
ဒေါက်တာ မောင်ကျော် (ပါမောက္ခချုပ် - ငြိမ်း)
============================
(ယမန်နေ့မှ အဆက်)
မြင်ကွင်း (၆)
၁၉၆၀ ပြည့်နှစ်များဆိုတော့ မြန်မာနိုင်ငံမှာ အိမ်စောင့်အစိုးရလက်ထက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ရွေးကောက်ပွဲပါတီများ ပြိုင်ပွဲဝင်ကြရာမှာ မိမိပါတီအနိုင်ရရေး ဘာသာရေး အခြေပြု အားပြိုင်ကြတာတွေ၊ တိုင်းပြည်အရေး ထက် ပါတီနိုင်ငံရေး ရှေ့တန်းတင်ခဲ့လေရော့သလား၊ နိုင်ငံရေးလှုပ်ရှားမှု ယှဉ်ပြိုင်မှုမှာ အပုပ်ချ ငယ်ကျိုး ငယ်နာဖော်၊ ထဘီအနီ၊ အစိမ်း၊ အဝါတွေဝတ် ယှဉ်ပြိုင်တဲ့ ကာလဖြစ်ကြောင်း ယနေ့အချိန်အခါမှာ ပြန်ပြောင်းမြင်မိပါတယ်။ တစ်ရွာမှာ ရေဒီယို တစ်လုံးသာရှိတဲ့ ကျေးရွာပေါင်းက ထောင်သောင်း၊ ၇၀ ရာခိုင်နှုန်းရှိတဲ့ မြန်မာလူထုဟာ ခွဲခြားစိတ်ဖြာ နိုင်ရန် မလွယ်ကူသော ကာလဖြစ်ခဲ့တယ်ဆိုတာ အခုပြန်လည် စဉ်းစားနိုင်ပါတယ်။
“လူ့လောကသမိုင်းမှာ ကြုံတွေ့နေရတဲ့ ရှုပ်ထွေးလှတဲ့ ပြဿနာတွေဟာ ခိုင်မြဲတဲ့အမြစ် ကဲ့သို့ ဖြစ်နေတတ်ပါတယ်။ ဒါတွေကို ဉာဏ်နဲ့ယှဉ်၊ သတိကြီးစွာရှုမြင်၊ ခွဲခြားစိတ်ဖြာ စူးစမ်းရာမှာ နက်နက်ရှိုင်းရှိုင်းဖြစ်ဖို့ လိုပါတယ်။ အဖြေရှာရာမှာ ပြဿနာရဲ့ မူလဇာစ်မြစ်အကြောင်းရင်းများမှ စကြ ရလိမ့်မယ်” လို့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက မှတ်ချက်ချခဲ့ပါတယ်။ (Readers’ Digest, October, 2001)
မြင်ကွင်း (၇)
၁၉၉၇ အောက်တိုဘာအတွင်း အမေရိကန် သမ္မတဘေလ်ကလင်တန်ရဲ့ အစိုးရအဖွဲ့ဝင်များဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကျန်ဇီမင်း (Jiang Zemin) ကို အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင် မီတာ ၅၀၀ အကွာကနေ အမြောက်၂၁ ချက် ပစ်ဖောက်ပြီး အလေးပြုကြိုဆိုခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ သန်းပေါင်း ၁၂၀၀ ရှိတဲ့ တရုတ်တို့ဟာ အေးချမ်းတဲ့ လူမှုဘဝနဲ့ နိုင်ငံရေးတည်ငြိမ်မှုတွေ မခံစား၊ မစံစားရရင် ဒီနေ့ ပြုပြင်ပြောင်းလဲမှုပြုနိုင်ဖို့ အခြေအနေရောက်မည်မဟုတ်၊ ခက်ခဲပါလိမ့်မယ်။ နိုင်ငံကြီးနှစ်နိုင်ငံဟာ အချို့သောကဏ္ဍတွေမှာ ခြားနားတဲ့အမြင်ရှိတာ သဘာဝတရားပဲ၊ ဒီမိုကရေစီ ရဲ့သဘောသဘာဝနဲ့ စံတွေ၊ လူ့အခွင့်အရေးတွေ ဆိုတဲ့ ကိစ္စတွေဟာ နှိုင်းယှဉ်ချက်၊ နှိုင်းရချက်တွေပဲ။ ဒီသဘောတရားတွေဟာ သီးသန့်စီရှိနေတဲ့ အကြောင်းခြင်းရာများပဲ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် မာဂရက်သက်ချာနဲ့ အမေရိကန်သမ္မတ ရိုနယ်ရီဂင် တို့ အိမ်ဖြူတော်မှာတွေ့ဆုံပြီး မိတ်ဆက်မိန့်ခွန်း ပြောကြားရာမှာ“Democracy is our way of life” ဒီမိုကရေစီဟာ ကျွန်မတို့ရဲ့ ဘဝခရီးလမ်းကျင့်စဉ်ပဲ ဖြစ်တယ်လို့ မာဂရက်သက်ချာက ပြောကြားခဲ့ ပါတယ်။
“ဗုဒ္ဓတရားဟာ ဘဝကို နားလည်ဖို့ အကူအညီ ပေးပါတယ်။ လူရဲ့ ပင်ကိုတန်ဖိုးတွေဟာ သန့်ပြန့်တဲ့ သဘောရှိပါတယ်။ ကလေးဘဝကို ကြည့်ပါ။ သူတို့ကြီးလာရင် လောဘလိုချင်တာတွေ ပေါ်လာပါတယ်။ ကြီးပြင်းလာရင် ပြင်ပဝီစိကိစ္စတွေ က ကောင်းခြင်းမင်္ဂလာတွေကို ငွေကြေးနဲ့ဖုံးအုပ် လိုက်တဲ့အခါ မတရားမှု၊ မကောင်းမှုအကုသိုလ်စိတ် တွေ နိုးထလာကာ အပြုသဘောမဆောင်တဲ့ အဖျက်လုပ်ငန်းတွေ လုပ်လာတော့ ဒီမိုကရေစီဟာ အများပြည်သူ ကောင်းကျိုးကို မဆောင်ဘဲဖြစ်လာ တာ တွေ့ရပါတယ်။ အလွန်ရိုးရှင်းပါတယ်။ လူတွေ တော်တော်များများက ခက်အောင် လုပ်နေကြတာ ပါ” လို့ ကမ္ဘာကျော်မင်းသား ဂျက်လီက ပြောလိုက် ပါတယ်။
မြင်ကွင်း (၈)
ဒီမိုကရေစီရဲ့ တကယ်လိုအပ်ချက်က စျေးကွက် စီးပွားရေး စီမံကိန်းတွေ ခိုင်ခိုင်ခံ့ခံ့ ရေးဆွဲ အကောင်အထည်ဖော်နိုင်ဖို့၊ လူ့စွမ်းအားအရင်း အမြစ် မွေးထုတ်ပေးဖို့ အဓိပ္ပာယ်ရှိရှိ အင်အားစုစည်း ဖို့ ဖြစ်ပါတယ်။ စီးပွားရေးအောင်မြင်လာတာနဲ့အမျှ အလယ်အလတ် လူတန်းစားတွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံနဲ့နည်းပညာနဲ့ ဥပဒေပိုင်းဆိုင်ရာ တွေမှာ မြင့်မားလာမယ်။ တွေးခေါ်မြော်မြင်မှုတွေ၊ စဉ်းစားနိုင်မှုတွေ မြင့်မားလာကာ ဒီမိုကရေစီဟာ ခိုင်ခံ့လာမယ်လို့ ယုံကြည်ခဲ့ပါတယ်။ လူ့အခွင့် အရေးဆိုတာ အူမတောင့်၊ ဗိုက်ဝတာက စပါတယ်။ ဗိုက်ဝဖို့အရေးဟာ လူ့အခွင့်အရေးပါပဲ။ ဒီမိုကရေစီ ရရှိရေးထက် လျှပ်စစ်ရရှိရေးက ပို၍အရေးကြီး တယ်လို့ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောခဲ့ပါတယ်။ အစိုးရတစ်ခုအဖြစ် နိစ္စဓူဝ ပုံမှန် လုပ်ငန်းရပ်တွေ အောင်မြင်အောင် လုပ်နိုင်ဖို့ဟာ အရေးကြီးလှပါတယ်။ ဒီမိုကရေစီရေးပဲ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ အမျိုးသားရေးစရိုက် လက္ခဏာတွေ တည့်မတ်လာတာ တွေ့ရပါတယ်။ ပညာရေးလက်လှမ်းမီအောင်၊ အရည်အချင်း