အမျိုးသမီးများ၏ အခွင့်အရေး အလေးထားစေလို

Type

 

 

မောင်သောင်းဝင်း(တမန်ဟောင်း)

 

နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့သည် မြန်မာအမျိုးသမီးများနေ့ဖြစ်သည်။ ထိုနေ့ကို ၁၉၉၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ကတည်းက တရားဝင် သတ်မှတ် ကျင်းပလာခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း ၂ဝ ပင်ကျော်ခဲ့ပြီဖြစ် သည်။ နိုင်ငံရေးနယ်ပယ်မှသည် လူမှုရေးနယ်ပယ်အထိ အောင်မြင်မှု ရရှိခဲ့ကြသည့် နိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများကို အသိအမှတ်ပြုသောနေ့လည်း ဖြစ်သည်။ ထိုနေ့၏  မူလရည်မှန်းချက်သည် အမျိုးသမီး များအား အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ ကျား၊  မ  တန်းတူညီမျှမှု  အခွင့်အလမ်း   အပြည့်အဝရရှိရေးနှင့်   အမျိုးသမီးများ၏  လူမှုဘဝ  မြှင့်တင်သွားနိုင်ရေးပင်ဖြစ်သည်။

 

အနစ်နာခံ


စင်စစ်အားဖြင့် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့်မိန်းကလေးများသည် အိမ်မှုကိစ္စများ ဆောင်ရွက်ရန် အချိန်များစွာပေးဆပ်နေကြ ရသည်။ အထူးသဖြင့်  အမျိုးသမီးများသည်  မိသားစုများအတွက် အမျိုးသားများထက် အချိန်နှစ်ဆပေးနေကြရသည်။ မိသားစုတစ်စု တွင် အမျိုးသမီးများသည် လူမမည်ကလေးများနှင့် သက်ကြီးရွယ်အို များအား ပြုစုစောင့်ရှောက်ရသည့်အပြင် အိမ်မှုကိစ္စများ စီမံခန့်ခွဲရ သဖြင့် ကိုယ်ပိုင်နားချိန်ပင်မရှိကြပေ။ 


အစားအသောက်တွင်လည်း အမျိုးသားများကဲ့သို့ ကောင်းကောင်း မွန်မွန်မစားကြရပေ။ အိုးကျန်၊ ခွက်ကျန်လူးပြီး ဖြစ်သလိုစားလိုက်ကြရ သည်။ အိမ်ရှင်မအများစုသည် ခင်ပွန်းနှင့် သား၊ သမီးများကိုသာ ဦးစားပေးလေ့ရှိကြသည်။ တချို့သော မိသားစုများတွင် အမျိုးသမီးများ သည် မိုးလင်း၊ မိုးချုပ် အလုပ်နှင့်လက် မပြတ်ကြရပေ။ တစ်အိမ်လုံး၏ တာဝန်မှန်သမျှသည် အမျိုးသမီးများ၏ပခုံးပေါ်တွင် ရောက်နေတတ် သည်။ ထို့ကြောင့် အိမ်ရှင်မများသည် အနစ်နာခံနေရသူများပင်ဖြစ် သည်။


ကျား၊ မ သာတူညီမျှရှိရေး


အမှန်တော့ နိုင်ငံတစ်နိုင်ငံအတွင်း မှီတင်းနေထိုင်သော အမျိုးသမီး အားလုံးသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်နယ်ပယ်ပေါင်းစုံတွင်  ရရှိနိုင်မည့်  အခွင့်အလမ်းမှန်သမျှကို အမျိုးသားများကဲ့သို့ သာတူညီမျှခံစားခွင့်ရရှိအောင် ဆောင်ကြဉ်းပေး နိုင်မှသာလျှင် ကျား၊ မ သာတူညီမျှရှိသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ကျား၊ မ သာတူညီမျှရှိမှုသည် လူ့အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။ အမျိုးသမီးများသည် အသက်ရှင်နေထိုင်စဉ်ကာလအတွင်း ကြောက် လန့်စိုးရိမ်မှုမှကင်းဝေးပြီး လုံခြုံစိတ်ချစွာဖြင့် ဂုဏ်သိက္ခာရှိရှိ နေထိုင် နိုင်မှသာလျှင် ကျား၊ မ သာတူညီမျှရှိသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ 


