိမ်တွင်းအကြမ်းဖက်မှုအတွက် ဖော်ပြ ထားသည့်အတိုင်း   အလားတူ   အပြုအမူမျိုး များ  ပါဝင်သည်။       အိမ်တွင်းအကြမ်းဖက်မှုကဲ့သို့ပင် မိသားစုအကြမ်းဖက်မှု၏  အသွင်အပြင်အချို့သာ ပြစ်မှုကျူးလွန်သော်လည်း  အကြမ်းဖက်ခံရမှုကို ကြောက်ရွံ့ထိတ်လန့်စေသည့် မည်သည့်အပြုအမူ ကိုမဆို လက်ခံနိုင်စရာမရှိပေ။ ‘မိသားစုအကြမ်း ဖက်မှု’ဟူသော အသုံးအနှုန်းသည်   အကြမ်းဖက် မှုများဖြစ်ပွားနိုင်သည့်     အိမ်ထောင်ရေးအပြင် ဆွေမျိုးသားချင်းဆက်ဆံရေးအထိ ကျယ်ပြန့်စွာ ပါဝင်သည်။ 

 


လိင်ပိုင်းဆိုင်ရာ စော်ကားမှု သို့မဟုတ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများတွင် မုဒိမ်းမှု၊ ကိရိယာများ ဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ညစ်ညမ်းရုပ်ပုံစာပေ များကို ကြည့်ရှုရန် သို့မဟုတ် ပါဝင်စေရန်ခိုင်းစေခြင်း၊ အတင်းအကျပ် ပြည့်တန်ဆာလုပ်ခြင်း၊ ကျူးလွန်သူ ၏ သူငယ်ချင်းများနှင့် လိင်ဆက်ဆံစေခြင်း စသည် တို့ ပါဝင်နိုင်သည်။ 

 


အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများ 


လူမှုရေးပြဿနာတစ်ရပ်ကို ဖြေရှင်းရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ထိုပြဿနာဖြစ်ပွား ရသည့်အကြောင်းရင်းများကို  သိရှိနားလည်ခြင်း ဖြစ်သည်ဟု   ဆိုကြသည်။        အမျိုးသမီးများနှင့်  မိန်းကလေးငယ်များအပေါ်    အကြမ်းဖက်မှုနှင့် ပတ်သက်သော အကြောင်းတရားများ  များစွာရှိနိုင် ပါသည်။  အကြမ်းဖက်မှုဖြစ်စေသည့် အကြောင်းရင်း များကို  သီအိုရီအမျိုးမျိုးဖြင့်  ဆန်းစစ်ထားသော် လည်း  နောက်ဆုံးတွင်  အမျိုးသားနှင့် အမျိုးသမီး ကြား ပါဝါမညီမျှမှုမှာ ဘုံပြဿနာအဖြစ် ကျန်ရှိသည်။  

 


သုတေသနပြုချက်များအရ  အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုဖြစ်ပွားရသည့်  အကြောင်း တရားများတွင် လူသားတို့၏ ဆင့်ကဲဖြစ်စဉ်၊ ဇီဝ ကမ္မဗေဒနှင့် အာရုံကြောဇီဝကမ္မဗေဒ၊ အရက်တို့ သည် အဓိကအကြောင်းရင်းများဟု ဖော်ပြကြသည်။ 
လူသားတို့၏  ဆင့်ကဲဖြစ်စဉ်ရှုထောင့်မှကြည့် လျှင် လိင်ပိုင်းဆိုင်ရာအပြုအမူများ၏ ရည်မှန်းချက် သည် မျိုးပွားရန်  ရှင်သန်မည့်၊ သားစဉ်မြေးဆက်များ ရရှိနိုင်မည့်     အခွင့်အလမ်းများကို     အမြင့်ဆုံး ထုတ်ပေးခြင်းလည်းပါဝင်သည်။ ထို့ကြောင့် လူသား အပါအဝင် ဖိုသတ္တဝါတစ်ဦးသည် မသတ္တဝါအများကို မျိုးပွားရန်   ဆောင်ရွက်ကြသည်ကို       တွေ့ရှိနိုင်သည်။