မြင့်သည်ထက်မြင့်အောင် ပညာတတ်သည်ထက် တတ်အောင်၊ ကျွမ်းကျင်မှုအရည်အသွေး မြင့်သည် ထက်မြင့်အောင် တက္ကသိုလ်ကောလိပ်တွေ တည်ထောင်ခဲ့တာ အမျိုးသားရေး လူ့စွမ်းအား အရင်းအမြစ် မွေးထုတ်ဆောင်ကြဉ်းပေးခြင်းပဲ။ စီးပွားရေးဖွံ့ဖြိုးလာအောင်၊ တိုင်းရင်းသားလုပ်ငန်း ရှင်တွေ ပေါ်ပေါက်နိုင်အောင်၊ တောင်ပေါ်မြေပြန့် ညီအစ်ကို အချင်းချင်း တွေ့နိုင် သွားနိုင်လာနိုင် အောင် အနှစ်နှစ် အလလက ကြံစည်စိတ်ကူးခဲ့တဲ့ အဝေးပြေးလမ်းမကြီးနဲ့ နေပြည်တော်ကို အကောင် အထည်ဖော်တာ တွေ့ရမှာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်တွင် မြို့ကြီးပြကြီးတွေမှာ ရေကောင်းရေသန့်တွေ ပို၍လိုလာလိမ့်မယ်။ ၂၀၄၀ ပြည့်နှစ်မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ တွက်ချက် ထားပါတယ်။ ၂၀၀၂ ခုနှစ် Time, September 2 မှာ ဖတ်ရှုရတဲ့ မီဂါစီးတီးလူဦးရေကိုကြည့်ရင် နယူးယောက်တွင် ၁၆ ဒသမ ၆ သန်း၊ မက္ကဆီကို ၁၈ ဒသမ ၁ သန်း၊ ဆော်ပိုလို ၁၇ ဒသမ ၈ သန်း၊ မွမ်ဘိုင်း ၁၈ ဒသမ ၁ သန်း၊ ရှန်ဟိုင်း ၁၇ သန်းနဲ့ တိုကျို ၂၆ ဒသမ ၄ သန်း အသီးသီးရှိကြောင်းတွေ့ရတော့ ကြောက်ခမန်းလိလိ ဖြစ်ရပါတယ်။
တိုကျိုဆိုရင် ကျွန်တော်တို့နိုင်ငံ လူဦးရေရဲ့ တစ်ဝက် နေထိုင်တာတွေ့ရပါတယ်။ လူမှုစီးပွား ဘဝ တိုးတက်ရေး၊ ပုံမှန်လည်ပတ်နိုင်ရေးကိုပင် မည်မျှအားထုတ် အလုပ်လုပ်ကြရမည်ကို ခန့်မှန်း နိုင်ပါတယ်။ ရန်ကုန်မြို့ကြီးဟာ လူဦးရေ ခုနစ်သန်း နီးပါး ရှိလေတော့ မီဂါစီးတီးအဆင့်ထိ မရောက်သေး တဲ့တိုင် ရေနဲ့လျှပ်စစ်ကို ပုံမှန်သုံးစွဲနိုင်ဖို့ လွန်စွာ အားထုတ်ကြရပေမယ်။ လူကြီးသူမများ ပြောတာ တွေဟာ လွန်စွာမှန်နေပြီ။ “ရေမကြွယ်ထင်းမကြွယ်” မဖြစ်ရလေအောင် မြို့ကြီးပြကြီးတွေကို ကျေးလက် ဒေသတွေမှာ တိုးချဲ့တည်ထောင်ပြီး နေသင့်ကြပါပြီ။ ဒါသည်ပင် အနာဂတ်ဒီမိုကရေစီ ထွန်းကားရေးဆီ သို့ ဦးတည်ခြင်း ဖြစ်ပါတယ်။
“အာဆီယံနိုင်ငံတွေဟာ ပြည်တွင်းစီးပွားရေး နဲ့ နိုင်ငံရေးအကျပ်အတည်းတွေက ဖိစီးနေတာ ကြောင့် အာဆီယံဟာ ၁၉၉၀ ပြည့်နှစ်မှာ ပြန်လည်လွှမ်းမိုးနိုင်ခြင်းမပြုနိုင်ဘဲ အခက်အခဲ ဒုက္ခကို မျှဝေခံစားနေရပါတယ်။ တရုတ်ရဲ့အခန်း ကဏ္ဍကို ပြောရမယ်ဆိုရင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံရဲ့ ကမ္ဘာတစ်ဝန်း စီးပွားရေးအောင်မြင်မှု ပေါ်ပေါက်လာခြင်းဟာ လတ်တလောစိန်ခေါ်မှု ဖြစ်ပေမယ့် အခွင့်အလမ်းတွေလည်း ရှိလာပါလိမ့် မယ်။ ဒေသတွင်း ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပိုမိုဖြစ်ထွန်းရေး ဦးတည်ကြခြင်းဖြင့် စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ အာဆီယံနိုင်ငံများဟာ ဒီစိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်နိုင်ခြင်းမရှိရင် စီးပွားရေးဝန်းကျင်သစ်မှာ တကယ်ပဲ အကန့် အသတ်ထားမှုနဲ့ ကိုယ်တိုင်ကြုံရနိုင်ပါတယ်။” ဂိုချောက်တောင် (Goh Chok Tong) က အာဆီယံ အား အတူတကွ ပူးပေါင်းဆောင်ရွက်ရေး အားသစ် လောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ ( MNA/Xinhua စင်ကာပူ၊ ၂၃၊ ဩဂုတ် ၂၀၀၁) "We are at the risk of being marginalized in the new economic environment." 23, August 2001
မြင်ကွင်း (၉)
ဒီမိုကရေစီနဲ့ပတ်သက်လို့ ပါလီမန်ဒီမိုကရေစီ၊ ဆိုရှယ်လစ်ဒီမိုကရေစီဆိုပြီး ကျွန်တော်တို့ဟာ အထိုက်အလျောက် ကြားဖူးနားဝရှိသူများ ဖြစ်ပါ တယ်။ ဒီမိုကရေစီအလေ့အကျင့်နဲ့ ပတ်သက်ရင် မြန်မာတို့ဟာ ဒီမိုကရေစီအကြောင်း သိကောင်းစရာ သင်ရိုးညွှန်းတမ်း ၁၀၁ ပဲ ရှိမည်ဟု ခန့်မှန်းနိုင်ပါတယ်။ ခေတ်သစ်ဒီမိုကရေစီ လည်ပတ်ဖို့မှာ ရွေးကောက် ပွဲဟာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲတွေဟာ လိုအပ်ချက်ကြီးတစ်ခုတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့နီတိကို မိမိရရ မကျင့် သုံးနိုင်ရင် ငွေပဒေသာပင်ဟာ မြေမှအလိုအလျောက် မပေါက်ဆိုသကဲ့သို့ ငွေပဒေသာပင် မြင်ရမှာမဟုတ်
ဆိုသည်ကို သတိမူကြရပေလိမ့်မယ်။ အနောက်နိုင်ငံ တွေမှာ ဒီမိုကရေစီဆိုသည်မှာ အမြင်မတူသော် လည်း နှလုံးသားချင်းနီးကပ်သော ဒီမိုကရေစီဖြစ်ခဲ့ ပါတယ်။
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲသာမက နှလုံးသားချင်း၊ ကျောချင်းကပ်တဲ့ ဒီမိုကရေစီကို ဆိုလိုတာဖြစ်ပါတယ်။
v စာမျက်နှာ ၈ မှ
လူအုပ်ကို အခြေပြု၊ အနိုင်ယူလိုတဲ့ ဒီမိုကရေစီ ဟာ စစ်မှန်တဲ့ဒီမိုကရေစီလို့ခေါ်ဖို့ ခဲယဉ်းပါတယ်။ ဒုတိယသက်တမ်းရောက်ရှိလာတဲ့ အမေရိကန် သမ္မတ ရိုနယ်ရီဂင်က “ဒီမိုကရေစီသည် ကြွေလွယ် နွမ်းလွယ်တဲ့ပန်း မဟုတ်ကြောင်း၊ ဒီမိုကရေစီဟာ တာရှည်ခံပန်းဖြစ်ကြောင်း” ကာကွယ်ပြောဆိုခဲ့ပါ တယ်။
မြင်ကွင်း (၁၀)
