အမှန်သိ၊ အမှန်မြင် မှန်စွာရပ်တည်

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုမှ စတင်သည့် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးတို့က အမြင် အမျိုးမျိုးရှိကြသည်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံရေး အရ   အရေးပေါ်အခြေအနေကြေညာပြီး   နိုင်ငံတော်၏   အာဏာ အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်းနှင့်စပ်လျဉ်း၍  မီဒီယာ ကျင့်ဝတ်လိုက်နာခြင်း မရှိသည့် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကျင့်ဝတ်ကို အလေးမထားသော ပြည်ပ နိုင်ငံအချို့က တပ်မတော်ကို  အာဏာသိမ်း  တပ်မတော်အဖြစ် စွပ်စွဲ ပြောကြားလျက်ရှိသည်။ ၎င်းတို့အနေဖြင့် မြန်မာ့နိုင်ငံရေး အရွေ့ တစ်ခုဖြစ်ပေါ်လာခြင်းအပေါ် ကွက်၍သာ ရှုမြင်ခြင်း၊ လိုသလိုအနက် ကောက်ခြင်း၊   မမှန်မကန်ပုံဖော်ခြင်းတို့ကို   တစိုက်မတ်မတ်ပြု လုပ်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့်    အစိုးရတာဝန်ရှိသူ များ၏   အထောက်အထားခိုင်ခိုင်မာမာ၊ တာဝန်ယူမှု  တာဝန်ခံမှု  ပြည့်ဝစွာဖြင့်   အကြိမ်ကြိမ်ရှင်းလင်းပြခဲ့မှုများကို   လျစ်လျူရှုခဲ့ ကြသည်။


မြန်မာနိုင်ငံသည် လွတ်လပ်၍   တက်ကြွပြီး  ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည့် နိုင်ငံ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည့် နိုင်ငံ၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည့် နိုင်ငံဖြစ်သည်။   ကုလသမဂ္ဂနှင့် ဒေသတွင်း နိုင်ငံ အဖွဲ့အစည်းများတွင် တာဝန်သိသော အဖွဲ့ဝင်နိုင်ငံအဖြစ် တက်ကြွစွာ ပါဝင်လျက်ရှိသော နိုင်ငံလည်းဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက   နိုင်ငံ့တာဝန်အရပ်ရပ်ကို    စတင်ထမ်းဆောင်ခဲ့ချိန်မှစ၍ ခုနစ်လကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မြန်မာနိုင်ငံအခြေစိုက်  သံတမန်များအား တွေ့ဆုံ  ရှင်းလင်းပွဲကို စက်တင်ဘာလ ၉ ရက်နေ့က   ရန်ကုန်မြို့တွင် ကျင်းပ ခဲ့ရာ  မြန်မာနိုင်ငံဆိုင်ရာ  နိုင်ငံခြားသံရုံးများမှ   သံအမတ်ကြီးများ၊ ကုလသမဂ္ဂ    ဌာနေကိုယ်စားလှယ်၊  သံရုံး ယာယီတာဝန်ခံ၊  သံရုံး ဒုတိယအကြီးအကဲများ၊   တာဝန်ရှိသူများ၊   အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဒုတိယဌာနေကိုယ်စားလှယ်တို့  တက်ရောက် ခဲ့ကြသည်။


အဆိုပါ    တွေ့ဆုံရှင်းလင်းပွဲတွင်   တပ်မတော်က  နိုင်ငံတော် တာဝန်အရပ်ရပ်ကို    ထိန်းသိမ်းခဲ့ရသည့်   အကြောင်းအရာများ၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ        တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်သွားမည့်   ရှေ့လုပ်ငန်းစဉ်နှင့်   ဦးတည်ချက်များ ချမှတ် လုပ်ဆောင်နေမှုများ၊  နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများ၊   တစ်နိုင်ငံလုံး  ထာဝရငြိမ်းချမ်းရေး  ရရှိစေရေး လုပ်ဆောင်နေမှုများ၊  CRPH နှင့် NUG လက်အောက်ခံ အကြမ်းဖက် အဖွဲ့အစည်းများကို   ဥပဒေကြောင်းအရ  ထိရောက်စွာ  အရေးယူ ဆောင်ရွက်နေမှုများကို ကိန်းဂဏန်းအချက်အလက် တိတိကျကျ၊ သက်သေအထောက်အထား  ပြည့်ပြည့်စုံစုံဖြင့်  ရှင်းလင်းခဲ့ကြရာ တက်ရောက်လာကြသည့် သံတမန်များ၊ သံရုံးကိုယ်စားလှယ်များက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ကျင့်ဝတ် အလေးမထားသော မီဒီယာများတွင် မတွေ့မမြင် မကြားမသိနိုင်သော ကွဲပြားခြားနားသည့် သတင်းအချက်အလက်မှန်များကို သိရှိနိုင်ကြ မည်ဖြစ်သည်။


သံတမန်များအား တွေ့ဆုံရှင်းလင်းပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကြိုးပမ်းဆောင်ရွက်မှု များကို မှန်မှန်ကန်ကန် သိရှိနိုင်ကြပြီး ယင်းသို့ သိရှိနားလည်သည်နှင့် အမျှ မြန်မာနိုင်ငံအပေါ် အပြုသဘောပူးပေါင်းဆောင်ရွက်ပေးစေလိုခြင်းပင်ဖြစ်သည်။   မိမိတို့  နိုင်ငံအပေါ်  အကျိုးလိုလားသော၊ စေတနာမှန်ကန်သော မိတ်ကောင်း ဆွေကောင်း နိုင်ငံများနှင့်တကွ အခြေအနေမှန်ကို   သိရှိနားလည်လက်ခံလာသည့်  နိုင်ငံများက အပေါင်းလက္ခဏာဆောင်ကာ ရပ်တည်လာကြမည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း။      ။