အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ ပြည်သူတွေ ကွဲပြားကြဖို့လိုပါပြီ

Type

ကနောင်
 

ယမန်နေ့မှအဆက်


နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေး၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအားလုံးကို ဆောင်ကြဉ်းပေးနိုင်သူများဟာ  နိုင်ငံသားတွေပဲ  ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ မိမိနိုင်ငံရဲ့အရေးကိစ္စတွေကို တတ်စွမ်းတဲ့ဘက် က ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 


အဲဒီနေရာမှာ  အရေးကြီးဆုံးက   မှန်ကန်တဲ့  အသိဉာဏ်၊ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်နဲ့ စေတနာမှန်တဲ့လုပ်ရပ်တို့ ဖြစ်ပါတယ်။ အသိမှား၊ အမြင်မှား၊ အတွေးအခေါ် မှားယွင်းနေမယ်ဆိုရင် ဆုံးဖြတ် ချက်ဟူသမျှသည်လည်း မှန်ကန်တော့မှာ မဟုတ်ပါဘူး။ မဟော်သဓာ သုခမိန်ရဲ့ သားတရားစီရင်ခန်းမှာ မိခင်အရင်းဟာ မိမိရဲ့သားငယ် နာကျင်မှာစိုးတဲ့အတွက် အလျှော့ပေးခဲ့တယ်။ ကလေးကို စားလိုတဲ့ ဘီလူးမကတော့ မိခင်အသွင် ဖန်ဆင်းထားပေမယ့် ကလေးအပေါ် အလျှော့မပေးခဲ့တဲ့အတွက် မဟော်သဓာဟာ မိခင်ရင်းကိုဖော်ထုတ် ပေးနိုင်ခဲ့ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ နိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် ၉ ရပ်ချမှတ်ပြီး နိုင်ငံတော်အကျိုး စီးပွားအတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ပေး နေမှုတွေကို လျစ်လျူရှုပြီး အကြမ်းဖက်မှုကို  ဦးတည်ဆန္ဒပြမှုကို အရှိန်မြှင့်နေတိုင်း နိုင်ငံတကာက ကူညီမပေးနိုင်ပါဘူး။ မိမိခံစားချက် နဲ့မိမိ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘယ်သူ့ကိုမှမထိခိုက်ဘဲ ဆန္ဒထုတ်ဖော် နိုင်ပါတယ်။  ကိုယ့်ခံယူချက်ထက်ပိုပြီး သူတစ်ပါးရဲ့အခွင့်အရေး၊ ဆုံးဖြတ်ချက်ကို ထိပါးလာတာတွေကို ယခုရက်ပိုင်း ပိုမိုမြင်တွေ့ လာရပါတယ်။

နိုင်ငံဝန်ထမ်းတွေကို ခြိမ်ခြောက်လာတဲ့ CDM

တစ်နိုင်ငံလုံးမှာ နိုင်ငံ့ဝန်ထမ်းတွေ အဓိကခြိမ်းခြောက်ခံနေ ရတာကတော့ CDM မလုပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သွေးထိုး မြှောက်ပင့်ပေးသူတွေဟာ “အိမ်ကြက်ချင်းတိုက်”ဆိုတဲ့ အဖြစ်မျိုး ရောက်အောင် ဝန်ထမ်းငယ်တွေကို အရင်ဆုံးသွေးထိုးပြီး CDM မှာ ပါဝင်စေပါတယ်။  ဝန်ထမ်းငယ်တွေကိုမှ လစာ၊ ထောက်ပံ့ကြေးနဲ့ နေစရာအချို့ စီစဉ်ပေးပြီး ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ အဆင့်ဆင့် သော ဝန်ထမ်းတွေကို ပြန်လည်စည်းရုံး လှုံ့ဆော်စေပါတယ်။ အဲဒီ ကနေ  ဌာနအသီးသီးအလိုက်  ဝန်ထမ်းများအကြား လုပ်ငန်းခွင် အေးချမ်းသာယာမှု ပျက်ပြားအောင်၊ ဝန်ထမ်းများ နိုင်ငံ့တာဝန်ကို စိတ်အေးလက်အေး ထမ်းဆောင်ခြင်းမပြုနိုင်အောင် ကိုယ်၊ စိတ် ၊ နှလုံး  ထိခိုက်ခံစားရအောင်  အွန်လိုင်းကတစ်ဆင့်  ဒါမှမဟုတ် လက်တွေ့ခြိမ်းခြောက်တာကတစ်ဆင့် စော်ကားလှောင်ပြောင်တာ၊ အကျပ်ကိုင်တာတွေကို လုပ်ဆောင်လာကြတာကို တွေ့ရှိနေရပါ တယ်။


