
ရန်ကုန် မေ ၃၀
ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ၊ သီချင်းများ၊ ဖျော်ဖြေမှု အစီအစဉ်များ စသည့်အနုပညာဖန်တီးမှုများကို မူပိုင်ခွင့်ရရှိထားသူများ ထံမှ တရားမဝင်ခိုးယူ၍ Online Platform များ အသုံးပြုကာ တရားမဝင် ထုတ်လွှင့်ဖြန့်ချိနေမှုများနှင့်စပ်လျဉ်းပြီး အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် “အနုပညာဖန်တီးမှုများအား တရားမဝင် ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့” ကို ပြန်ကြားရေး ဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများနှင့် မြန်မာနိုင်ငံ စာရေးဆရာများ အသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)တို့မှ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။
အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လွှင့်ပြသလျက် ရှိသော “အိမ်ထောင်” ဇာတ်လမ်းတွဲကို ဧပြီ ၂၃ ရက်မှစ၍ ပြသခဲ့ရာ ၎င်းဇာတ်လမ်းတွဲ၏ အပိုင်း ၁ မှ ၁၅ အထိကို Z Stream Application ၊ Myanmar Live Series Application၊ Telegram၊ Facebook၊ Youtube တို့ ပေါ်တွင် တရားမဝင် ကြိုတင်ပြသလျက်ရှိသဖြင့် လိုအပ် သလို ကူညီဆောင်ရွက်ပေးပါရန် မူပိုင်ခွင့်ရှိသူများက တိုင်ကြားလာ ခဲ့သည်။
အဆိုပါ တိုင်ကြားမှုနှင့်ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းတွင် အမှု ဖွင့်ပြီး အမြန်ဆုံးအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ က ပူးပေါင်းဆောင်ရွက်ခဲ့ရာ Z Stream Application တရားမဝင် တည်ထောင်လုပ်ကိုင်သူ အောင်မင်းဦး (၃၀) နှစ်၊ (ဘ)ဦးသန်းဦးကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ၎င်း၏နေအိမ်၌ သက်သေခံ ပစ္စည်းများနှင့်အတူ မေ ၂၀ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်ဆက်စပ် ကျူးလွန်သူများကိုလည်း ဥပဒေကြောင်းအရ လိုအပ်သောစုံစမ်းမှုများ၊ အရေးယူမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ထို့အတွက် အနုပညာဖန်တီးမှုများကို မူပိုင်ခွင့်ရရှိသူများထံမှ ခိုးယူ၍ သမားရိုးကျနည်းလမ်းဖြင့်သော်လည်းကောင်း၊ အွန်လိုင်းပလက် ဖောင်းမျိုးစုံ အသုံးပြု၍သော်လည်းကောင်း တရားမဝင် ထုတ်လွှင့်ဖြန့်ချိ သူများအား “အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့”က တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရသည်။
သတင်းစဉ်