မျက်မှောက်ကာလ၌ တိုးတက်ပြောင်းလဲမှုများ မည်မျှပင်ရှိနေ စေကာမူ ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံနေဆဲပင်ဖြစ်သည်။ ထိုနိုင်ငံများတွင် အမျိုးသမီးများကို လိင်ဖျော်ဖြေရေးသက်သက်လောက်သာ သဘောထားနေကြသည်။ စိတ်မချမ်းမြေ့ဖွယ်ရာပင်ဖြစ်သည်။ ထိုနိုင်ငံများရှိ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့သည့် အချို့သော အမျိုးသားများသည် အားနွဲ့ သည့်အမျိုးသမီးများကို ပညာသင်ယူခွင့်နှင့် အများပြည်သူများ၏ ရှေ့မှောက်တွင် လွတ်လပ်စွာသွားလာခွင့်တို့ကို ကန့်သတ်တားမြစ် ပိတ်ပင်ထားကြသည်။ အထူးသဖြင့် အမျိုးသမီးတစ်ဦးသည် မိမိ ချစ်ခင်စုံမက်သူကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်မရှိပေ။ ဘာသာရေး၊ လူမျိုးရေး၊ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားပြီး ရောင်းကုန်လိုပင်သဘော ထားကာ ခွဲခြားဆက်ဆံခြင်း ခံနေကြရသည်။ ထိုနိုင်ငံများတွင် ရုပ် ပစ္စည်းများ မည်မျှပင် တိုးတက်မှုရှိနေစေကာမူ ဗြဟ္မာစိုရ်တရား ခေါင်းပါးနေဆဲပင်ဖြစ်သည်။


ထိရောက်သောအစီအမံများလို


မျက်မှောက်ကမ္ဘာကြီးတွင် လူဦးရေ ၇ ဒသမ ၉ ဘီလီယံကျော် ရှိနေပြီ ဖြစ်သည်။ အမျိုးသမီးဦးရေသည် ၃ ဒသမ ၇ ဘီလီယံကျော် ရှိသည်။ သို့သော် ကျား ၊ မ ခွဲခြားဆက်ဆံမှုကြောင့် ကမ္ဘာပေါ်ရှိ ဆင်းရဲသူ ၁ဝ ဦးတွင် ခြောက်ဦးသည် အားနွဲ့သည့်အမျိုးသမီးများ ဖြစ်သလို ကမ္ဘာ့စာမတတ်သူ  သုံးပုံ၊ နှစ်ပုံသည်လည်း အမျိုးသမီး များပင် ဖြစ်နေကြသည်။ ကမ္ဘာပေါ်တွင် အမျိုးသားအများစုသည် နိုင်ငံရေးနှင့် တရားရေးဆိုင်ရာ နယ်ပယ်များတွင် အဓိကကျသော နေရာများကို  လွှမ်းမိုးချုပ်ကိုင်ထားကြသည်။  နိုင်ငံအသီးသီးရှိ ဥပဒေပြုလွှတ်တော်များတွင်လည်း အမျိုးသမီးအမတ် အရေအတွက် ၂၂ ရာခိုင်နှုန်းသာ တွေ့ရှိရပါသည်။ ထို့အပြင် တရားဥပဒေအများစုသည် လည်း အမျိုးသမီးများကို အကြမ်းဖက်မှုမှ အကာအကွယ်ပေးနိုင်ခြင်း မရှိသေးပေ။   ထို့ကြောင့်   အမျိုးသမီးများအား   အကြမ်းဖက်မှုမှ ကာကွယ်ရေးအတွက် ထိရောက်သောအစီအမံများ ချမှတ်ဆောင်ရွက် သွားသင့်ပါသည်။