ရုံးတက်သူများကို လှောင်ပြောင်၊ အရှက်ခွဲတာအပြင် ရုံးမသွား နိုင်အောင် ပိတ်ဆို့ တားဆီးတာ၊ ရုံးမဖွင့်နိုင်အောင်  ရုံးကိုပိတ်ဆို့တာ မျိုးအပြင် လူမှုကွန်ရက်တွေမှာ အမည်၊ ရာထူး၊ နေရပ်လိပ်စာတွေ၊ မိသားစုဓာတ်ပုံတွေနဲ့တကွ  အရှက်ခွဲဖိအားပေးတာတွေကလည်း အလွန်အကျွံများပြားလာခဲ့ပါတယ်။ ဒါက  လူ့အခွင့်အရေးချိုးဖောက် ခံနေကြရတာ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးဟာ တရားဥပဒေနဲ့ အညီ၊ ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်နဲ့အညီ ရုံးတာဝန်တွေကို   ထမ်းဆောင်ခြင်းဟာ ပြစ်မှုမဟုတ်ပါ။  တာဝန်မထမ်းဆောင်နိုင် အောင် အမျိုးမျိုးဖိအားပေးပြီး အနိုင်အထက်ပြုမူခြင်းက ရာဇသတ်ကြီး ပုဒ်မ ၃၅၃ အရ ရာဇဝတ်မှုကျူးလွန်ခြင်း  ဖြစ်ပါတယ်။ ဒါကြောင့် ယင်းအပြုအမူတွေဟာ ဥပဒေကို မထီမဲ့မြင်ပြုရာရောက်နေပါတယ်။

 

ဥပဒေနဲ့   မညီညွတ်တဲ့    ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီမှတစ်ဆင့် ထွက်ပေါ်လာခဲ့တဲ့ စာတမ်းအချို့မှာလည်း မတ်လ ၇ ရက်နေ့ဟာ  နောက်ဆုံးအကြိမ်အဖြစ်   ဝန်ထမ်းများကို CDM တွင် ပါဝင်ဖို့ ခေါ်ယူနေတာကို မြင်တွေ့ရပါတယ်။  CDM တံခါးပိတ်မယ်လို့  ပြောဆိုထားပြီး CDM မပြုလုပ်တဲ့ ဝန်ထမ်းတွေကို ပြည်သူ့အစိုးရက အမိန့်စာထုတ်ပြန်ပြီး  ပြည်သူ့အကျိုးကို  လျစ်လျူရှုသူများအဖြစ် ကြေညာမယ်ဆိုပြီး  ခြိမ်းခြောက်ပြောဆိုထားတာကိုလည်း မြင်တွေ့ နေရပါတယ်။


နိုင်ငံ့ဝန်ထမ်းအဖြစ် ရွေးချယ်ခဲ့ကြသူတွေဟာ နိုင်ငံနဲ့နိုင်ငံသား တို့ရဲ့  ကျေးဇူးသစ္စာကို   စောင့်သိရိုသေကြရမယ့်သူတွေ ဖြစ်ပါတယ်။ ထမ်းဆောင်ရမယ့် တာဝန်တွေ၊  စောင့်ထိန်းရမယ့်  ကျင့်ဝတ်တွေနဲ့ လိုက်နာရမယ့်စည်းကမ်းတွေကို ဘယ်သောအခါမှ မမေ့ကြသူတွေပဲ  ဖြစ်ပါတယ်။ တည်ဆဲဥပဒေတွေကို လိုက်နာရပြီး ဌာနအသီးသီးက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်၊ စည်းကမ်းချက်များကိုလည်း လိုက်နာ ကြရသူတွေ ဖြစ်ပါတယ်။ အခြားနိုင်ငံသားများနည်းတူ ကိုယ်ကြိုက်နှစ် သက်ရာပါတီကို ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာမဲပေးခွင့် ရှိသော်လည်း စည်းရုံးရေးလုပ်ငန်းများကိုတောင် မပြုလုပ်ကြရမည့် လူများဖြစ်ပါတယ်။

အင်အားသုံးဖြေရှင်းနည်းလမ်းကို အတတ်နိုင်ဆုံးရှောင်ရှား


မည်သည့်အစိုးရ  အုပ်ချုပ်သည်ဖြစ်စေ   နိုင်ငံ့ဝန်ထမ်းများက ပြောင်းလဲ၍မရဘဲ နိုင်ငံတော်ရဲ့ အစိုးရယန္တရားဆက်လက်လည်ပတ် နိုင်စေဖို့  မောင်းနှင်ပေးကြရသူများ ဖြစ်ပါတယ်။  နိုင်ငံ့အစိုးရယန္တရားလည်ပတ်မှုကို ရပ်တန့်စေဖို့   နိုင်ငံ့ဝန်ထမ်းတွေကို  အလုပ်မသွားရန် တားမြစ်နေခြင်းက   နိုင်ငံတော်နှင့်  နိုင်ငံသားများ၏  အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေတဲ့ကိစ္စဖြစ်ပါတယ်။ CDM တံခါး ပိတ်မယ်လို့ သွေးထိုးခြင်းရဲ့ အကျိုးဆက်ဆိုရင်  ထိခိုက်မှုခံစားရမှာက ပြည်သူတွေပဲ ဖြစ်ပါတယ်။ 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ အရေးပေါ်ကာလမှာ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဝင်ရောက် ထိန်းသိမ်းစီမံဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။ အာဏာကို အဓမ္မ သိမ်းယူထားတာ မဟုတ်ပါဘူးဆိုတာ နိုင်ငံတကာမှာ  ဖြစ်ပေါ်ခဲ့တဲ့ အာဏာသိမ်းမှုဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ရင်ပိုပြီးသိသာပါတယ်။ အင် အားသုံး ဖြေရှင်းတဲ့နည်းလမ်းတွေကို အတတ်နိုင်ဆုံးရှောင်ရှားနေတယ် ဆိုတာကို သတိပြုစေလိုပါတယ်။ လက်နက်ခဲယမ်းအပြည့်အစုံရှိတဲ့ အင်စတီကျူးရှင်းအားကောင်းတဲ့   တပ်မတော်ကသာ  အင်အားသုံး ဖြေရှင်းခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ ထိခိုက်မှုဖြစ်စဉ်တွေ ဆိုးရွားစွာ ပေါ်ထွက်လာနိုင်ပါသေးတယ်။


လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ ပြည်တွင်းဥပဒေများနဲ့အညီ အရပ်သား၊ တိုင်းရင်းသားများပါဝင်တဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တရားနည်းလမ်းကျကျ၊ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်နေခြင်း ကြောင့်သာ ထိခိုက်မှုနည်းပါးရခြင်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။ 


ဒီကနေ့အချိန်အခါဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်း နေတဲ့အချိန်အခါ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် လိုအပ်ချက်ကြောင့် အရေးပေါ်အချိန်ကာလအဖြစ် သတ်မှတ်ထားရချိန်လည်း ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို အလုပ်မဆင်းအောင်၊ နိုင်ငံရဲ့ စီမံခန့်ခွဲမှုယန္တရား လည်ပတ်လို့မရအောင် လုပ်ဆောင်ပေးဖို့ သွေးဆောင်ဖြားယောင်းတာ ဟာ  နယ်ချဲ့လက်သစ်နိုင်ငံတွေက  သူတို့အလိုကျမဟုတ်တဲ့   နိုင်ငံ တွေမှာ သွေးထိုးလှုံ့ဆော်တဲ့  နည်းလမ်းတစ်ခုလည်း  ဖြစ်ပါတယ်။ 