 

လေ့လာမှုများစွာအရ အရွယ်ရောက်ပြီးသူ အမျိုးသားများသည် လက်တွဲဖော်မျိုးစုံကို စိတ်ဝင် စားကြပြီး  ရေရှည်ဆက်ဆံရေးကို  စိတ်ဝင်စားမှု နည်းပါးကာ အရွယ်ရောက်ပြီးသူ အမျိုးသမီးများ ထက်    ကိုယ်ရေးကိုယ်တာ   လိင်ဆက်ဆံလိုစိတ် ပိုများကြောင်း  လေ့လာမှုများစွာက  ပြသခဲ့သည်။ ထိုစိတ်ကြောင့်ပင်  အိမ်တွင်းရေးပြဿနာများဖြစ် ကြလေ့ရှိပြီး အိမ်တွင်းအကြမ်းဖက်မှုများကို ဖြစ်ပွား စေသည်ဟု  ဆိုကြသည်။

 


အကြမ်းဖက်မှုနှင့်  ရန်လိုမှုတို့သည်  ဇီဝကမ္မ ဆိုင်ရာ   သို့မဟုတ်  အာရုံကြောဇီဝကမ္မဆိုင်ရာ ဆက်နွှယ်မှုဖြစ်သည့်  Testosterone အစရှိသော စတီးရွိုက်ဟော်မုန်းများ၏  လုပ်ဆောင်မှုကြောင့် ဖြစ်သည်ဟုလည်း  သုတေသနများက  ဖော်ပြကြ သည်။ ဟော်မုန်း၊ အာရုံခံစားမှုပို့လွှတ်ခြင်းများနှင့် အာရုံကြောဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်များ၏ ပြောင်းလဲ မှုများသည်   ကြမ်းတမ်းစွာ  ပြုမူခြင်း  သို့မဟုတ် ကြမ်းတမ်းစွာ  ပြုမူခံရခြင်းများ၏ အကျိုးဆက်များ ဖြစ်သည့်အပြင် ထိုအပြုအမူများ၏ အကြောင်းရင်း များလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။

 


အမျိုးသမီးများအပေါ်   အကြမ်းဖက်မှုများ၏ အကြောင်းရင်းတစ်ခုမှာ အရက်ဖြစ်သည်။ အရက် ဟုဆိုရာတွင် အရက်အလွန်အကျွံသောက်သုံးခြင်းကိုဆိုလိုပါသည်။  အရက်နှင့်   အကြမ်းဖက်မှု၏ ဆက်နွှယ်မှုသည် ဇီဝကမ္မ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှု ယဉ်ကျေးမှုဆိုင်ရာအချက်များပါ၀င်သည့် ရှုပ်ထွေး မှုတစ်ခုဖြစ်သည်။      

 


သုတေသနပြုချက်များအရ အရက်အလွန်အကျွံ သောက်ခြင်းသည်    ပြင်းထန်သောအပြုအမူများ ဖြစ်ပွားခြင်း၊ ရင်းနှီးသောအဖော်နှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ    ဖြစ်ပွားလေ့ရှိခြင်းတို့နှင့် ဆက်စပ်နေကြောင်း စဉ်ဆက်မပြတ်တွေ့ရှိခဲ့သည်။ သို့သော်လည်း   အရက်သည်   အကြမ်းဖက်မှုနှင့်  မည်ကဲ့သို့ဆက်စပ်နေသည်ဆိုသည်ကိုမူ  အတိ အကျ  မသိရသေးပေ။  အဘယ့်ကြောင့်ဆိုသော် အရက်သောက်မထားသော်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ   အများအပြားဖြစ်ပွားလေ့ရှိပြီး အရက်သောက်ထားသည့်တိုင်      ရက်စက်ကြမ်း ကြုတ်သော    အပြုအမူများမရှိသူများမှာလည်း အများအပြားရှိနေခြင်းကြောင့် ဖြစ်ပါသည်။

 


