အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားပြီး ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   ဇန်နဝါရီ   ၁၃


အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားပြီး ငွေကြေး အကျိုးအမြတ်ရယူခဲ့သူများကို    လူကုန်ကူးမှုဖြင့်   ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 


ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေ အောင်မိုင် (ခ) မီတုံအောင်မိုင်(မိ)၊ မရွယ်တောင် (မိ)နှင့်  မအဘောက်(တိမ်းရှောင်)တို့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေ  မ xxx  (၂၂ နှစ်)၊ မ xxx (၂၅ နှစ်)နှင့် မ xxx  (၂၅ နှစ်) တို့ သုံးဦးကို တရုတ်ယောကျ်ားယူလျှင် ငွေကျပ် သိန်း  ၄၀  ရမည်၊  ကောင်းမွန်စွာနေရမည်ဟု  ပြောဆို စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုး အမြတ်ရယူခဲ့သဖြင့် လွယ်ဂျယ်နယ်မြေရဲစခန်း၊ (ပ) ၂၁/ ၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေး ဖွင့်ခဲ့ပြီး ဗန်းမော်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၁၁ ရက်တွင် တရားခံ အောင်မိုင် (ခ)  မီတုံအောင်မိုင်နှင့် မရွယ် တောင်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်