
လင်းအရုဏ်ဦး (ပဲခူး)
=============
လူသည် တစ်ဦးတစ်ယောက်တည်း နေထိုင်၍မရဘဲ ပတ်ဝန်းကျင်နှင့် ဆက်ဆံနေထိုင်ရပါသည်။ ပတ်ဝန်းကျင်ဟုဆိုရာ၌ အနီးစပ်ဆုံးမိသားစုမှ အစပြု၍ ဆွေမျိုးသားချင်း၊ မိတ်ဆွေသင်္ဂဟအပေါင်း အသင်း၊ အိမ်နီးချင်း၊ ရပ်ကွက်၊ မြို့/ရွာအလိုက်၊ ထိုမှတစ်ဆင့် တိုင်းနိုင်ငံများနှင့် ကမ္ဘာကြီးတစ်ခု အသွင် “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” သဖွယ် ဖြစ်တည်လာရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ရေမြေသဘာဝ၊ ရာသီဥတု၊ အသားအရောင်၊ အစား အသောက်၊ နေထိုင်မှုစနစ်၊ ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ရာဘာသာနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း များ တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီ၊ ကွဲပြားကြ သည်။ ထိုသို့ မတူညီကြသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ဆက်ဆံမှုပြုရသည်။ သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေးမှုအစဉ်အလာ၊ ဓလေ့ထုံးတမ်းများကို လေးစားကြရသည်။ အစဉ် အလာအားဖြင့်လည်းကောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအရလည်းကောင်း မတူညီ မှုများကို ဘေးဖယ်၍ ဆက်ဆံမှုပြုနေကြသော် လည်း တူညီသည့်အချက်တစ်ချက်ကို အံ့သြဖွယ် ကောင်းလောက်အောင် တွေ့ရှိရသည်။ ယင်းမှာ ယောကျ်ား၊ မိန်းမ ခွဲခြားဆက်ဆံခြင်း၊ အမျိုးသမီး များ၏အခွင့်အရေးကို ပြည့်ပြည့်ဝဝမပေးဘဲ နှိမ့်ချ ခြင်း၊ အထူးသဖြင့် အမျိုးသမီးများအပေါ် အကြမ်း ဖက်ခြင်းတို့ပင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ဘီစီ ၆ ရာစုခန့်က စာလိပ်တစ်ခု
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုသည် မှာ လူ့အခွင့်အရေးကို အရက်စက်ဆုံး၊ အကြီးမား ဆုံးချိုးဖောက်ခြင်း ပြယုဂ်တစ်ခုဖြစ်ပါသည်။ ထိုအခြေအနေသည် ခွဲခြားဆက်ဆံခြင်း၊ လူ့အခွင့် အရေးကို လျစ်လျူရှုခြင်းတို့ထက် ပိုမိုပြင်းထန်သော နှိပ်စက်ခြင်းတစ်မျိုးလည်းဖြစ်သည်။ ထို့ကြောင့် သမိုင်းနှင့်ယှဉ်သော လူ့အခွင့်အရေးနောက်ခံကို သိရှိကြရေး အထူးပင်လိုအပ်လှပါသည်။ အစောဆုံး လူ့အခွင့်အရေးဟုဆိုနိုင်သော အယူအဆများပါဝင် သည့် အထောက်အထားမှာ မက်ဆိုပိုတေးမီးယား လွင်ပြင် ဘေဘီလုံမြို့ပျက်၌ တူးဖော်တွေ့ရှိရသော ဘီစီ ၆ ရာစုခန့်က စာလိပ်တစ်ခုပင်ဖြစ်သည်။ စာလိပ်တွင် ကျွန်စနစ်ဖျက်သိမ်းခြင်း၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်၊ အနည်းဆုံးလစာနှင့် ခိုလှုံခွင့်တို့ကို ဖော်ပြထားသည်။ ထိုနောက်ပိုင်းတွင် ရှေးဟောင်း ဂရိအတွေးအခေါ် အယူအဆပေါ်လာသည်။ ဆက်လက်၍ သဘာဝအခွင့်အရေးအတွေးအခေါ် သည် ၁၄ရာစုတွင် ပေါ်ပေါက်ခဲ့သည်။ ယင်းနောက် တွင် လူသား၏သဘာဝအခွင့်အရေးများနှင့် ဥပဒေ အရအခွင့်အရေးများဆိုသည့် အတွေးအခေါ်များ ထွန်းကားလာခဲ့ပါသည်။