၁၉၈၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ရိုနယ်ရီ ဂင် ဒုတိယသမ္မတ သက်တမ်းလက်ခံတဲ့ ကျမ်းသစ္စာ ခံယူရာမှာ သမ္မတတာဝန်ကို စွမ်းအားရှိသမျှ ထမ်းဆောင်ဖို့နဲ့ ဖွဲ့စည်းပုံကို သစ္စာရှိရှိစောင့်သိ လိုက်နာမှာဖြစ်ကြောင်း ကတိပြုခဲ့တာကို တွေ့မြင် ရပါတယ်။ သမ္မတရီဂင်ဟာ Oval Office မှာ မထိုင်ခင် အမေရိကန်အစိုးရအနေနဲ့ တိုင်းပြည် ကို ဘယ်လိုဘယ်ပုံ စီမံအုပ်ချုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး “အမေရိကန်ပြည်ထောင်စုကို ပါတီ ကြီးနှစ်ခုဟာ ပြဿနာအရပ်ရပ်နဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပြီး အစိုးရဖြစ်လာတဲ့အခါ တိုင်းပြည်ရဲ့ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း၊ ဒီမိုကရက်ပါတီ၊ ရီပတ်ဘလစ်ကင်ပါတီရယ်လို့ မဟုတ်တော့ပါကြောင်း၊ ညီညွတ်တဲ့ အမေရိကန် များအဖြစ် တိုင်းပြည်ရဲ့ ရည်မှန်းချက်၊ တိုင်းသူ ပြည်သားတို့ရဲ့ မျှော်လင့်ချက်ကို ရှေးရှုပြီး အစိုးရ ယန္တရားကို ချောမွေ့အောင် လုပ်ဆောင်ကြရ ပါကြောင်း နိုင်ငံကို အသိပေးပြောကြားခဲ့ပါ တယ်။
တစ်ဆက်တည်းမှာပဲ အစိုးရဆိုတာ ဆရာကြီး ဂုရု မဟုတ် (Not your Masters)၊ ပြည်သူ့ဝန်ထမ်း များ (Public Servants)ပဲ၊ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ တိုင်းပြည်အဘက်ဘက်မှ ဖွံ့ဖြိုးအောင် စီမံအုပ်ချုပ် မှု အခွင့်အာဏာတွေကို တိုင်းပြည်ကိုယ်စား ကြိုးပမ်းအားထုတ်ရတဲ့ သဘောဖြစ်ကြောင်း ပြောကြားတာကို တွေ့ရပါတယ်။ ဒီမိုကရက်ပါတီ၊ ရီပတ်ဘလစ်ကင်ပါတီတို့ဟာ လက်ညှိုးထိုး အပြစ်မတင်၊ ဦးနှောက်ချင်းပြိုင်၊ နှလုံးသားချင်းကပ် နိုင်ငံအတွက် ကိုယ့်တိုင်းပြည်က ပထမဖြစ်ရေး၊ ပြည်သူတွေ ကြီးပွားချမ်းသာရေး ဦးတည်ကြ ကြောင်း တွေ့ရပါတယ်။
မြင်ကွင်း (၁၁)
အာရှအလယ်ပိုင်းနိုင်ငံရေး ကြိုးတန်းပေါ်မှာ လျှောက်နေကြတဲ့ အစ္စရေး၊ ပါလက်စတိုင်းအရေးနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတွေအပေါ် သုံးသပ်မှု တွေရှိခဲ့ပါတယ်။ ဒီမိုကရေစီကျင့်စဉ်တွေနဲ့ ဖြေရှင်း လို့မရအောင် ခက်ခဲနေပါတယ်။ “အကြမ်းဖက် တိုက်ခိုက် ရမ်းကားသူတွေဟာလည်းကောင်း၊ လူတော်လူကောင်း သူတော်စင်တွေဟာလည်း ကောင်း အိမ်လို့ခေါ်တဲ့ (Home) မိဘရဲ့ စောင့်ရှောက် သွန်သင်မှုအပေါ်မှာ မြစ်ဖျားခံတာချည်းဖြစ်ပါတယ်။ မိဘအနေနဲ့ နိစ္စဓူဝကိစ္စတွေ ဆောင်ရွက်ရင်း သားစဉ်မြေးဆက်တို့အား စံနမူနာတွေကို လက်ဆင့် ကမ်းပေးကြရာမှာ အတောမသတ် ထိပ်တိုက် ရင်ဆိုင်၊ လက်နက်စွဲကိုင်တဲ့မျိုးစေ့ကို စိုက်မှာလား၊ ကမ္ဘာ့ငြိမ်းချမ်းရေးမျိုးစေ့စိုက်မှာလား ဒီနှစ်မျိုးပဲ ရှိပါတယ်။” လို့ Mrs Reiko Uchida ရေးတဲ့ “Call the Heart: Act of Peace and Equality” စာအုပ် မှာ ဖတ်ရှုရပါတယ်။ ကျွန်မတို့ ဂျပန်လူမျိုးတွေဟာ ယနေ့အချိန်အခါမှာ စိတ်ပူပန်စရာ အခက်အခဲ တွေက ကလေးသူငယ်တွေရဲ့ သာမန်ရာဇဝတ်မှု၊ သက်ငယ်ပေါ့တန်ဆိုးသွမ်းမှု (Juvenile Delinq-uency)၊ ကလေးလူငယ်တွေဟာ မတရားစေခိုင်းမှု ခံနေရခြင်း၊ စွန့်ခွာမှု၊ ပစ်ပယ်မှု၊ သွေးဆောင် ဖြားယောင်းမှု၊ လှည့်စားမှုတွေခံနေရတယ်။ နိုင်ငံ ရပ်ခြား လူရမ်းကားတွေရဲ့ လုယူခိုးဝှက်၊ ဓားပြ တိုက်မှုတွေကို ထိတ်လန့်ကြောက်ရွံ့နေရပါတယ်။ ကျွန်တော်၊ ကျွန်မတို့ရဲ့ဘဝ၊ မိသားစုဆိုတဲ့ အိမ်ရဲ့ သွန်သင်ဆုံးမနိုင်တဲ့ အရည်အသွေးနဲ့ အဆုံးအဖြတ် ဟာတူညီတဲ့အကျိုး အသီးအပွင့်ရပါလိမ့်မယ်၊ “သင် စိုက်ပျိုးတဲ့အပင်၊ သင်ရိတ်သိမ်းရမှာဖြစ်ပါတယ်။” “ကျွန်မတို့ဟာ ကိုယ်နေတဲ့ နိုင်ငံအတွက် ငြိမ်းချမ်း သာယာတဲ့ မျိုးစေ့ချပေးရင် ကောင်းမွန်တဲ့ဘဝ၊ သာယာတဲ့ဘဝကို ထူးထူးခြားခြားတည်ဆောက် ပေးခြင်းပဲလို့မြင်ပါကြောင်း” Mrs Reiko Uchida က ဆက်လက်ရေးသားတာကို တွေ့ရပါတယ်။
“ပုဗ္ဗာ စရိယ မိနှင့်ဖ” အမိအဖဟာ ဆရာကောင်း လက်ဦးဆရာတွေ ဖြစ်ကြပါတယ်။ ကောင်း၍ မှန်ကန်တဲ့လမ်း၊ အကောင်းနဲ့အဆိုး ခွဲခြားတတ် အောင် သွန်သင်ပေးကြရလိမ့်မယ်။
မြင်ကွင်း (၁၂)
၁၉၉၅ ခုနှစ် ဇွန်လ ၂၃ ရက်မှ ၂၈ ရက်နေ့အထိ ထိုင်းနိုင်ငံမှာကျင်းပတဲ့ မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးရေး စီမံကိန်းမှာ တက္ကသိုလ်များရဲ့ အခန်းကဏ္ဍဆွေးနွေး ပွဲကို တက်ရောက်ဖို့ လေယာဉ်နဲ့ ရန်ကုန်မြို့ကနေ ဘန်ကောက်ကို ခရီးထွက်ခဲ့ပါတယ်။
ကျွန်တော်တို့ ပညာရေး ငါးဦးအဖွဲ့ခေါင်းဆောင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိမ်းမြင့်၊ အဖွဲ့ဝင် မိတ္ထီလာကောလိပ် ကျောင်းအုပ် ကြီး ဦးခင်မောင်ဦးတို့ ပါဝင်ပါတယ်။ ကျွန်တော်တို့ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်မှာ မြန်မာနဲ့ထိုင်း ရေနံ-ဓာတ်ငွေ့ စီးပွားရေး ငါးဦးအဖွဲ့လည်း ပါရှိရာ ထိုအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအမည်က