ကိုဗစ်-၁၉ နှင့်အိမ်တွင်းအကြမ်းဖက်မှု  


၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် နိုင်ငံများစွာကို အလုံပိတ် အခြေအနေသို့ ကျရောက် သွားစေခဲ့သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် အတွက် သွားလာလှုပ်ရှားမှုကို ကန့်သတ်ထားသော ကြောင့် ကိုဗစ်-၁၉ အပြင် အခြေအနေ အရပ်ရပ်က နေရာတိုင်းနီးပါးတွင် လူတို့၏ရှင်သန်မှုကို စိန်ခေါ်ခဲ့ သည်။ တံခါးများပိတ်ပြီး အထီးကျန်မှုစတင်လာ သည်နှင့်အမျှ အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ်   အိမ်တွင်းအကြမ်းဖက်မှုများသည် ကပ်ရောဂါနှင့်အပြိုင် မြင့်တက်လာခဲ့သည်။

 

အိမ်ထဲ တွင် နေရသည့်အချိန်များ များလာသည့်အခါတွင် ဝင်ငွေဆိုင်ရာ ထိခိုက်မှုကို အနည်းနှင့်အများခံလာရ သည်။ ကပ်ရောဂါ ကူးစက်ခံရမှု၊ ကူးစက်မခံရလျှင် ပင် ကူးစက်ခံရမည်ကို စိုးရိမ်ပူပန်ရမှု အစရှိသဖြင့် ပူပန်စရာများ များလာသည်။ ထိုသို့သောအခြေအနေ ၏နောက်ကွယ်တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိလာတတ်ပြီး အကြမ်းဖက်မှုများလည်း  ဖြစ်ပွား လာမည်ဖြစ်ပါသည်။ 

 


အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကပ်ရောဂါ  သည် အသစ်အဆန်းမဟုတ်ပါ။ကိုဗစ်-၁၉ မဖြစ် ပွားမီကပင်  တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနှင့်ပြီးဖြစ် သည်။ ကမ္ဘာပေါ်ရှိ အမျိုးသမီးများနှင့် မိန်းကလေး ပေါင်း ၂၄၃ သန်းသည်   ပြီးခဲ့သောနှစ်အတွင်း ၎င်းတို့၏ ရင်းနှီးသောလက်တွဲဖော်များ၏ စော်ကား ခြင်းကိုခံခဲ့ရသည်။ ထောက်ပံ့ရေးဝန်ဆောင်မှုများ ရပ်တန့်သွားကာ အကူအညီရယူရန်  ပိုမိုခက်ခဲလာ သည်နှင့်အမျှ ကိုဗစ်-၁၉ ကူးစက်ရောဂါသည်      အကြမ်းဖက်မှုကို    ပိုမိုပြင်းထန်လာစေသကဲ့သို့ ဖြစ်ခဲ့သည်။ ကိုဗစ်-၁၉ ကာလတွင် နိုင်ငံတိုင်းလိုလို ၌     အကြမ်းဖက်မှုများ  မြင့်တက်လာသည်ကို     ကိန်းဂဏန်းများအရ           သိရှိနိုင်ပါသည်။ ထို့ကြောင့်  “ကပ်ရောဂါ   နှစ်ဆ” (Double Pandemic ) ဟုပင် ဆိုကြသည်။

 


မြန်မာနိုင်ငံနှင့် အမျိုးသမီးများအပေါ်
အကြမ်းဖက်မှုပပျောက်ရေး ဆောင်ရွက်မှုများ


မြန်မာနိုင်ငံအနေဖြင့်   ၂၀၁၈   ခုနှစ်ကစ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု   အခမ်းအနားများကို ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၏ လူဦးရေ၏ ၅၁ ဒသမ ၈၁  ရာခိုင်နှုန်းသည်   အမျိုးသမီးများဖြစ်သည်။

 