သဘာဝအခွင့်အရေးဆိုသည်မှာ မည်သည့် ဥပဒေ၊ အုပ်ချုပ်မှုပုံစံကမှ ခွင့်ပြုပေးစရာမလိုသည့် မွေးရာပါလူသားဖြစ်တည်ကတည်းက ရရှိသော အခွင့်အရေးဖြစ်ပြီး ဥပဒေပါအခွင့်အရေးမှာမူ အုပ်ချုပ်သူအစိုးရ၊ မင်းတို့က ပြဋ္ဌာန်းခွင့်ပြုပေးထား သည့်အခွင့်အရေးများဖြစ်သည်။ အဆိုပါအခွင့် အရေးနှစ်ရပ်လုံး အမျိုးသမီးများရရှိခံစားရမှသာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်မည် ဖြစ်သည်။ ယနေ့ခေတ်လူ့အခွင့်အရေးဆိုသည့် သဘာဝဥပဒေသည် ၁၆ ရာစုက ပေါ်ထွန်းလာခဲ့ သော သဘာဝဥပဒေအယူအဆမှ သက်ဆင်းလာ ခြင်းဖြစ်ပါသည်။ ၁၆၈၉ ခုနှစ် ဗြိတိန်နိုင်ငံတွင် ရေးဆွဲခဲ့သော လူ့အခွင့်အရေး ပဋိညာဉ်စာချုပ်နှင့် ၁၇၇၆ခုနှစ် အမေရိကန်လွတ်လပ်ရေးကြေညာ စာတမ်းတို့တွင် လူသားတို့ ရှင်သန်ခွင့်၊ လွတ်လပ် ခွင့်နှင့် ပျော်ရွှင်စွာနေထိုင်ပိုင်ခွင့်တို့ပါရှိခဲ့ပြီး ၁၈၃၃ ခုနှစ် ကျွန်ပြုမှုတိုက်ဖျက်ရေးဥပဒေအရ ကမ္ဘာပေါ် တွင် ကျွန်စနစ်ပပျောက်ရန် နိုင်ငံတကာစာချုပ်ချုပ်ဆို နိုင်ခဲ့ပါသည်။
စစ်ပြေငြိမ်းရေးဗာဆိုင်းစာချုပ်
ပထမကမ္ဘာစစ်၊ စစ်ပြေငြိမ်းရေးဗာဆိုင်းစာချုပ် ချုပ်ဆိုအပြီး နိုင်ငံပေါင်းချုပ်အသင်းကြီးကို ၁၉၁၉ ခုနှစ်တွင် ထူထောင်လိုက်သည်။ အသင်းကြီးသည် ရည်ရွယ်ချက်များကို ထိရောက်စွာမဖြည့်ဆည်း နိုင်သဖြင့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားရပြန်ပါသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂကို ဖွဲ့စည်းပြီး ကုလသမဂ္ဂပဋိညာဉ်ကို ရေးသား၍ အဖွဲ့ ဝင်နိုင်ငံများက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြ ပါသည်။ ပဋိညာဉ်၏ရည်ရွယ်ချက်များတွင် ကျား၊ မ တန်းတူအခွင့်အရေးများရရှိစေရန်၊ လူသား၏ ဂုဏ်သိက္ခာနှင့်အညီနေထိုင်နိုင်သည့် အခြေခံ လူ့အခွင့်အရေးများကို လူမျိုး၊ လိင်၊ ဘာသာစကားနှင့် ကိုးကွယ်ယုံကြည်မှုမခွဲခြားဘဲ တန်းတူညီမျှအကာ အကွယ်ပေးရန်ဟူ၍ပါရှိသည်။ အလားတူပင် ပဋိညာဉ်အပိုဒ် (၅၅)(ဃ)တွင် လူမျိုး၊ လိင်၊ ဘာသာ စကား၊ ကိုးကွယ်ယုံကြည်မှုအပေါ် အခြေခံပြီး ခွဲခြား ဆက်ဆံခံရခြင်းမှကင်းလွတ်၍ လူသားတို့၏ အခြေခံ လူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်များ ရရှိစေရန် တိုးမြှင့်လုပ်ဆောင်ပေးမည်ဟု ဖော်ပြထားပါသည်။
ထို့နောက် နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်းရေးဆွဲနိုင်ရေး ကဏ္ဍပေါင်းစုံမှ ဆွေးနွေးမှု များစွာပြုလုပ်ခဲ့သည်။ လူသားတို့၏ အခြေခံအခွင့် အရေးများမှာ မည်သည့်အချက်များဖြစ်သည်၊ ယင်းတို့ကို မည်သို့ကာကွယ်ပေးရမည်ဆိုသည်ကို အလေးထားဆွေးနွေးခဲ့ကြပြီး ၁၉၄၈ ခုနှစ်တွင် အချက် (၃၀) ပါသော “အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း” ကို ထုတ်ပြန်နိုင်ကာ အဖွဲ့ဝင်နိုင်ငံများက တညီတညွတ်တည်းလက်ခံ အတည်ပြုလိုက်ကြသည်။ လူ့အခွင့်အရေး ကြေညာ စာတမ်းသည် ဥပဒေဖြင့် ချည်နှောင်မှုမရှိသော်လည်း နိုင်ငံများကို တရားမျှတမှုနှင့် တန်းတူညီမျှမှုရှိစေရန်၊ မိမိနိုင်ငံသားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေ ရန် တွန်းအားပေးသည့်သဘောသက်ဝင်ကြောင်း တွေ့ရှိရပါသည်။ ပဋိညာဉ်စာချုပ် အချက်(၃၀)တွင် အပိုဒ်(၁) လူသားတိုင်းသည် မွေးဖွားလာစဉ်ကတည်း က တူညီသောဂုဏ်သိက္ခာနှင့် တူညီသောအခွင့်အရေး ရှိသည်။ အပိုဒ်(၂)မည်သူ့ကိုမျှ ခွဲခြားဖိနှိပ်ခြင်းမရှိစေ ရ။ အပိုဒ်(၃)လူသားတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ် ခွင့်နှင့် လုံခြုံခွင့်ရှိသည်။ အပိုဒ် (၅) မည်သူ့ကိုမျှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာရက်စက်စွာ ဆက်ဆံခြင်း၊ အပြစ်ပေးခြင်းပြုခွင့်မရှိဟု အတိ အလင်းဖော်ပြပါရှိသည်။ အလားတူစွာ ၁၉၇၉ ခုနှစ် က ရေးဆွဲပြဋ္ဌာန်းပြီး ၁၉၈၁ ခုနှစ်တွင် အသက်ဝင် ခဲ့သော အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်အပါအဝင် ဥပဒေသဘောသက်ရောက်သည့် စာချုပ်ခြောက်ခု ရေးဆွဲချမှတ်နိုင်ခဲ့ပါသည်။
လူ့အခွင့်အရေးသည် လူသားအားလုံးနှင့် သက်ဆိုင်၍ တစ်ဦးပိုင် မဟုတ်သည့်အတွက် အခြား သူများ၏အခွင့်အရေးကို လေးစားရပါမည်။ လူသား များနေထိုင်ရာ ဤကမ္ဘာတွင် လူသားကို ပဓာနထား သော၊ လူကိုလူလိုတန်ဖိုးထားသော၊ လူကိုလူလို လေးစားသက်ဝင်တတ်သောစနစ် ကျယ်ပြန့် ထွန်းကားမှသာ ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် လူ့ဘောင်ကို တည်ဆောက်နိုင်မည်ဖြစ်ရာ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုများ ဆောလျင်စွာ ပပျောက်ရေး အလွန်လိုအပ်လျက်ရှိပါသည်။
၁၉ရာစုနှောင်းပိုင်းမှစ၍ ကမ္ဘာပေါ်ရှိ အမျိုးသမီး များ၏အခန်းကဏ္ဍ အရေးပါမှုကို ကမ္ဘာက အသိ အမှတ်ပြုလာသည်နှင့်အညီ ၁၉၆၇ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ကျား/မ ခွဲခြားမှုပယ်ဖျက် ရေးကို တညီတညွတ်တည်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ သည်။ ထို့နောက် ၁၉၇၅ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှစ်” အဖြစ်လည်းကောင်း၊ ၁၉၇၆ ခုနှစ်မှ ၁၉၈၅ ခုနှစ်ကို “ကုလသမဂ္ဂအမျိုးသမီးများ ဆယ်စုနှစ်” အဖြစ်လည်းကောင်း၊ ၁၉၇၇ ခုနှစ်မှစ၍ နှစ်စဉ် မတ်လ ၈ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အဖြစ်လည်းကောင်း သတ်မှတ် ပေးလိုက်ခြင်းက ကမ္ဘာ့အမျိုးသမီးထုတစ်ရပ်လုံး အတွက် နှစ်ထောင်းအားရ ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပါ သည်။
ကမ္ဘာ့အမျိုးသမီးညီလာခံများ
အမျိုးသမီးများသည် အမျိုးသားများနှင့်အတူ အခွင့်အရေးများရရှိခံစားမှု၊ တန်းတူရည်တူဆက်ဆံ ခွင့်ရရှိမှု၊ အမျိုးသမီးများ၏ စွမ်းပကားမြင့်မားမှုတို့ အတွက် နိုင်ငံတကာလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ ခြင်းကြောင့် “ကမ္ဘာ့အမျိုးသမီးညီလာခံများ” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဆုံးကမ္ဘာ့အမျိုးသမီး ညီလာခံ (၁၉၇၅) ကို မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့ တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကမ္ဘာ့အမျိုးသမီး ညီလာခံ (၁၉၈၀) ကို ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့၌လည်းကောင်း၊ တတိယအကြိမ် ကမ္ဘာ့အမျိုး သမီးညီလာခံ (၁၉၈၅) ကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ တွင်လည်းကောင်း၊ စတုတ္ထအကြိမ်ကမ္ဘာ့အမျိုး သမီးညီလာခံ (၁၉၉၅) ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဘေဂျင်းမြို့၌လည်းကောင်း အသီးသီးကျင်းပ ခဲ့ပါသည်။
စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံ၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် ကြရာတွင် နိုင်ငံတိုင်း၌ အမျိုးသားအဆင့်ယန္တရားဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သင့် သည့် ကဏ္ဍကြီး (၁၂) ရပ် ပါဝင်သော “ဘေဂျင်း ကြေညာစာတမ်း” ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါ သည်။ ထိုကဏ္ဍကြီး(၁၂)ရပ်တို့မှာ (၁) အမျိုးသမီး များနှင့် ဆင်းရဲမွဲတေမှု၊ (၂) အမျိုးသမီးများအား ပညာပေးရေးနှင့် လေ့ကျင့်သင်တန်းပေးရေး၊ (၃) အမျိုးသမီးများနှင့်ကျန်းမာရေး၊ (၄)အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ (၅) လက်နက်ကိုင် ပဋိပက္ခများအကြားတွင် ကျရောက်နေသောအမျိုးသမီးများ၊ (၆) အမျိုး သမီးများနှင့် စီးပွားရေးကဏ္ဍ၊ (၇) ဆုံးဖြတ်ချက် ချခြင်းနှင့် လုပ်ပိုင်ခွင့်အာဏာခွဲယူခြင်းတွင် အမျိုး သမီးများကဏ္ဍ၊ (၈) အမျိုးသမီးများဖွံ့ဖြိုးတိုးတက် မှုအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းယန္တရားများ၊ (၉) အမျိုးသမီးများနှင့် လူထုဆက်သွယ်ရေး၊ (၁၀) အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်၊ (၁၁) အမျိုးသမီးများနှင့် လူ့အခွင့်အရေး၊ (၁၂) မိန်းကလေးငယ်များဟူ၍ဖြစ်ပါသည်။
စတုတ္ထအကြိမ်အမျိုးသမီးညီလာခံက ချမှတ် ခဲ့သည့် ဘေဂျင်းကြေညာစာတမ်းအရ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရသည် ၁၉၉၆ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင် ရည်မြင့်မားရေးနှင့် အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးဆောင်လမ်းညွှန် ဆောင်ရွက်သွားနိုင်ရန် “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ” (ယခု မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီ) ကို ဖွဲ့စည်းပေးခဲ့ပါ သည်။ အဆိုပါကော်မတီသည် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “အမျိုးသားအဆင့် ယန္တရား” အဖြစ် ရပ်တည်ဆောင်ရွက်ပါသည်။ ထို့အတူမြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ စတင်ဖွဲ့စည်းသည့် ဇူလိုင် ၃ ရက်ကို “မြန်မာနိုင်ငံ အမျိုးသမီးများနေ့” အဖြစ် သတ်မှတ် ကာ နှစ်စဉ်အခမ်းအနားများ ကျင်းပပြုလုပ်သွား ရန် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းလိုက်ရာ မြန်မာအမျိုးသမီးထုတစ်ရပ်လုံးအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပင်ဖြစ်ပါသည်။
ထိုမှတစ်ဆင့် မြန်မာနိုင်ငံအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ အမျိုးသမီးထု ကြီးကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်း များကို ပိုမိုကျယ်ပြန့်စွာ လွှမ်းခြုံအကောင်အထည် ဖော်နိုင်ရန်၊ ပြည်တွင်း ပြည်ပ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လွယ်ကူ စွာဆက်သွယ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရ ၏ ဦးဆောင်လမ်းညွှန်ချက်ဖြင့် ၂၀၀၃ ခုနှစ် ဒီဇင် ဘာလ ၂၀ ရက်နေ့တွင် “မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်” ကို ဖွဲ့စည်းခဲ့ပါသည်။ အဖွဲ့ချုပ် ကြီးသည် ရည်ရွယ်ချက် (၇) ရပ်၊ အခြေခံမူ (၅) ရပ်နှင့်အညီ မြန်မာအမျိုးသမီးများအား ကာကွယ် စောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်ရေးလုပ်ငန်းများအတွက် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးလုပ်ငန်းအဖွဲ့ခွဲ၊ လူမှောင်ခိုနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်း အဖွဲ့ခွဲ၊ ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းအဖွဲ့ခွဲ၊ အမျိုးသမီးငယ်ရွယ်လုပ်ငန်း အဖွဲ့ခွဲတို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာလူမျိုးတို့သည် ဘာသာတရား၏ အဆုံး အမအရ “ဟီရိသြတ္တပ္ပ” ဟူသောအရှက်၊ အကြောက် ဆိုသည့် လောကပါလတရားနှစ်ပါးကို လက်ကိုင် ထားသော ယဉ်ကျေးသိမ်မွေ့သည့်လူမျိုးဖြစ်ပါ သည်။ မြတ်ဗုဒ္ဓ၏အဆုံးအမဖြစ်သော “ဗြဟ္မဝိဟာရ တရားလေးပါး” ကို လက်ကိုင်ထားကြသူများ ဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားကို လက်ကိုင်ထား၍ သည်းခံခွင့်လွှတ်မှုများ ဖြင့် အကောင်းဘက်သို့သာ ဦးတည်လျက်ရှိသော ကြောင့် အကြမ်းဖက်မှုမှာ မြန်မာ့ဓလေ့တစ်ရပ် မဟုတ်ပါ။
