
နေပြည်တော် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်ဆိပ်ကမ်းတွင် သတင်းအရ သဲကိုကိုဦး(ခ)သဲကို(၂၅)နှစ် မောင်းနှင်ပြီး အောင်မျိုးသန့်(ခ) နှင်းဝေ(၄၁)နှစ် လိုက်ပါလာသည့် ခြောက်ဘီး ဆီဘောက်ဆာယာဉ် အတွင်းမှ တန်ဖိုးငွေကျပ် ၁ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဆပ်ပြာခွက် ၃၃၀၀ ဖြင့် ထည့်လျက် ဘိန်းဖြူ ၃၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅၈ သိန်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နိုဝင်ဘာ ၁၉ ရက် နံနက် ၈ နာရီခန့်တွင် မတ္တရာမြို့နယ် မြောက်တံငါကျေးရွာအနီး၌ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြ သည့် ဇော်တင့်အောင်(ခ)ထော်ကြီး (၃၅)နှစ်နှင့် ရဲစောနောင် (ခ)ပြူးပြူး(ခ)ငပြူး(၂၉)နှစ်တို့အား ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း၊ မတ္တရာမြို့ အမှတ်(၂)ရပ်ကွက် နံ့သာတောင်ကျောင်းဝင်းလမ်းတွင် စောမွှေး(ခ) ထွန်းထွန်းဝင်း(ခ) မွှေးနီအား ငွေကျပ် ၁၀ သိန်းနှင့် လည်းကောင်း ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း။
သတင်းကွင်းဆက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာအနီးတွင် ရပ်တန့်ထားသည့် ၂၂ ဘီးတွဲကား မော်တော်ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်အတွင်းမှ တန်ဖိုးငွေကျပ် ၁ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ဆပ်ပြာခွက် ၄၆၀၀ ဖြင့် ထည့်ထားသော ဘိန်းဖြူ ၄၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၈၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်