
ပရီမီယာလိဂ်ကလပ် စပါးအသင်း သည် ချယ်ဆီးနှင့် အင်တာမီလန် နည်းပြဟောင်း အန်တိုနီယို ကွန်တီ ကို နည်းပြသစ်အဖြစ် ၂၀၂၃ ခုနှစ်အထိ ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
စပါးအသင်းသည် အသင်း ရလဒ်များ ဆိုးရွားလာမှုကြောင့် နူနိုဆန်တိုကို နည်းပြအဖြစ်မှ ထုတ်ပယ်လိုက် ပြီးနောက် ယခုအခါ ကွန်တီကို အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဗလင် စီယာ၊ ပေါ်တို၊ ဝုဖ်အသင်းတို့ကို နည်းပြခဲ့ဖူးသော ပေါ်တူဂီလူမျိုး နည်းပြ ဆန်တို့စ်သည် ဇွန်လ ၃၀ ရက်တွင် စပါးအသင်း နည်းပြ အဖြစ် နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ် ခံခဲ့ရပြီး နိုဝင်ဘာ ၁ ရက်တွင် ထုတ်ပယ် ခံခဲ့ရခြင်းဖြစ်သည်။ စပါးအသင်းအား ၎င်းတာဝန်ယူ ကိုင်တွယ်စဉ် ပြိုင်ပွဲစုံ ၁၇ ပွဲ ကိုင်တွယ်ခဲ့ပြီး ရှစ်ပွဲနိုင်၊ နှစ်ပွဲ သရေနှင့် ခုနစ်ပွဲအထိ ရှုံးနိမ့် ထားသည်။
ကွန်တီသည် ပရီမီယာလိဂ် ကလပ် ချယ်ဆီးအသင်းကို ၂၀၁၆ ခုနှစ် ဇူလိုင်မှ ၂၀၁၈ ခုနှစ် ဇူလိုင် လအထိ တာဝန်ယူကိုင်တွယ်ခဲ့ ဖူးပြီး ပရီမီယာလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ကို ဆွတ်ခူး ရရှိအောင် ကူညီပေးထားနိုင် သည်။ ထို့နောက်တွင် စီးရီးအေ ကလပ် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ပြီးနောက်တွင်လည်း ၁၁ နှစ်ကြာ ဝေးကွာနေသည့် စီးရီးအေဖလားကို ဆွတ်ခူးရရှိ အောင် ကူညီပေးထားနိုင်သူ ဖြစ်သည်။
ထို့ကြောင့် စပါးအသင်းလိုအပ် နေသည့် အောင်မြင်မှုများကို ပရီမီယာလိဂ်သို့ တစ်ကျော့ပြန် ရောက်ရှိလာသည့် နည်းပြသစ် ကွန်တီအနေဖြင့် ဆောင်ကြဉ်း ပေးသွားနိုင်မလား စောင့်ကြည့်ရ မည်ဖြစ်သည်။ စပါးအသင်းသည် လာမည့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၅ ရက်တွင် ယူရိုပါ ကွန်ဖရင့်လိဂ် ပြိုင်ပွဲ၌ နယ်သာလန် ကလပ် ဗင်တပ်စ်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
အောင်ဇော်