အယ်ဒီတာ့အာဘော်
==========
အနာဂတ်အလုပ်အကိုင် ပွင့်လန်းကြိုးပမ်း
======================
ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲအကျိုးဆက်ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများ၌ စီးပွားရေးလုပ်ငန်းအများစု တုံ့ဆိုင်းခြင်း၊ ရပ်တန့်ခြင်း၊ ဖျက်သိမ်းခြင်းအဖြစ်မျိုးနှင့် ကြုံခဲ့ရသည်။ အချို့လုပ်ငန်းများမှာ ခေတ္တ၊ အချို့လုပ်ငန်းများမှာ တစ်ဝက်တစ်ပျက်၊ အချို့လုပ်ငန်းများမှာ အပြီး တိုင်ဖျက်သိမ်းမှုများရှိခဲ့သည်။ အားလုံးအတွက် စိတ်မကောင်းဖွယ်ဖြစ်သည်။ သို့သော် စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ကိုဗစ်-၁၉ အလွန်တွင် စီးပွားရေး ပြန်လည်ဦးမော့အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်း၊ နှေးကွေး၊ ရပ်တန့်ကြသောအခါ ထိုလုပ်ငန်းများအပေါ် တည်မှီနေသော အလုပ်အကိုင်အခွင့်အလမ်းများ ထိခိုက်ခြင်း၊ နစ်နာခြင်း၊ ဆုံးရှုံးခြင်းများဖြစ်ကြရသည်။ အချို့လုပ်ငန်းများတွင် ဝန်ထမ်းများကိုရပ်ဆိုင်း၊ အချို့တွင် တစ်ဝက်လျှော့၊ အချို့တွင် လစာတစ်ဝက်၊ အချို့တွင် လစာသုံးပုံတစ်ပုံ စသည်ဖြင့် ပုဂ္ဂလိကဝန်ထမ်းများ၊ ပုဂ္ဂလိက အလုပ်သမားများမှာ အလုပ်အကိုင်၊ လစာဝင်ငွေတို့နှင့်ပတ်သက်၍ အခက် အခဲမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံကြုံကြရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အစောပိုင်းကတည်းက မြန်မာ့စီးပွားရေး ထိခိုက်မှုကို တွန်းလှန်လွန်မြောက်နိုင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) မူကြမ်းကို ရေးဆွဲခဲ့သည်။ စီးပွားရေးကဏ္ဍအား ပိုမိုဇောင်းပေး ထားသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်ပါ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍတွင် ကိုဗစ်-၁၉ ကိုအကြောင်းပြု၍ ပုံစံသစ်များ ပြောင်းလဲဆောင်ရွက်နေသည်။ ကိုဗစ်-၁၉ ထိခိုက်မှုသက်သာရေးစီမံချက် (CERP) ကိုရေးဆွဲပြီး စီမံချက်တွင်ပါရှိသည့် လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော်နေသည်။ များမကြာမီတွင် ပြည်တွင်း၊ ပြည်ပဖက်စပ် ရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည်ဖော်မည့် အခြေခံအဆောက်အအုံ များဖြစ်ပေါ်အောင် ဆောင်ရွက်နေသည်။
ယင်းတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး သို့မဟုတ် စီးပွားရေး ဦးမော့လာရေး စီးပွားရေးစီမံကိန်းများ၊ အစီအမံများဖြစ်သည်။ နိုင်ငံတော်က ဖော်ဆောင်မည့် စီမံကိန်းများသည် အနာဂတ်စီးပွားရေးအတွက် အားတက် ဖွယ်ရာများ ဖြစ်သည်။ ပြီးခဲ့သည့်ဒီဇင်ဘာလက ကိုရီးယား-မြန်မာ စက်မှု ဇုန်ကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် အုတ်မြစ်ချခဲ့ပြီး စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်တော့မည် ဖြစ်သည်။ ဆက်လက်၍ မြန်မာ-စင်ကာပူ စက်မှုဥယျာဉ်ကြီးကိုလည်း လှည်းကူးမြို့နယ် တွင်ပင် တစ်ဆက်တည်း အကောင်အထည်ဖော်မည် ဖြစ်သည်။ ထို့အပြင် ဒဂုံမြို့သစ်တွင် နည်းပညာတိုးတက်မှုပြည့်ဝသည့် မြို့သစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်မည်ဟု သိရသည်။
အဆိုပါစီမံကိန်းများကို အကောင်အထည်ဖော်နိုင်လျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာမည်သာမက ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ အမြောက်အမြားရရှိမည့် အခွင့်အရေး များ ပေါ်ပေါက်လာမည် ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခြင်းဖြင့် ပြည်သူတစ်ဦးချင်းစီ၏ စီးပွားရေးအခြေအနေ ဦးမော့ လာအောင် ဖန်တီးပေးနိုင်မည်ဖြစ်သည်။ လက်ရှိတွင် နိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန် ထူလာရေး၊ ပြန်လည်ရပ်တည်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးလျက် ရှိပြီး စီးပွားရေးလုပ်သာကိုင်သာရှိအောင်၊ အလုပ်အကိုင်များ ပြန်လည် လုပ်ကိုင်ရရှိနိုင်အောင် ဖန်တီးပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို မျက်ခြည်မပြတ် ဆောင်ရွက်ပေးနေချိန်တွင် ကိုဗစ်-၁၉ နှင့်အတူ စိန်ခေါ်မှုမျိုးစုံကြုံတွေ့ခဲ့ ရသော်လည်း မလျှော့သောအားမာန်များဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ကာလ အတွင်းနှင့် ကိုဗစ်-၁၉ ကာလအလွန်များတွင်ပါ စီးပွားရေးတုံ့ပြန်မှုအပေါ် အခြေခံပြီး ဘဏ္ဍာရေးနှင့် ငွေကြေးဖြည့်ဆည်းမှုများကို ထိရောက်စွာ အကောင်အထည်ဖော်မည်ဟု အသိပေးထားသည်။ နိုင်ငံတော်အသုံးစရိတ် များကို ထိရောက်သည့်နေရာများတွင် ပိုမိုသုံးစွဲပြီး ပုဂ္ဂလိကကဏ္ဍကို ပိုမို တွန်းအားပေးမည်ဟု ကတိကဝတ်ပြုထားသည်။
သို့ဖြစ်ရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာလတွင် မမျှော်လင့်ဘဲ ကြုံတွေ့ရသော စီးပွားရေးအခက်အခဲများ၊ စိန်ခေါ်မှုများကြောင့် စိတ်ပျက် အားငယ်လက်လျှော့ခြင်းမပြုသင့်ပေ။ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးဆိုင်ရာတို့တွင် အလေးထားပါဝင်ဆောင်ရွက်ကြရင်း ကိုဗစ်-၁၉ အလွန် ကာလကိုရည်မှန်း၍ နိုင်ငံတော်အစိုးရက ဖန်တီးဖော်ဆောင်ပေးနေသည့် စီမံကိန်းလုပ်ငန်းများမှ ပေါ်ထွက်လာမည့် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအား လက်ဝယ်ပိုင်ပိုင်ရရှိနိုင်ရေးအတွက် မလျှော့သော ဇွဲလုံ့လဖြင့် ကြိုတင်ပြင်ဆင်ကြိုးပမ်းကြရန် လိုအပ်ပါကြောင်း။ ။