အန္တိမရည်မှန်းချက်သို့ မလွဲမသွေလျှောက်လှမ်း

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေအရ ဇူလိုင် ၂၂  ရက်တွင်  အမျိုးသားကာကွယ်ရေးနှင့်   လုံခြုံရေးကောင်စီ ဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရား များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲပြောင်း အပ်နှံလိုက်သည်။ လက်ရှိကာလတွင် မိမိတို့နိုင်ငံသည် သာမန် မဟုတ်သော အရေးပေါ်အခြေအနေကို ဖြတ်သန်းနေရချိန်ဖြစ်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပချိန်တွင် ယာယီသမ္မတသည် ကျန်းမာရေးကြောင့်ဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ မတက်ရောက်နိုင်၊ လစ်လပ်ခဲ့ပါက အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဦးဆောင် ကျင်းပသွားရမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာသည့် ကိစ္စရပ်တွင် နိုင်ငံတော် သမ္မတသည်   နိုင်ငံတော်အတွင်း   မူလအခြေအနေသို့  အမြန် ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက် မှုများပြုနိုင်ရန်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် ၏  ဥပဒေပြုရေး၊  အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို    လွှဲအပ်ထားခြင်းဖြစ်သည်။   သို့ဖြစ်ရာ  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော် သမ္မတကိုယ်စား ကျင့်သုံး ဆောင်ရွက်လျက်ရှိသည့်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကသာ နိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆုံးဖြတ်ပေးရသည့်    အမျိုးသားကာကွယ်ရေးနှင့်      လုံခြုံရေး ကောင်စီ အစည်းအဝေးကို ဦးဆောင်သွားရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အန္တိမရည်မှန်း ချက်သည်  လွတ်လပ်ပြီး  တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေးပင်ဖြစ်ပြီး ရွေး‌ကောက်ပွဲကို မလွဲမသွေ  ကျင်းပသွားမည်ဖြစ်ကြောင်းကိုလည်း  မကြာခဏ ထုတ်ဖော်ပြောကြားထားသည်။ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့် အခင်းအကျင်းများ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်လာ စေရေးအတွက်   ဆောင်ရွက်လျက်ရှိရာတွင်    အရေးကြီးဆုံး လိုအပ်ချက်မှာ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာစေရေးပင်ဖြစ်သည်။ သို့ဖြစ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   နိုင်ငံရေး ရည်မှန်းချက်အဖြစ်   စစ်မှန်စည်းကမ်းပြည့်ဝသည့်   ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာစေရေး၊  ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့်      ပြည်ထောင်စုတည်ဆောက်ရေးတို့ကိုလည်း ကောင်း၊ အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကိုလည်းကောင်း ဦးတည်၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
လတ်တလောကာလတွင် ရှမ်းပြည်နယ် (‌မြောက်ပိုင်း)၊ ရခိုင် ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပြည်တွင်းဒေသအချို့တွင် ဖြစ်ပွား နေသည့်    အကြမ်းဖက်တိုက်ခိုက်မှုများက    ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် ဖော်ဆောင် ရေးကို ဖျက်လိုဖျက်ဆီးပြုလုပ်နေကြခြင်းပင်ဖြစ်ပြီး ဒေသခံ တိုင်းရင်းသားပြည်သူများမှာ အသက်အိုးအိမ် ဥစ္စာပစ္စည်းများ ဆုံးရှုံးမှုနှင့် ကြုံတွေ့နေကြရသည်။ မိမိတို့နေထိုင်ရာ အိုးအိမ် များကို စွန့်ခွာထွက်ပြေးနေကြရပြီး အကျိုးစီးပွားများစွာ၊ လူ့အခွင့် အရေးများစွာတို့ ဆုံးရှုံးနေကြရသည့်အလျောက် အကြမ်းဖက် သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေးနှင့် မြို့ရွာများအမြန်ဆုံး ပြန်လည်တည်ငြိမ်အေးချမ်းသာယာရေးတို့ကို လိုလားတောင့်တ လျက်ရှိကြသည်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ့ စစ်များအပါအဝင်        လုံခြုံရေးတပ်ဖွဲ့များက      အကြမ်းဖက် သောင်းကျန်းသူချေမှုန်းရေးဆောင်ရွက်၍ တည်ငြိမ်အေးချမ်းသည့် ဒေသများဖြစ်လာစေရန် ပြန်လည်ဖော်ဆောင်လျက်ရှိရာတွင် ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကူညီပါဝင်ကြရပါမည့်အကြောင်း။       ။