အချင်းချင်းဆက်ဆံရာတွင်လည်း အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ “ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနား” အစဉ်အလာဖြင့် ဆက်ဆံခဲ့ကြသည်။ တတ်သိလိမ္မာမှုနှင့် လူမှု အဆင့်အတန်းကို အစဉ်အလာအားဖြင့် ထိန်းသိမ်း လာသော ဓလေ့ ထုံးတမ်းယဉ်ကျေးမှုထွန်းကားရာ နိုင်ငံလည်းဖြစ်ပါသည်။
အခွင့်အရေးနှင့် တာဝန်နှစ်ရပ်
မြန်မာလူ့ဘောင်အဖွဲ့အစည်းတွင် မြန်မာ အမျိုးသမီးများသည် ရှေးခေတ်အဆက်ဆက်ကပင် အခွင့်အရေးနှင့် တာဝန်နှစ်ရပ်ကို တစ်ပြိုင်တည်း ရရှိထမ်းဆောင်ခဲ့ကြသူများဖြစ်ပါသည်။ မြန်မာ အမျိုးသမီးများသည် မိမိချစ်ခင်နှစ်သက်သူကို လက်ထပ်ယူနိုင်ခွင့်ရှိသလို မိမိတို့မိသားစုနှင့် မြန်မာ့လူ့အဖွဲ့အစည်း၏ ဆုံးမသွန်သင်လမ်းညွှန် မှုဘောင်အတွင်း နေထိုင်၍ လိုက်နာဆောင်ရွက် တတ်ကြသူများလည်းဖြစ်သည်။ အိမ်ထောင်ကို ဦးစီးခွင့်၊ ငွေကြေးကိုင်ဆောင်သုံးစွဲခွင့်၊ စီမံခန့်ခွဲခွင့်၊ အမွေဆက်ခံပိုင်ခွင့်များသည် တောင်းယူစရာမလို သော ပုံစံတကျရှိနေသည့် မူလအခွင့်အရေးများပင် ဖြစ်သည်။ အလားတူစွာ ပညာသင်ယူခွင့်၊ အလုပ် လုပ်ခွင့်၊ အလုပ်တာဝန်ချင်းတူပါလျှင် အမျိုးသားများနှင့်တန်းတူလစာခံစားခွင့်၊ သားဖွားခွင့်၊ ဆေး ခွင့်၊ အငြိမ်းစားယူခွင့် စသောအခွင့်အရေးများသည် လည်း မြန်မာအမျိုးသမီးတို့ တောင်းယူရန်မလို သောအခွင့်အရေးများပင်ဖြစ်ပါသည်။ သို့ရာတွင် အမျိုးသမီးဟူသော အားနည်းချက်ကို ကိုင်စွဲလျက် ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေးမပေးခြင်းနှင့် လူမဆန်စွာညှဉ်းပန်းနှိပ်စက် အကြမ်းဖက်ခံရခြင်း များရှိနေကြောင်း တွေ့မြင်သိရှိနေရသဖြင့် ထိုအရာ များသည် စိတ်မကောင်းဖွယ်ရာ၊ အော့နှလုံးနာစရာ များပင် ဖြစ်နေပေတော့သည်။
အကြမ်းဖက်မှုကို သိလျက်နှင့် ကျူးလွန်ကြ သည်များရှိသလို မသိနားမလည်သည့်အတွက် ပြုလုပ်မိသူများလည်းရှိသည်။ အကြမ်းဖက်မှုကို လေ့လာလျှင် ပြစ်မှုကြီးများကိုသာ မြင်တတ်ကြပါ သည်။ အကြမ်းဖက်မှုနယ်ပယ်သည် ထိုမျှသာမက သတိမထားလိုက်မိသည့် အကြမ်းဖက်မှုများလည်း ရှိနေပေသည်။ ယနေ့ကာလတွင် အမျိုးသမီးများ အပေါ် ကျူးလွန်သော အကြမ်းဖက်မှုများသာမက ကလေးသူငယ်များအပေါ်တွင် ကျူးလွန်သော အကြမ်းဖက်မှုများပါ သိုသိုသိပ်သိပ်ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိသည်။ အမျိုးသမီးဟုဆိုလိုက်သည် နှင့် အားနွဲ့သူဆိုသောစကားလုံးကို နာမဝိသေသန အဖြစ် ပူးတွဲမြင်တတ်ကြသည်။ အသိဉာဏ်အား မနည်းသော်လည်း ဇီဝကမ္မသဘောတရားအရ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတွင် အမျိုးသား များထက် အားနွဲ့သည်ဟု သတ်မှတ်မြင်တတ်ကြ ပါသည်။ ထိုအမြင်များက အမျိုးသမီးများအပေါ် တစ်နည်းမဟုတ်တစ်နည်းဖြင့် အကြမ်းဖက်ကြ လေ့ရှိပါသည်။ အထူးသဖြင့် မသိနားမလည်သူ၊ စိတ်ဓာတ်ပျော့ညံ့သူ၊ ဆင်ခြင်တုံတရားနည်းပါးသူ အမျိုးသမီးများမှာ ပိုမိုအကြမ်းဖက်ခံရလေ့ရှိ ကြောင်း တွေ့ရှိရပါသည်။