ထို့အပြင် အမျိုးသမီးများသည် လုပ်ငန်းခွင်တွင်လည်း အကြမ်း ဖက်မှုများနှင့်  ရင်ဆိုင်ကြုံတွေ့ရတတ်သည်။  လုပ်ဖော်ကိုင်ဖက် အမျိုးသားများ၊ အထူးသဖြင့် လုပ်ပိုင်ခွင့်အာဏာရှိသူများက ထိပါး နှောင့်ယှက်မှုမျိုး ကြုံတွေ့ရတတ်ပါသည်။ သဘောထားသေးသိမ် သည့် အချို့သောအမျိုးသားများသည် လုပ်ဖော်ကိုင်ဖက်နှင့် လက် အောက်ရှိ အမျိုးသမီးဝန်ထမ်းများကို နှုတ်ဖြင့်သော်လည်းကောင်း၊  အမူအရာဖြင့်သော်လည်း ကောင်း ထိပါးနှောင့်ယှက်တတ်ကြသည်။ ထိုသို့မဖြစ်ရလေအောင် အခြားသော လုပ်ဖော်ကိုင်ဖက်များက မိမိ၏ ဆွေမျိုးရင်းချာများကဲ့သို့ ပူးပေါင်း ကာကွယ်စောင့်ရှောက်သွားသင့် ပေသည်။ အမျိုးသမီးများ အပေါ် အခွင့်အရေးယူတတ်သူများကိုလည်း လူမှုကျင့်ဝတ်အရသော် လည်းကောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရသော်လည်းကောင်း သတိပေး ကြပ်မတ် အရေးယူဆောင်ရွက်သွား သင့်ပါသည်။


အထူးသဖြင့် အမျိုးသမီးများအား အများဆုံး ခြိမ်းခြောက်လျက် ရှိသည်မှာ အိမ်တွင်းအကြမ်းဖက်မှုများပင်ဖြစ်သည်။ အချို့သော အမျိုးသားများသည် သူတို့ ငွေရှာနိုင်သည်ဆိုပြီး ဇနီးနှင့် သားသမီး များအပေါ် ဗိုလ်ကျ အနိုင်ကျင့်လေ့ရှိကြသည်။ အချို့ အမျိုးသားများ သည် သောက်စားမူးယစ်ပြီး ဇနီးများအပေါ် ဆူပူကြိမ်းမောင်း ရိုက် နှက်တတ်လေ့ရှိကြသည်။ အချို့သော အိမ်ထောင်ရှင် အမျိုးသမီး များသည် ၎င်းတို့၏ခင်ပွန်းများ မကောင်းကြောင်းကို အခြားသူများသို့ ရင်ဖွင့်ပြောကြားလိုခြင်းမရှိသဖြင့် အိမ်တွင်း၌ပင် ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကို ခါးစည်းခံနေကြရသည်။ အချို့အမျိုးသားများသည် ဇနီးကို ဆံပင်ဆွဲကာ ပါးရိုက်တတ်ကြ သည်။ သွေးထွက်သံယိုဖြစ်သည်အထိပင် ရက်စက်ကြမ်းကြုတ်လေ့ရှိကြသည်။ ထိုသို့ အမျိုးသမီးများအပေါ် အကြမ်းဖက်သူများကို လူမှုအသိုက်အဝန်းက ဝိုင်းဝန်းထိန်းချုပ် ပညာပေးသွားဖို့ လိုအပ်ပါသည်။


