အနာဂတ်အတွက် ရတနာများ

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ဖြေဆိုပြီးစီးခဲ့ကြပြီဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသူ ကျောင်းသား ၁၆၀၀၀၀ ကျော်ရှိခဲ့ရာ စာမေးပွဲအောင်ချက်ရာခိုင်နှုန်းအရ ယင်းတို့ အနက်မှ ထက်ဝက်နီးပါးခန့် သို့မဟုတ် သုံးပုံတစ်ပုံနီးပါးခန့် တို့သည် တက္ကသိုလ်အသီးသီးတို့တွင် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ကြမည်ဖြစ်သည်။

 


မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်အဖြစ်  တည်ဆောက်ရာတွင် တန်ဖိုးမြင့်မားသည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်သည်။ သို့ရာတွင် အမျိုးသားပညာရေးအခြေအနေကို လေ့လာကြည့် ပါက အများစုသည် မူလတန်းနှင့် အလယ်တန်းပညာအဆင့် တွင်သာ ရှိနေပြီး အခြေခံပညာအထက်တန်းနှင့် တက္ကသိုလ် အဆင့်သို့   တက်ရောက်နိုင်သူ   လွန်စွာနည်းပါးလှသည်။ သူငယ်တန်းသို့    စတင်ဝင်ရောက်ခဲ့သည့်   ကျောင်းသား ကျောင်းသူ ၁၀၀ တွင် ၁၀ ယောက်ခန့်သာ တက္ကသိုလ်ဝင်တန်း အောင်မြင်နိုင်ကြပြီး  မူလတန်းနှင့်  အလယ်တန်းတို့တွင် တန်းစဉ်ကူးပြောင်းနိုင်ခြင်းမရှိဘဲ ကျန်ရစ်ခဲ့သူက အများစု ဖြစ်နေသည်။

 


မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်သည့်အလျောက် နိုင်ငံကို တည်ဆောက်ရာတွင်ဖြစ်စေ၊ ကာကွယ်ရာတွင်ဖြစ်စေ အတတ်ပညာ၊   နည်းပညာတို့ကို   မဖြစ်မနေသုံးစွဲကြရပြီး လူတိုင်းပညာတတ်ရန်လည်းလိုအပ်လာသည်။ တပ်မတော် တွင် ယနေ့အသုံးပြုနေသည့် ခေတ်မီစစ်လက်နက်ပစ္စည်း ကိရိယာများကို အခြေခံပညာအလယ်တန်းအဆင့်အနည်းဆုံး အောင်မြင်ပြီးသူမှသာ  ကိုင်တွယ်ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်၏ စစ်သည်အဆင့်အတန်းအားလုံးကို အနည်းဆုံး မူလတန်းအဆင့်၊ ၎င်းမှအလယ်တန်းအဆင့် အောင်မြင်ရမည် ဟူသော မူဝါဒကိုချမှတ်၍ နှစ်စဉ်အလေးထားဆောင်ရွက်နေ သည်။

 

 အမျိုးသားပညာရေးမြှင့်တင်မှုအဖြစ် ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းနေသူတိုင်း အနည်းဆုံး KG+9 (အလယ်တန်းအဆင့်) အောင်မြင်ရေးမူဝါဒ ကို ချမှတ်လုပ်ဆောင်လျက်ရှိရာ ရည်ရွယ်ချက်မှာ အလယ် တန်းအဆင့် အောင်မြင်ပြီးမြောက်ပြီးနောက် အထက်တန်း နှင့်   အဆင့်မြင့်ပညာ   ဆက်လက်သင်ယူရေး    သို့မဟုတ် သက်မွေးဝမ်းကျောင်းပညာရေးမှတစ်ဆင့်  လုပ်ငန်းခွင်များ သို့ သွားနိုင်ရေးအတွက်ဖြစ်သည်။  နိုင်ငံတော်၏ပညာရေး ရည်မှန်းချက်တွင်    ကျောင်းသား ကျောင်းသူများ၊   မိဘ အုပ်ထိန်းသူများနှင့်  ဆရာ ဆရာမများအားလုံး  ပူးပေါင်း ဆောင်ရွက်ရန်၊  အထူးသဖြင့်  ကျောင်းနေအရွယ်၊  ပညာ သင်ကြားသည့်အရွယ်တွင် ပညာကို စဉ်ဆက်မပြတ် မပျက် မကွက်သင်ကြားကြရန် လိုအပ်သည်။

 


စာမေးပွဲဖြေဆိုပြီးစီးကြပြီဖြစ်သည့်     ကျောင်းသား ကျောင်းသူတို့အတွက်     နွေရာသီကျောင်းပိတ်ရက်တွင် သင်တန်းများစွာက      ဖိတ်ခေါ်စောင့်ကြိုလျက်ရှိသည်။ ယဉ်ကျေးလိမ္မာသင်တန်းများ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားသင်တန်းများ၊ ပန်းချီ၊ ဂီတ အနုပညာသင်တန်း များ၊  ဘာသာစကားသင်တန်းများ၊  ကွန်ပျူတာ/နည်းပညာ သင်တန်းများ စသည်တို့အပါအဝင် ကျောင်းသား ကျောင်းသူ တို့၏  ကာယ၊  ဉာဏ၊  စာရိတ္တ၊  မိတ္တ၊  ဘောဂ  ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းများကို  မိမိတို့  စိတ်ဝင်စားရာ၊ ဝါသနာပါရာ ရွေးချယ်သင်ယူကြခြင်းဖြင့် နိုင်ငံ၏အနာဂတ် အတွက်   သားကောင်းရတနာ၊   သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်း။        ။