ထက်ဝက်ကျော်မကသော  အမျိုးသမီးထုကြီး၏  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး ခြင်း၊   အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးခြင်းများသည် နိုင်ငံသားများအားလုံး ၏  ဖွံ့ဖြိုးတိုးတက်ခြင်း၊  နိုင်ငံသားများအားလုံးကို အကာအကွယ်ပေးခြင်းများ      ဆောင်ရွက်ရာတွင် သက်ရောက်မှုရှိသည်။   မြန်မာနိုင်ငံသည်   အမျိုး သမီးများအား  နည်းမျိုးစုံဖြင့်  ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ    ကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး အာဆီယံအမျိုးသမီးကော်မတီ၊   ကလေး  သူငယ်အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးကော်မရှင်အဖွဲ့ဝင်    နိုင်ငံလည်း ဖြစ်သည်။ အာဆီယံဒေသတွင်း  အမျိုးသမီးများ အပေါ်     အကြမ်းဖက်မှု    တားဆီးကာကွယ်ရေး လုပ်ငန်းအစီအစဉ်တွင်လည်း ကျန်အာဆီယံနိုင်ငံ များနည်းတူ ပါ၀င် အကောင်အထည်ဖော်လျက်ရှိ သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ  သည်  အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင် သည့် လုပ်ငန်းများကို မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန် (၁၂)ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။ အမျိုး သမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ကျား ၊ မရေးရာဆိုင်ရာ  လုပ်ငန်းဆောင်ရွက်ချက် များအဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။ 

 


ထို့အပြင်     ပဋိပက္ခအတွင်း    လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု  တားဆီးကာကွယ်ရေးနှင့်  တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ နှင့်    လုပ်ငန်းကော်မတီတို့ကိုလည်း    ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည့်အပြင်  လုပ်ငန်းစီမံချက် လည်း   ရေးဆွဲပြီးဖြစ်သည်။       လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်      ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများကို  သတင်းပို့တိုင်ကြားနိုင်ရန်အတွက် ၂၄ နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် ကပင်   စတင်  ထူထောင်ထားရှိခဲ့ပြီးဖြစ်သည်။ အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ် နှင့် အသက်မွေးဝမ်းကျောင်းစရိတ်များ ထောက်ပံ့ ပေးခြင်း၊  လုံခြုံရေးအတွက်  နားခိုရာ  နေရာများ စီစဉ်ပေးခြင်း၊   အခြားသော  ဝန်ဆောင်မှုများရရှိ နိုင်ရေး   ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်၊  မန္တလေး၊  မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်နှင့် မုံရွာမြို့တို့တွင်  One Stop Women Support Center များ  ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများပေးလျက်ရှိသည်။          ထိုသို့ ဆောင်ရွက်ရာတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု စနစ်ကို အသုံးပြုပြီး လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ (Case Manager) ၂၅၀ ဖြင့်  ဆောင်ရွက်ပေးလျက် ရှိသည်။

 


လက်ရှိကာလတွင် ကိုဗစ်- ၁၉ ကပ်ရောဂါ ကြောင့် ပြည်သူများအနေဖြင့် အိမ်တွင်းနေထိုင်ရ သောအချိန်         ပိုမိုများပြားလာသည့်အတွက် မိသားစုနွေးထွေးမှုကို  ပိုမိုဖန်တီးနိုင်ကြသကဲ့သို့ တစ်ဖက်တွင်လည်း   စားဝတ်နေရေးအပါအ၀င် အခြားသော အခက်အခဲများကြောင့် စိတ်ဖိစီးမှုများ ခံစားနေကြရသည်။ 

 