အခွင့်အရေးအပြည့်အဝရရှိ


သို့သော် မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၏ ဖေးဖေးမမ ဆောင်ရွက်မှုများကြောင့် အမျိုးသမီးသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် နယ်ပယ်ပေါင်းစုံ တွင် ရရှိသင့်၊ ရရှိထိုက်သည့် အခွင့်အလမ်းမှန်သမျှကို အမျိုးသားများ ကဲ့သို့ သာတူညီမျှ ခံစားခွင့်ရရှိနေကြသည်ဟု ဆိုချင်ပါသည်။ အထူး သဖြင့် မြန်မာအမျိုးသမီးများသည် အသက်ရှင်နေထိုင်စဉ် ကာလ အတွင်း ကြောက်လန့်စိုးရိမ်မှုမှကင်းဝေးပြီး လုံခြုံစိတ်ချစွာဖြင့် ဂုဏ် သိက္ခာရှိရှိ နေထိုင်နိုင်ကြသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး များသည် လူ့အခွင့်အရေး အပြည့်အဝရရှိနေကြသည်ဟု အခိုင်အမာ ပြောဆိုနိုင်ပါသည်။ 
ဆိုရလျှင်       မြန်မာနိုင်ငံတွင်     ရှေးယခင်ကတည်းကပင် အမျိုးသမီးများကို အမျိုးသားများကဲ့သို့ တန်းတူအခွင့်အရေးများ ရခဲ့ရာ မျက်မှောက်ကာလအထိပင်ဖြစ်သည်။ မြန်မာအမျိုးသမီးများ သည် လွတ်လပ်စွာကိုးကွယ်ခွင့်၊ ပညာသင်ကြားခွင့်၊ သွားလာခွင့်နှင့် မိမိချစ်ခင်စုံမက်သူကို  ရွေးချယ်လက်ထပ်ခွင့်များ   ရှိကြသည်။ မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံမှုနှင့် ကန့်သတ်ချုပ်နှောင်မှုမရှိသောကြောင့် အမျိုးသမီးများသည်  ကြိုးစားလျှင် ကြိုးစားသလောက် ခံစားခွင့်ရှိကြသည်။ အထူးသဖြင့် မျက်မှောက်ခေတ် ဒီမိုကရေစီနိုင်ငံ သစ်ကို ချီတက်ရာတွင် အမျိုးသမီးများသည် လွှတ်တော်များတွင် ဥပဒေပြုရေးလုပ်ငန်းများအား ပြည်သူ့ကိုယ်စားပြုအမတ်များအဖြစ် အမျိုးသားများနှင့်အပြိုင် ပါဝင်ဆွေးနွေးလျက်ရှိကြသည့်အပြင် အစိုးရ အဖွဲ့ ဝန်ကြီးများနှင့် နိုင်ငံ့ကိုယ်စားပြု သံအမတ်ကြီးများ အဆင့်ကဲ့သို့ ကြီးလေးသောတာဝန်များကိုပင် အမျိုးသားများနည်းတူ တန်းတူ တာဝန်ယူထမ်းဆောင်လျက်ရှိကြသည်။


ထို့ကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် အမျိုးသားများ နည်းတူ သာတူညီမျှအခွင့်အလမ်းများ ရရှိလျက်ရှိသောကြောင့် ကမ္ဘာ ပေါ်တွင် ကံကောင်းသောအမျိုးသမီးများဟုပင် ဆိုနိုင်ပါသည်။ လက်ရှိ အချိန်တွင် နိုင်ငံတော်အစိုးရက ထူးချွန်သော အမျိုးသမီးများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှောက်လျက်ရှိသည်။ ထိုအခွင့်အလမ်း ကောင်းများကို လက်ဝယ်ပိုင်ဆိုင်နိုင်ရေးအတွက် အမျိုးသမီးများသည် အမျိုးသားများနှင့်အပြိုင် ကြိုးပမ်းအားထုတ်သွားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ် ရေး ကဏ္ဍတွင်သာမက ကာကွယ်ရေးကဏ္ဍတွင်ပါ ပါဝင်ထမ်းဆောင် ခွင့် ရရှိနေပြီဖြစ်သည်။ အနာဂတ်တွင် အမျိုးသမီးများသည် အမျိုးသား များနည်းတူ နိုင်ငံတော်၏ အရေးကြီးတာဝန်များကို ထမ်းဆောင်နိုင်ကြ တော့မည်ဖြစ်သည်။


ယဉ်ကျေးသိမ်မွေ့


မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားခဲ့သည်ကို ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်းများက သက်သေ တည်လျက်ရှိသည်။                              