သိသာမြင်သာသော အကြမ်းဖက်မှုများမှာ ဆဲဆိုပြစ်တင်ကြိမ်းမောင်းကာ ကိုယ်ထိ လက်ရောက် ထိုးကြိတ် ရိုက်နှက်ကန်ကျောက်ခြင်း များဖြစ်သည်။ လူမှုပတ်ဝန်းကျင်အတွင်း လင် ယောက်ျားက ဇနီးမယားကို ရိုက်နှက်အကြမ်းဖက်မှု များရှိနေသေးသည်။ ဇနီးမယား၊ သမီးမိန်းကလေး၊ အရွယ်မရောက်သေးသော မိန်းကလေးများနှင့် သူစိမ်းမိန်းကလေးများကို ရိုက်နှက်ပုတ်ခတ် ကျူးလွန်ခြင်းသည် အရုပ်ဆိုးအကျည်းတန်သော အပြုအမူများဖြစ်သည်။ အိမ်ထောင်စုအတွင်း ယောကျ်ားက မိန်းမကို ရိုက်နှက်နေခြင်းသည် သားသမီးများ၏စိတ်ဓာတ်ကိုပါ ရိုက်ချိုးသလို ဖြစ်သဖြင့် ထိုအိမ်ထောင်စုသည် မည်သည့်အခါမှ အေးချမ်းသာယာတိုးတက်မည်မဟုတ်ပါ။ မူးရူး သောက်စားရမ်းကားတတ်သော အိမ်ထောင်ဦးစီး ယောကျ်ားသားရှိသောအိမ်ထောင်စုမှာ အဆိုးဆုံး ခံစားနေကြရပါသည်။
ကိုယ်ထိလက်ရောက်ကျူးလွန်မှ အကြမ်းဖက် ခြင်းမဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မှာလည်း ပုံစံအမျိုးမျိုးဖြင့် စိမ့်ဝင်ပျံ့နှံ့လျက်ရှိနေပါ သေးသည်။ မြန်မာဆိုရိုးစကားတစ်ခုရှိသည်။ “ကျောပူခံနိုင်သည်၊ နားပူမခံနိုင်” ဟူ၍ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် တစိမ့်စိမ့်နှင့် အမှည့်ခြွေခြွေသောပုံစံပင်ဖြစ်သည်။ ယနေ့ခေတ် အခြေအနေအရ လင်ယောကျ်ားသာမက ဇနီးမယား တို့ပင် အပြင်ထွက်အလုပ်လုပ်ကြရသည်။ ပြင်ပ အလုပ်လုပ်၍ စီးပွားရှာရသော်လည်း အိမ်မှုကိစ္စ လစ်ဟင်းမှုမရှိရအောင် အလုပ်မသွားမီနှင့် အလုပ် အပြန်၌ အိမ်သူဇနီးမယားများကပင် လုပ်ကြရသည်။ နိစ္စဓူဝပင်ပန်းဆင်းရဲနေသည့်တိုင်အောင် နားဝင် မချိုသော၊ အပြစ်ဖို့သောစကားများဖြင့် အနုနည်း အကြမ်းဖက်ခြင်းတို့ကြောင့် နောက်ဆုံး၌ အိမ်ထောင် ကွဲကွာရခြင်းများလည်းရှိသည်။ ကျွဲနှစ်ကောင်ခတ်ရာ မှ ကြားကမြေစာပင် သားသမီးတို့ အခြောက်တိုက် နစ်မွန်းကြရှာပါသည်။
အလုပ်ခွင်အကြမ်းဖက်မှုများ
ထိုသို့ အိမ်တွင်းအကြမ်းဖက်မှုများသာမက အလုပ်ခွင်အကြမ်းဖက်မှုများလည်းရှိနေသေးသည်။ အလုပ်ရှင်က အလုပ်သမားအမျိုးသမီးများကို လူမဆန်စွာ အကြမ်းဖက်မှုအမျိုးမျိုးပြုနေကြသည်။ အိမ်ဖော်အမျိုးသမီးငယ်လေးများအား ရေနွေးပူ လောင်းခြင်း၊ အပ်ဖြင့်ထိုးဆွခြင်း၊ ရိုက်နှက်ခြင်း၊ ပိတ်လှောင်ထားခြင်း၊ အစာရေစာ ဝဝလင်လင် မကျွေးခြင်းများအပြင် အချို့အမျိုးသမီးများမှာ အပျိုရည်ပျက်ရသည်အထိ အကြမ်းဖက်ခြင်းခံကြရ သည်။ လုပ်ခလစာနှင့်မတန်အောင် ခိုင်းခြင်း၊ နားနေ ချိန်မရအောင် နေ့၊ ညမပြတ်ခိုင်းစေခြင်း စသည်ဖြင့် တိရစ္ဆာန်လို သဘောထားသူများလည်း ရှိသည်။ ပြည်တွင်း၌သာမက ပြည်ပသို့ရွှေ့ပြောင်းသွားလာလုပ်ကိုင်ကြသည့် အမျိုးသမီးများ၏ဘဝများမှာ လည်း ရှေ့ရေးမှာ ရင်လေးစရာပင်ဖြစ်သည်။ ရမည် ဆိုသောအလုပ်မရဘဲ ပြည့်တန်ဆာဘဝသို့ရောက် သွားရသော အမျိုးသမီးများမှာလည်း ဒုနှင့်ဒေးပင် ဖြစ်သည်။ အကြမ်းဖက်အနိုင်ကျင့်ခံရ၍ အရှက်ကြီး ပြီး မည်သူကိုမျှဖွင့်မပြောရဲသော မိန်းကလေးများ၏ ဘဝများသည်ကား ရင်နင့်စရာပင်ဖြစ်သဖြင့် ထိုသို့ မဖြစ်ပေါ်အောင် သတိထားကာကွယ်ကြရေးမှာ မလွဲ မသွေလိုအပ်လှပါသည်။