လက်ရှိအခြေအနေများတွင် အိမ်တွင်းအကြမ်း ဖက်မှုများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု မှန်းဆရပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက အထောက်အထား အချက်အလက်များ ရှာဖွေစုဆောင်းကြရန် လိုအပ် သည်။ သုတေသနရလဒ်များ ထွက်ပေါ်လာပါက ပိုမိုတိကျစွာ သိရှိနိုင်မည်ဖြစ်ပြီး တားဆီးကာကွယ် ရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်မည် ဖြစ်သည်။   သက်ဆိုင်ရာ   ကဏ္ဍအသီးသီးတွင် အမျိုးသမီးများအပေါ်     အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးလုပ်ငန်းများအတွက်     ရန်ပုံငွေများ ပိုမိုထောက်ပံ့ပေးရန်၊ ကျား၊ မ အခြေပြုအကြမ်းဖက် ခံရသူများအတွက် မရှိမဖြစ် လိုအပ်သော ၀န်ဆောင် မှုများရရှိနိုင်ရန်၊         တားဆီးကာကွယ်ရန်နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် အထောက် အထားများအဖြစ် အသုံးပြုနိုင်ရန်အတွက် လိုအပ် သည့် အချက်အလက်များကောက်ယူရန် ဆောင်ရွက် သွားသင့်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မှန်ကန် သည့် အချက်အလက်များရရှိရန်နှင့်  လိုအပ်ချက် များဖော်ထုတ်နိုင်ရန်  ပူးပေါင်းအကောင်အထည် ဖော်ကြရမည် ဖြစ်သည်။

 


မြန်မာနိုင်ငံတွင် အမျိုးသမီးများအား  ခွဲခြား ဆက်ဆံမှုမရှိစေရေး၊ ကျား၊ မ တန်းတူညီမျှမှုကို အထောက်အကူပြုစေရန်        အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေး၊ ကျား၊မရေးရာ အခြေပြု  အကြမ်းဖက်မှုများအား   ကာကွယ်နိုင် သည့်  မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊  ကိုယ်၀န်ဆောင်များ  အပါအ၀င် အမျိုးသမီးများဆိုင်ရာ အခွင့်အရေးများအတွက် ဥပဒေများ ပြဋ္ဌာန်းပေးရေး စသည်တို့နှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာနသည် မူဝါဒများ၊ လုပ်ငန်း စီမံကိန်းများ ချမှတ်ဖော်ဆောင်လျက်ရှိသည်။ 

 

ဥပဒေရေးရာကဏ္ဍအနေဖြင့်လည်း   ရှိရင်းစွဲ ဥပဒေများကို  ပြန်လည်ပြင်ဆင်ရန်  လိုအပ်ပါက ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းရန် လိုအပ်ပါ က အသစ်ပြဋ္ဌာန်းခြင်းများ  ဆောင်ရွက်ရန် အလွန် အရေးကြီးလှသည်။ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများကို ဥပဒေကြောင်းအရ ပိုမိုကာကွယ်ပေး နိုင်ရန်   အမျိုးသမီးများအပေါ်   အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကို ရေးဆွဲထားရှိ ပြီး ဖြစ်သည်။

 


အမျိုးသမီးများအပေါ်   အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရန် ပြည်သူလူထုကို ဗဟိုပြုပြီး အမှန်တကယ်  အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်း များကို ဖော်ဆောင်လျက်ရှိသည်။ ကျား၊ မဆိုင်ရာ တန်းတူညီမျှမှုအတွက် ကဏ္ဍအသီးသီးတွင် အမျိုး သမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါ၀င်ရေးကို အားပေးရန်လည်း    ပြည်ထောင်စု   သဘောတူ  စာချုပ်    နိုင်ငံရေးကဏ္ဍ အခြေခံမူသဘောတူညီချက် တွင် ထည့်သွင်းထားရှိပြီးဖြစ်သည်။  ထို့ကြောင့် အမျိုးသမီးများဘက်မှလည်း စွမ်းဆောင်ရည်မြှင့် တင်ရေးမှာ အရေးကြီးလှသည်။ နယ်စပ်ဒေသများမှ တိုင်းရင်းသားအမျိုးသမီးများပါမကျန် အမျိုးသမီး များအားလုံး သာတူညီမျှဖွံ့ဖြိုးတိုးတက်မှု ခံစားရရှိ စေရေးအတွက် အားလုံး ပူးပေါင်းကာ ယခုထက် ပိုမိုပြီး   တိုးမြှင့်ဖော်ဆောင်သွားကြရန် လိုအပ်ပါ သည်။

 