ထိုသို့  ယဉ်ကျေးမှုမြင့်မားမှုနှင့်အတူ  မြန်မာအမျိုးသမီးများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပြောဆိုနေထိုင်မှု  အဆင့်အတန်းသည်လည်း မြင့်မားခဲ့သည်။ ခေတ်အဆက်ဆက်တွင် မြန်မာအမျိုးသမီးများ ဝတ်ဆင်ခဲ့သော ချိတ်ထဘီနှင့် ရင်ဖုံးအင်္ကျီသည် ကြည့်မဝနိုင်သော ဖက်ရှင်ပင်ဖြစ်သည်။   နက်မှောင်ရှည်လျား  ဖြောင့်ဆင်းနေသော ဆံကေသာအလှသည်လည်း မြန်မာအမျိုးသမီးများ၏ ကျက်သရေ ရှိသောအလှတွင် ပါဝင်လျက်ရှိသည်။ ထို့အပြင် မြန်မာအမျိုးသမီး များသည်  ဣန္ဒြေကြီးမားသော အမျိုးကောင်းသမီးများပင်ဖြစ်ကြ သည်။ “ဆင်မယဉ်သာ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်၊ အမျိုးသမီးတို့ဣန္ဒြေရွှေပေးလို့မရ” ဆိုသောစကားများသည် မြန်မာအမျိုးသမီး များကို တင်စားပြောဆိုထားသည့် စကားရပ်ပင်ဖြစ်သည်။ ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု   ယဉ်ကျေးသိမ်မွေ့လှသော   မြန်မာအမျိုးသမီး တစ်ဦး၏ ခြေသလုံးသားကိုပင် မြင်တွေ့ဖို့ရန် ခဲယဉ်းလှပါသည်။


အမျိုးသမီးများ၏အခွင့်အရေး အလေးထားစေလို


ဆိုရလျှင် အမျိုးသမီးများသည် အနာဂတ်၏မိခင်လောင်းများပင် ဖြစ်ကြသည်။ မိခင်ကောင်းမှ တိုင်းပြည်ကောင်းမည် မဟုတ်ပါလား။ အထူးသဖြင့် အမျိုးသမီးများအားအကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ် နိုင်ရေးအတွက် ခိုင်မာအားကောင်း သက်ဝင်မှုရှိသော တရားဥပဒေ ဖြင့် အကာအကွယ်ပေးသွားရန် လိုအပ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ အားကောင်းမောင်းသန်  အမျိုးသားများအနေဖြင့်  လူ့အဖွဲ့အစည်း အတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိကြ သည့် အမျိုးသမီးများကို စာနာနားလည်စိတ်ဖြင့် တန်းတူအခွင့်အရေး များ ပို၍ပေးသွားသင့်ပါသည်။


အိမ်တစ်အိမ်၊  လူ့အဖွဲ့အစည်းတစ်ခုနှင့်  နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်ရေးတွင် အမျိုးသားဝါဒ၊ အမျိုးသမီးဝါဒ ဆိုသော  ရှေးရိုးစွဲဝါဒတွေကို စွဲကိုင်မထားဘဲ ကျား၊ မ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အောင်မြင်မှုရရှိ နိုင်မည်ဖြစ်သည်။  လုပ်ငန်းတာဝန်များကိုလည်း  အမျိုးသားများ၏ တာဝန်၊ အမျိုးသမီးများ၏တာဝန်ဟူ၍ သေးသိမ်စွာ ခွဲခြားနေသည် ထက် ကျရာအခန်းကဏ္ဍကို ပီပြင်စွာထမ်းဆောင်ခြင်းဖြင့်သာ အကျိုး ပြုသွားရန် လိုအပ်ပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့အား လူ့လောက တွင် သက်ရှင်နေထိုင်ရန်   မွေးဖွားပေးခဲ့သည့်   မိခင်များသည်လည်း အမျိုးသမီးများပင်ဖြစ်သည်။ တိုင်းပြည်အနာဂတ်ကိုပုံဖော်ထုဆစ်မည့် မျိုးဆက်သစ်များကို စနစ်တကျ ကျွေးမွေးပြုစု စောင့်ရှောက် ပျိုးထောင်ပေးလျက်ရှိသည့် ထိုမိခင်များကို ပုခက်လွှဲသော ရွှေလက် ရှင်များဟုပင် တင်စားခေါ်ဆိုချင်ပါသည်။ ထို့ကြောင့် ပုခက်လွှဲသော ရွှေလက်ရှင် အမျိုးသမီးများ၏ အခွင့်အရေးကို အလေးထား ဆောင် ရွက်ပေးသွားကြပါစို့ဟု စေတနာဖြင့်တိုက်တွန်းရင်း  ၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။    ။