နိုင်ငံပျက်စီးစေဖို့ ရည်ရွယ်တဲ့ CDM

မိမိတို့ထမ်းဆောင်ရမယ့်တာဝန်တွေကို ငြင်းဆန်ပြီး လုပ်ငန်းခွင် ကို စွန့်ခွာခဲ့ကြတဲ့   ဝန်ထမ်းတွေ၊  လုပ်ငန်းနယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ၊ လမ်းမများပေါ်မှာ ဆန္ဒပြနေကြသူတွေကို ကြည့်ရင်း မြန်မာပြည်သူတွေ အလွယ်တကူ သွေးဆူနေကြတာကို ရပ်တန့်သင့်ပြီလို့ တောင်းဆိုလိုပါတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအထိ  CDM   မှာ  ပါဝင်ခဲ့ပေမယ့် တစ်ဖက်ကပေးတဲ့   ထောက်ပံ့လစာမရနိုင်တဲ့   သူတွေကိုလည်း မြင်တွေ့ရပါတယ်။ ဒါပေမယ့် လူမှုကွန်ရက်တွေမှာတော့ ကူညီပေး နေတယ်ဆိုပြီး   ပြောဆိုနေတုန်းပါပဲ။  တကယ်တမ်းလက်တွေ့  ဝန်ထမ်းဘယ်လောက်ကို ကူညီပေးနေတယ်ဆိုတဲ့ တိကျတဲ့ ကိန်း ဂဏန်း၊ ဘယ်လိုငွေတွေနဲ့ ကူညီထောက်ပံ့တယ်ဆိုတဲ့ ခိုင်မာတဲ့အဖွဲ့ အစည်းတွေတော့ မမြင်တွေ့ရပါဘူး။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ပြည်ပအဖွဲ့အစည်းများရဲ့ ကြိုးကိုင် ခြယ်လှယ်မှုတွေ၊ ပြည်တွင်းတရားမဝင်အဖွဲ့အစည်းတွေရဲ့ ချိတ်ဆက် ပေးမှုတွေကနေ CDM လှုပ်ရှားမှုတွေ ဖြစ်ပေါ်နေရတယ်လို့ သုံးသပ် မိပါတယ်။ 

ဥပဒေနဲ့အညီ ထိုက်သင့်တဲ့ အရေးယူမှုတွေ

ရိုးသားတဲ့ပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ မိမိဆင်ခြင်တုံတရား ဖြင့် အမှားနဲ့အမှန် ဝေဖန်ပိုင်းခြားစေလိုပါတယ်။ နိုင်ငံ့တာဝန်ကို မထမ်းဆောင်တာက အပြစ်လား၊ မှန်မှန်ကန်ကန် ရုံးတက်တာက အပြစ်ဖြစ်နိုင်လား၊ လူငယ်များအဖို့  ထောင်ချောက်များအတွင်း သက်ဆင်းမိကာ အနာဂတ်များပျောက်ဆုံးနိုင်မယ့်အရေးမို့  စဉ်းစား ဆင်ခြင်စေလိုတာ   ဖြစ်ပါတယ်။  CDM ထောင်ချောက်ဟာ  နိုင်ငံ ကောင်းစေဖို့ ပေါ်ထွက်လာတာ မဟုတ်ပါဘူး။ နိုင်ငံတော် ပျက်စီး ပြိုကွဲဖို့အတွက် ဦးတည်နေတာကို  လယ်ပြင်မှာ   ဆင်သွားသလို အထင်းသားမြင်နိုင်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်နေကြတဲ့ ဝန်ထမ်း တွေကို လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့အတွက် နှိုးဆော်ပေး လျက်ရှိနေတာကို မြင်တွေ့ရပါတယ်။ တက်ကြွပြီး နိုင်ငံအတွက် ခလုတ်ကန်သင်းဖြစ်လာစေမယ့် အတားအဆီးတွေကိုလည်း စုံစမ်း ဖော်ထုတ်အရေးယူနေပြီ ဖြစ်ပါတယ်။ ဝန်ထမ်းတွေအကြား စိတ် အနှောင့်အယှက်ဖြစ်စေအောင် သွေးထိုးလှုံ့ဆော်နေသူတွေကိုလည်း ထိုက်သင့်တဲ့ အပြစ်ပေးမှုတွေ၊ အရေးယူမှုတွေကို ဥပဒေတွေနဲ့အညီ ဆောင်ရွက်နေပြီဖြစ်ပါတယ်။               

(ဆက်လက်ဖော်ပြပါမည်)