အနုပညာစွမ်းပကားဖြင့် နိုင်ငံနှင့်ပြည်သူအကျိုးပြု

 

အနုပညာ၊ အတတ်ပညာနှင့် နည်းပညာတို့ ပေါင်းစပ်ပါဝင်သည့် ရုပ်ရှင်သည်  ပြည်သူလူထုကို  ညင်သာပျော့ပျောင်းစွာ  ဩဇာ လွှမ်းမိုးနိုင်သည့် မီဒီယာတစ်ခုဖြစ်သည်။ Soft Power တစ်ခုဖြစ် သည့်အလျောက် မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို ကမ္ဘာက သိရှိနားလည်  လာအောင်၊ မိမိနိုင်ငံနှင့်လူမျိုးကို ကမ္ဘာကပိုမိုရင်းနှီးကျွမ်းဝင်လာ အောင်   ရုပ်ရှင်အနုပညာနည်းလမ်းဖြင့်   ဖြန့်ဝေနိုင်သကဲ့သို့ ပြည်တွင်း၌  လူမှုပြုပြင်ပြောင်းလဲမှုများ  ပြုလုပ်ရာတွင်လည်း ကောင်း၊ ပြည်သူလူထု၏ အတွေးအခေါ်ဓလေ့စရိုက်များ မှန်ကန် အောင် ထိန်းသိမ်းတည့်မတ်မှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ တိုင်းကျိုးပြည်ကျိုးဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာအောင် နှိုးဆော်တိုက်တွန်းရာတွင်လည်းကောင်း ရုပ်ရှင် အနုပညာနည်းလမ်းဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်သည်။


လက်ရှိကာလတွင် မိမိတို့နိုင်ငံသည် သမိုင်းတွင် ထူးခြားသည့် အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရပြီး နိုင်ငံပြိုကွဲပျက်စီးရေး အတွက် အဖျက်အင်အားစုများ၏ မျက်နှာစာပေါင်းစုံမှ ကြိုးပမ်း မှုများနှင့်   ရင်ဆိုင်နေရသည်။   အမျိုးသားယဉ်ကျေးမှုကိုရော၊ အမျိုးသားယဉ်ကျေးမှုပေါ်ထွန်းရာ ဗုဒ္ဓဘာသာကိုပါ နည်းမျိုးစုံ ဖြင့် တိုက်ခိုက်ဖျက်ဆီးနေကြသည်။ လူငယ်လူရွယ်များအတွင်း မှားယွင်းသည့် အတွေးအခေါ်အယူအဆများ ဖြစ်ပေါ်လာစေရန်၊ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း တည်ရှိနေသည့် ရိုးရာဓလေ့ ထုံးစံများနှင့်   ယုံကြည်မှုများအပေါ်  အဆိုးမြင်လာစေရန်  လူမှု ကွန်ရက်များကို အသုံးပြု၍ ဆောင်ရွက်နေကြသည်ကိုလည်း တွေ့မြင်နိုင်သည်။ ယင်းသို့သော အခြေအနေတွင် မြန်မာ့ရုပ်ရှင် အနုပညာလောကသားများအနေဖြင့် နိုင်ငံနှင့်လူမျိုး၏ ကောင်းရာ  ကောင်းကျိုးကို   ဖော်ဆောင်နိုင်မည့်   နိုင်ငံအကျိုးပြု   အနုပညာ ထုတ်ကုန်များကို     အနုပညာစွမ်းပကားဖြင့်     ထုတ်လုပ်ကြရန် လိုသည်။


အထူးသဖြင့်   နိုင်ငံ၏    ထာဝရအကျိုးစီးပွားဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊    တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ဦးတည် ဖော်ညွှန်းကာ     အနုပညာတာဝန်   ကျေပွန်ကြရမည်ဖြစ်သည်။  မြန်မာ့ရုပ်ရှင်ဖြတ်သန်းလာခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော် သမိုင်း တစ်လျှောက်တွင် မြန်မာ့ရုပ်ရှင်သည် ခေတ်အလျောက် တာဝန် ကျေပွန်ခဲ့ကြောင်း ရုပ်ရှင်သမိုင်းမှတ်တမ်းများတွင် တွေ့မြင်နိုင် သည်။   လွတ်လပ်ရေးမရမီ   နယ်ချဲ့အစိုးရလက်အောက်တွင် မြန်မာပြည်သူလူထုအတွင်း တိုင်းချစ်ပြည်ချစ်စိတ် ထက်သန်ရေး၊ ဝံသာနုရက္ခိတတရားထွန်းကားရေး၊     ဇာတိသွေးဇာတိမာန် တက်ကြွရေးအတွက်    ရုပ်ရှင်ဖြင့်     လှုံ့ဆော်ပေးခဲ့သကဲ့သို့ လွတ်လပ်ရေးရပြီးကာလတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လူမှုပြုပြင်ပြောင်းလဲရေး တို့ကို ရုပ်ရှင်အနုပညာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ သည်။


၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်တွင်    ကြီးကျယ်ခမ်းနားစည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့ပြီး ထူးချွန်ဆုရရှိသူ ပြည်သူချစ်အနုပညာရှင်၊ အတတ် ပညာရှင်များလည်း ပေါ်ထွက်ခဲ့ပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကား ၃၅ ကားအနက်မှ အဆင့်ဆင့် စိစစ်အကဲဖြတ်ကာ ထွက်ပေါ်လာခဲ့သည့် အနုပညာရှင် များတွင် မျိုးဆက်သစ်လူငယ်များလည်း ပါဝင်လျက်ရှိသည်။ လွန်ခဲ့သည့်နှစ်များအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု၊ နိုင်ငံရေးအပြောင်းအလဲနှင့်  ပဋိပက္ခများ   ဖြစ်ပေါ်မှုတို့ကြောင့် အခက်အခဲ၊ အကျပ်အတည်းများနှင့်  ရင်ဆိုင်ရုန်းကန်ခဲ့ရသည့် မြန်မာ့ရုပ်ရှင်လောကမှာ နိုင်ငံတော်အစိုးရ၏ အားပေးကူညီမှု၊ ရုပ်ရှင်လောကသားများ၏ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှုတို့ဖြင့် ပုံမှန်အခြေအနေနီးပါး ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့ပြီဖြစ်ရာ    မြန်မာ့ရုပ်ရှင်လောက    နိုင်ငံတကာနှင့် ရင်ပေါင်တန်းဖွံ့ဖြိုးတိုးတက်လာနိုင်စေရေး၊   နိုင်ငံနှင့်ပြည်သူ အကျိုး ဆတက်ထမ်းပိုးထမ်းဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။       ။