ဦးတင်မောင်ဦး ဖြစ်ပါတယ်။ ဘန်ကောက်လေဆိပ်ကို ဒေသစံတော် ချိန် ၁၁:၄၅ နာရီတွင် ဆိုက်ရောက်ရာ ကျွန်တော်တို့ ပညာရေးအဖွဲ့အား ထူးဆန်းစွာ ထိုင်းအမျိုးသား လူလတ်လူငယ် သုံးဦးက ကြိုဆိုကြပြီး ခေါင်းဆောင် ဆရာကြီးနဲ့အဖွဲ့ကို စစ်ဆေးရေး ကောင်တာတစ်ခု သို့ ခေါ်ဆောင်သွားပါတယ်။ ပစ္စည်းတွေရွေးပြီး မရှေးမနှောင်း လိုက်ပါသွားရာ ဖူးခက်ကို သွားမယ့် ကောင်တာဖြစ်နေတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ ပညာရေးအဖွဲ့ ခရီးဆက်မယ့် မြို့ဟာ ခွန်ကိုင်းပါ။ ခွန်ကိုင်း (Khon Kaen) စစ်ဆေးရေးကောင်တာကိုပဲ သွားရမှာ။ တစ်ခုခု တော့မှားနေပြီ၊ ကျွန်တော်တို့အဖွဲ့က ဦးခင်မောင် ဦးနဲ့ ရေနံ-ဓာတ်ငွေ့ စီးပွားရေးအဖွဲ့က ဦးတင်မောင် ဦးက လွဲနေပြီလို့ ဝင်ပြောလိုက်ပါတယ်။ ထိုအဖွဲ့က ကျွန်တော်တို့အဖွဲ့ကိုကြိုတဲ့ ထိုင်းကြိုဆိုရေးအဖွဲ့ကို စောင့်နေရပုံ ပေါ်ပါတယ်။ ထိုင်းကြိုဆိုရေးအဖွဲ့ဟာ “ပြဿနာမရှိပါဘူး” (no problem)၊ ကျွန်တော်တို့ ငါးဦးအဖွဲ့ကို ခွန်ကိုင်းကောင်တာကို ခေါ်သွားခဲ့ပါ တယ်။ လမ်းခုလတ်မှာ အလံငယ်အဝါ ရှပ်ဝါနဲ့ အလံငယ်အနီ ရှပ်နီ လူငယ်အုပ်စုနှစ်စုကို တွေ့မြင် လိုက်ပါတယ်။ ကြိုဆိုရေးအဖွဲ့ဟာ ကျွန်တော်တို့ကို လေဆိပ်အတွင်းက စားသောက်ဆိုင်ထဲ ခေါ်သွား ပြီး ပြောင်းဖူးထမင်းကြော်၊ ကော်ဖီ၊ လက်ဖက် ရည်တို့နဲ့ ဧည့်ခံပါတယ်။ နှစ်ပတ်ကြာရင် ရွေးကောက်ပွဲလုပ်မှာသိရတော့ “ခင်ဗျားတို့ ဘယ် ပါတီ မဲပေးမလဲ” လို့ ဒီမိုကရေစီမဆန်စွာ စပ်စု မေးလိုက်မိပါတယ်။ ထိုင်းတို့က ဒီမိုကရေစီနဲ့ ရင့်ကျက်နေပြီဖြစ်ပါတယ်။
“ကျွန်တော် မဆုံးဖြတ်ရသေးဘူး” လို့ ထိုင်း ကြိုဆိုရေးအဖွဲ့က ဖြေရင်း ခွန်ကိုင်းကောင်တာ ဘက်သို့ ထွက်ခွာခဲ့ပါတယ်။ စင်စစ်တော့ သူဖြေတာ ဒီမိုကရေစီဆန်ပါတယ်။ သူ့ရဲ့အဖြေဟာ အဝါ၊ အနီကို မဲထည့်မယ်လို့ ပြောလိုက်ရင် သူ့ရဲ့ရွေးချယ် မှုဟာ အခြားသူတွေကို လွှမ်းမိုးရာ သို့မဟုတ် ဆန့်ကျင်ရာ ပြဿနာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားပညာရေးအဖွဲ့ကို မပြောမိဖို့ ထိုင်းကြိုဆို ရေးအဖွဲ့က အလွန်သတိထားပုံပေါ်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ဟာ မရင့်ကျက် သေးပါဘူး၊ ရွေးကောက်ပွဲတိုင်းလို တောရွာက လူထုဟာ “မင်းတို့ရန်ကုန်က သဘောထားကို ကြည့်ပြီး