မြန်မာ့ယဉ်ကျေးမှုနှင့် အမျိုးသမီးများအပေါ် 
အကြမ်းဖက်မှုပပျောက်ရေး

မြန်မာ့ယဉ်ကျေးမှုတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမရှိစေရေးအတွက် အစဉ်အလာအား ဖြင့်   သတ်မှတ်ထားရှိခဲ့ပြီးဖြစ်သည်။   မြတ်စွာ ဘုရားဟောကြားတော်မူခဲ့သော   ဒီဃနိကာယ်၊ သိင်္ဂါလသုတ်ကို သင်္ဂဇာဆရာတော်ကြီးရေးဖွဲ့တော် မူခဲ့သည့် သိင်္ဂါလောဝါဒပျို့တွင်   ဇနီးနှင့်ခင်ပွန်းတို့ လိုက်နာကျင့်ကြံအပ်သည့်            အကြောင်းများကို   ကျင့်ဝတ်များအဖြစ်  ဖော်ပြပါရှိသည်။  ခင်ပွန်းများ လိုက်နာသင့်သည့်  အချက်များအဖြစ် “မထေမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုး ကြင်၊ ငါးအင် လင့်ကျင့်ရာ” ဟူ၍ ဖော်ပြထားသည်။ ဆိုလိုသည်မှာ ခင်ပွန်းဖြစ်သူသည်
    -     မိမိ၏ အိမ်သူဇနီးကို မထီမဲ့မြင်မလုပ်ရပါ။
    -     ရှာဖွေရရှိလာသော  ငွေကြေးဥစ္စာများကို ဇနီးထံသို့ယုံကြည်စွာ အပ်နှံထားသင့်သည်။
    -     မိမိဇနီးမှတစ်ပါး အခြားတစ်ပါးသော အမျိုး သမီးများနှင့် ဖောက်ပြားခြင်း မပြုရပါ။
    -     အခါအားလျော်စွာ ဇနီးအတွက်  အဝတ် အစားအဆင်တန်ဆာများ ဝယ်ယူဆင်မြန်း   
           ပေးရမည်။
    -     မိမိဇနီးကို ချစ်ခင်မြတ်နိုးစွာ ကြင်ကြင်နာနာ ပြောဆိုပြုမူဆက်ဆံရမည်ဟု ဖြစ်ပါသည်။

 


ထို့အတူ ဇနီးများလိုက်နာသင့်သည့်  အချက် များအဖြစ် “အိမ်တွင်းမှုလုပ်၊   သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊  လျော်အောင်ဖြန့်ချိ၊   ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်ရာ” ဟူ၍လည်း ဖော်ပြ ထားခဲ့ပြီးဖြစ်သည်။ ဆိုလိုသည်မှာ
    -     ဇနီးဖြစ်သူသည် အိမ်မှုကိစ္စများကို  ကျေပွန် အောင် ဆောင်ရွက်ရမည်။
    -     ခင်ပွန်းဖြစ်သူ   ရှာဖွေစုဆောင်းရရှိသဖြင့် အပ်နှံလာသော      ငွေကြေးဥစ္စာများကို    မပျောက်ပျက်၊ မပျက်စီးစေရန် ထိန်းသိမ်းရ မည်။
    -    မိမိခင်ပွန်းဖြစ်သူမှတစ်ပါး အခြားတစ်ပါး သောယောက်ျားများနှင့်  ဖောက်ပြားခြင်း    မပြုသင့်ပါ။
    -     သူ့ဘက်၊ ကိုယ့်ဘက်ဆွေမျိုးဉာတကာတို့ကို မျှမျှတတ ပေးကမ်းထောက်ပံ့သင့်သည်။
    -     မိသားစုကိစ္စ၊ အိမ်မှုကိစ္စများဆောင်ရွက်ရာ တွင် ပျင်းရိမနေဘဲ လုပ်ဆောင်သင့်သည်  ဟု ဆိုလိုပါသည်။ 

 