နောက်ထပ်လူမဆန်သော အကြမ်းဖက်မှုတစ်ရပ် မှာ လူကုန်ကူးခံရခြင်းပင်ဖြစ်ပါသည်။ လူကုန်ကူး ခံရမှုသည် အစပိုင်းတွင် အကြမ်းဖက်ခြင်းနှင့်မတူ သယောင်ရှိသော်လည်း လူကုန်ကူးခံရပြီးနောက် လိုရာခရီးသို့ ရောက်သွားပြီးနောက်ပိုင်းတွင် အကြမ်း ဖက်ခြင်းခံရသည့်ဘက်သို့ ကူးပြောင်းသွားရတော့ သည်။ မသိနားမလည်သဖြင့်လည်းကောင်း၊ အယုံ လွယ်၍လည်းကောင်း၊ မက်လုံးပေးမှုကို လောဘ တက်သောကြောင့်လည်းကောင်း အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ လူကုန်ကူးခံရတတ်သည်။ နောက်ဆုံးတွင် အလိုမတူဘဲ တိုင်းတစ်ပါးသားနှင့် လက်ထပ်အိမ်ထောင်ပြုရခြင်း၊ ကိုယ်တွင်းအင်္ဂါ ထုတ်ယူအသုံးချခံရခြင်း၊ မထင်မှတ်ဘဲ လောကငရဲ ခန်းသို့ သက်ဆင်းသွားရခြင်းအမျိုးမျိုးတို့မှာ အလွန် ဆိုးရွားသော အကြမ်းဖက်ခံရမှုများပင်ဖြစ်သည်။ အဆိုးဆုံးနှင့် လူသားမဆန်ဆုံးအကြမ်းဖက်မှုမှာ သက်ငယ်မုဒိမ်းမှုပင်ဖြစ်သည်။ လောကကြီးအကြောင်း ဘာမျှမသိသေးသော ကလေးသူငယ်များ လူမဆန်စွာ အနိုင်အထက်ပြုကျင့်ခံလိုက်ရပြီဆိုလျှင် ကြောက်လန့် စရာကြုံတွေ့ရမှုကြောင့် ဘဝတစ်လျှောက်လုံး အိပ်မက်ဆိုးကြီးတစ်ခုအသွင် ခြောက်လှန့်နေမည် ပင်ဖြစ်သည်။ မုဒိမ်းမှုအဆင့်မရောက်သော်လည်း လူထူထူ၊ လူအလစ်တွင် လူ့သရမ်းများ၏ တို့ထိ ကိုင်တွယ်မှုများလည်း ကြုံရတတ်သည်။ အမျိုးသမီး များ အကြမ်းဖက်မခံရရေးအတွက် အဓိကလိုအပ် ချက်များမှာ ဥပဒေများကို သိခြင်း၊ တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်ခြင်း၊ ဗဟုသုတများခြင်း၊ စဉ်းစား ချင့်ချိန်ခြင်းနှင့် အန္တရာယ်ကို ကြိုတင်မြော်တွေး၍ သတိကြီးစွာထားရှိရေးတို့ပင်ဖြစ်ပါသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေးအတွက် ပညာပေးခြင်းလုပ်ငန်းသည် အကောင်း ဆုံးသော ကြိုတင်ကာကွယ်မှုဖြစ်သည်။ ကြိုတင် ကာကွယ်မှုကောင်းလေ၊ အန္တရာယ်ကင်းလေ လူ့ဘောင်လောကက သာယာလေပင်ဖြစ်သည်။ မိဘအုပ်ထိန်းသူများအနေဖြင့် သမီးမိန်းကလေးများ ကို ငယ်ရွယ်စဉ်ကပင် စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် ဆုံးမသွန်သင် ပဲ့ပြင်သင့်လှသည်။ အကြောက်တရားဖြင့် သွန်သင် ဆုံးမမှုကို ရှောင်ကြဉ်သင့်သည်။ ငယ်စဉ်ကတည်းက အကြောက်တရားလွှမ်းမိုးခံရပါက အရွယ်ရောက် သော် လူရှိန်၊ လူကြောက်တတ်ပြီး အကြမ်းဖက်မှု ပိုမိုခံရနိုင်ခြေများသည်။ မသန်စွမ်းသူများအပါအဝင် ငယ်ရွယ်သော ကလေးသူငယ်များကို မိမိမျက်စိ အောက်မှ အပျောက်မခံဘဲ အခါမလပ်ဂရုစိုက်ရမည် ဖြစ်သည်။ အလွယ်လွှတ်မထားသင့်သလို ယုံကြည် စိတ်ချမှုဖြင့် တစ်ပါးသူလက်ထဲသို့ ပြီးစလွယ်မအပ်နှံ ကြစေလိုပါ။ ပြင်ပသို့သွားရာတွင်လည်း လွှတ်မထား ပါနှင့်၊ ရင်အုပ်မကွာထားတတ်ရေးသည်သာ အကောင်းဆုံးဖြစ်ပါသည်။
ပညာသင်ချိန်ရောက်လျှင် မူကြိုမှစ၍ ကျောင်းပညာများအဆင့်ဆင့် သင်ကြားစေလျက် အနည်းဆုံး အခြေခံပညာအလယ်တန်းအဆင့်အထိ တက်ရောက်စေသင့်ပါသည်။ ကျောင်းစာသာမက ပြင်ပဗဟုသုတရရှိစေသော စာအုပ်စာပေဖတ်ရှု လေ့လာခြင်း၊ ဗဟုသုတရှာမှီးခြင်းတို့ပြုလုပ်စေရပါမည်။ လူသူကင်းမဲ့သည့်နေရာများကို ရှောင်၍ ညအချိန်မတော် သွားလာခြင်းအား ခွင့်မပြုသင့်ပါ။ မိဘအုပ်ထိန်းသူများနှင့် ကင်းကွာနေသောအမျိုး သမီးအလုပ်သမားများ၊ ကျောင်းသူများ၊ အခြား မိန်းကလေးများသည် ပို၍သတိထားဆင်ခြင်ရ ပါမည်။ ခေါ်ရာသို့ အလွယ်မလိုက်သင့်ဘဲ အဖော် ကောင်းပါမှ သွားလာသင့်သလို အချိန်နှောင်းသည် အထိ ပြင်ပတွင်မနေကြရေး အထူးလိုအပ်လှပါသည်။