မဲထည့်မှာပေါ့” ဆိုတဲ့အကျင့်ရှိနေတာကို ပြောင်းလဲကြရလိမ့်မယ်။ ဒါကြောင့် ရွေးကောက်ပွဲ တိုင်းဟာ အမှန်ကန်ဆုံးရလဒ်မဟုတ်နိုင်၊ အမှန်ဆုံး အစိုးရ၊ ကောင်းမွန်တဲ့အစိုးရ ဖြစ်နိုင်ခဲတယ်လို့ သုံးသပ်သူတွေ ရှိကြပါတယ်။ ကျွန်တော်တို့ ပြုသလို ကျွန်တော်တို့ ရတာပဲဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီပဲလို့ အဓိပ္ပာယ်ထွက်သွားပါ တယ်။
ကောင်းပါပြီ။ ဒီမိုကရေစီဆိုတာ အမျိုးမျိုး အဖုံဖုံရှိနေတာ တွေ့ရပါပြီ။ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျင့်သုံးရာမှာ လူသာပဓာနကျကြောင်း တွေ့ရပါပြီ။ စစ်မှန်တဲ့ ဒီမိုကရေစီဟာ လူကောင်း၊ လူတော်တွေ ကို နိုင်ငံတော်ရဲ့ တာဝန်တွေ၊ အမျိုးသားရေးတာဝန် တွေကိုထမ်းဆောင်နိုင်ဖို့ ပြည်သူတွေက စိတ်ဝင် တစား စဉ်းစားချင့်ချိန် ရွေးချယ်ကြတာဖြစ်ပါတယ်။ ပုဂ္ဂလိကသော်လည်းကောင်း၊ ပါတီအဖွဲ့အစည်းများ မှတစ်ဆင့်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းများမှတစ်ဆင့် ဝင်ရောက်အရွေးချယ်ခံကြ ပြီး လွှတ်တော်အသီးသီးသို့ ရောက်လာကြပါတယ်။ နိုင်ငံတော်ရဲ့ တာဝန်၊ ပြည်သူပြည်သားတွေရဲ့ တာဝန်ကို ထမ်းဆောင်မယ့် ကိုယ်စားလှယ်တော် ကြီးတွေကို ရွေးချယ်ကြရာမှာ ပြည်သူတို့ရဲ့ တာဝန် ဟာ လွန်စွာကြီးမားပါတယ်။ တစ်ပါတီစနစ်ပဲ ဖြစ်ဖြစ်၊ ပါတီစုံပဲဖြစ်ဖြစ် ဒီမိုကရေစီကို ကျင့်သုံးရာ မှာ၊ လိုက်နာရာမှာ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ပြည်သူ တွေဟာ နှလုံးသားနဲ့ ဦးနှောက်တို့ ပေါင်းစပ်ကာ အနာဂတ်ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံကို စုပေါင်းအားနဲ့ အေးအေးဆေးဆေး ဖြည်းဖြည်းနဲ့မှန်မှန် ပျော်ပျော်ရွှင်ရွှင် အေးအေး ချမ်းချမ်း တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန် ကောင်း တောင်းအပ်ပါတယ်။ ။
ကျမ်းကိုး
- Myanmar: Facts and Figures; Ministry of Information, Myanmar, March, 2000
- ၂၀ ရာစု မြန်မာနိုင်ငံ၊ အမျိုးသားလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ဇန်နဝါရီလ ၂၀၀၂ ခုနှစ်
- ဦးသန့်၏ ဘဝအတွေ့အကြုံများ မောင်ရွှေခေတ်
- Asia Pacific: Its Role in the new World Order, (Myanmar Burma) by M S Dobbs
– Higginson, New Light of Myanmar (1998)
- Log in to post comments