ဖော်ပြခဲ့သော  အဆုံးအမများသည် လိုက်နာဆောင်ရွက်နိုင်မည်ဆိုပါလျှင်   မြန်မာ့လူဘောင် အတွက်သာမက  အားလုံးအတွက်ပါ  လျော်ကန် သင့်မြတ်သော ကျင့်ဝတ်များဖြစ်သည်ဟု ဆိုနိုင်ပါ သည်။   အမှန်ဆိုရပါလျှင် အများစုမှာ မြတ်စွာဘုရား ၏ ဒေသနာတော်ကို သတိမမူမိဘဲ အပျော်အပြက် ဖြင့် “မယားနေစ၊ ကြောင်သေမှ” “လင်နေစ၊ ဆင် သေမှ” “အရိုးကွဲမှ အသည်းစွဲအောင်ချစ်” စသည် ဖြင့်  ပြောဆိုနေကြသည်က    များလှပေသည်။ စင်စစ်အားဖြင့်မူ    မြန်မာ့လူမှုပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုက အမျိုးသမီးများအပေါ် အကြမ်းဖက် မှုကို    ခါးသီးစွာ    ဆန့်ကျင်ပြီး   ထိုသို့သောအဖြစ် အပျက်များမဖြစ်ပေါ်စေရန်အတွက် ရှေးပဝေသဏီ ကပင် တားဆီးကာကွယ်ထားခဲ့သည်ဟု ဆိုနိုင်ပါ သည်။

 


အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့ 


ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် များသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို တုံ့ပြန်ရန်နှင့်   တားဆီးရန်အတွက် ဥပဒေများ နှင့်ဝန်ဆောင်မှုများ    မြှင့်တင်ရန်   အစိုးရများကို စည်းရုံးခြင်းမှသည် ခွဲခြားဆက်ဆံမှုဆိုင်ရာသဘောထားများနှင့် အပြုအမူများကို ပြောင်းလဲရန်အတွက် လူမှုအသိုင်းအဝိုင်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း များအထိ လုပ်ဆောင်လျက်ရှိသည်။ သို့သော်လည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် ကမ္ဘာလုံး  ဆိုင်ရာပြဿနာဖြစ်သဖြင့်       ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်ရန် လိုအပ်ပါသည်။ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပြဿနာကို မီးမောင်းထိုး ပြထားသောကြောင့် ၁၆ ရက်တာ  လှုပ်ရှားမှုကဲ့သို့ လှုပ်ရှားမှုများသည် အရေးကြီးပါသည်။ ထိုကာလ သည် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် များတွင် အများပြည်သူသိရှိစေရေးအတွက်   ဖန်တီး ရန်   အချိန်ကောင်းတစ်ခုဖြစ်သည်။

 


အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက် ရေးနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိ အဖွဲ့အသီးသီးက နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါ သည်။   သုတေသနပေါင်းများစွာ  ဆောင်ရွက်ခဲ့ကြ သကဲ့သို့ ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ ဖြစ်ပွားမှုများ၊          ဖြေရှင်းရန်      နည်းလမ်းများကိုလည်း ဘက်ပေါင်းစုံထောင့်ပေါင်းစုံမှ မီးမောင်းထိုးပြလျက် ရှိပါသည်။

 

နည်းလမ်းပေါင်းများစွာကို ခြုံငုံသုံးသပ် သည့်အခါတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် မှုကို တားဆီးရန်  အခြေခံအုတ်မြစ်မှာ  ထိရောက် သော တရားဥပဒေစနစ် ဖြစ်သည်ဟု တွေ့ရှိကြရ သည်။ ထို့အပြင် ကိုယ်တိုင်အပါအဝင်  လူ့ပတ်ဝန်း ကျင်တစ်ရပ်လုံးက စိတ်အားထက်သန်စွာ   ပါဝင် ကြရေးသည်လည်း အဓိကကျသည်ဟု ဆိုနိုင်ပါ သည်။ ထို့ကြောင့် ယဉ်ကျေးသည့်  လူ့ပတ်ဝန်းကျင် တွင် မရှိသင့် မရှိအပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်သွားစေရန်အတွက် အချိန်ရွှေ့ဆိုင်းမနေသင့်၊  အခြားအကြောင်းများ မပြသင့်တော့ဘဲ ယခုချက်ချင်း စတင်ဆောင်ရွက် ကြပါစို့ဟု တိုက်တွန်းလိုပါသည်။    ။