မည်သို့ပင်ဆင်းရဲနေပါစေ အလုပ်လုပ်လိုစိတ် ပြင်းပြခြင်း၊ မက်လုံးပေးမှု၌ သဘောကျခြင်း၊ အပြောချိုသော စကားနောက်သာယာခြင်း၊ အယုံလွယ်ခြင်းများမပြုဘဲ မိဘမောင်ဘွားတို့နှင့် တိုင်ပင်သဘောတူညီချက်ရမှ အလုပ်လုပ်သင့် သည်။ ရွှေ့ပြောင်းသွားလာလုပ်ကိုင်လိုသူများ မသွားမီက သတင်းစုံစွာရယူ၍ တိကျခိုင်မာသော အလုပ်ရမှသာ ပြည်ပသို့ထွက်ခွာရပေမည်။ သို့မဟုတ်ပါက အရင်းအနှီးငွေဆုံးရှုံးသည့်အပြင် ဘဝပါပျက်သွားတတ်ကြောင်း သတိချပ်သင့်လှ သည်။ အိမ်ထောင်ဦးစီး၊ အလုပ်ရှင်များအပါအဝင် မည်သည့်ယောကျ်ားမဆို ကိုယ်ချင်းစာနာတတ်ရေး များစွာလိုအပ်သည်။ နှမချင်းစာနာစိတ်၊ သူ့နေရာ တွင် ငါသာဆိုလျှင်ဆိုသော ဝေဖန်ပိုင်းခြားတတ် သည့် အသိတရားထားရှိပြီး လောဘ၊ ဒေါသ၊ မောဟတို့ လျှော့ချသင့်သည်။
အမျိုးသမီးအချင်းချင်းလည်း အကြမ်းဖက်မှု ပြုတတ်သဖြင့် အမျိုးသမီးချင်းဖြစ်စေကာမူ အသက်အရွယ်၊ ရာထူးဂုဏ်သိန်၊ ငွေကြေးချမ်းသာ မှုအလိုက် အကြမ်းဖက်တတ်လေ့ရှိသဖြင့် နားလည်မှု၊ စာနာမှု၊ ညှာတာသနားမှု၊ ခွင့်လွှတ်မှု တို့ ထွန်းကားမှသာ အကြမ်းဖက်မှုများမှ ကင်းဝေး မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ကြိုတင်ကာကွယ်ခြင်း များသည် တစ်ဦးတစ်ယောက်တည်းက လုပ်၍ မရဘဲ နိုင်ငံသားတိုင်းက ကိုယ်စီလိုက်နာရန် လိုသလို ကျဉ်းမြောင်းသောအမြင်၊ မှားယွင်းသော အယူအဆနှင့် ခွဲခြားဆက်ဆံခြင်းတို့ စွန့်လွှတ်သင့် သောအချိန်အခါသို့ရောက်ပြီဟု နားလည်သဘော ပေါက်သင့်လှပါသည်။ အကြမ်းဖက်မှုတစ်ခုခု ရင်ဆိုင်ကြုံတွေ့လာပါက အမျိုးသမီးများကို အကာအကွယ်ပေးသည့် အဖွဲ့အစည်းအားကို ရယူ ပါဟု အကြံပြုလိုပါသည်။
ယခုအခါ နိုင်ငံတော်အဆင့်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှား မှုအထိမ်းအမှတ်များ ကျင်းပလျက်ရှိပါသည်။ အဆိုပါ အထိမ်းအမှတ်လှုပ်ရှားမှုများသည် အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများပပျောက်ရေးကို ဦးတည် ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသမီးများ သာမက ကျား/မအခြေပြုအကြမ်းဖက်မှုပပျောက် ရေးဖြစ်စေရန် အမျိုးသားများလည်း လှုပ်ရှားမှု များ၌ ပါဝင်သင့်လှပါသည်။ ထိုအစီအစဉ်သည် သတ်မှတ်ရက်အတွင်းသာ အကျုံးဝင်သည်မဟုတ် ဘဲ အခါမလပ်လူသားချင်းစာနာစွာ အကောင် အထည်ဖော်ရမည့်လုပ်ငန်းစဉ်တစ်ရပ်ပင် ဖြစ်ပါ သည်။
ယနေ့ကာလ မြန်မာအမျိုးသမီးများအကြမ်းဖက်မခံရရေး ပြဋ္ဌာန်းပြီးဖြစ်သော နှီးနွှယ်သည့် ဥပဒေများရှိသော်လည်း အထူးကိစ္စတစ်ရပ်အဖြစ် လိုအပ်သည်မှာ “အမျိုးသမီးများအား ဘက်ပေါင်းစုံ မှ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေနှင့် ပြည့်တန်ဆာဆိုင်ရာဥပဒေ”တို့ပင်ဖြစ်သည်။ သို့မှ သာ သဘာဝလူ့အခွင့်အရေးအပြင် ဥပဒေအခွင့် အရေးပါရရှိခံစားရပြီး အကြမ်းဖက်မှုများ လျော့နည်းပပျောက်မည်ဖြစ်ပါသည်။ အချုပ်အား ဖြင့်ဆိုရသော် နိုင်ငံလူဦးရေ၏ ၅၃ ရာခိုင်နှုန်း ကျော်ကို ကိုယ်စားပြုသော မြန်မာအမျိုးသမီးထု ကြီးတစ်ရပ်လုံး၏ စွမ်းအားကိုရယူလျက် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် အားဖြည့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ လူ့အခွင့်အရေးများ အပြည့်အဝရရှိ ရေးအတွက်လည်းကောင်း၊ ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်ချုပ်ချယ်မှု ကင်းစေရေးအတွက် လည်းကောင်း၊ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရေးအတွက် လည်းကောင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ကြရန် လိုအပ် ပါသဖြင့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့” ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
- Log in to post comments