
မိုးပြာ(ရင်းနှီး/စီးပွား)
ကမ္ဘာနဲ့ ကိုဗစ်ကပ်ရောဂါ
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါက ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံအားလုံးအတွက် ကျန်းမာရေး ပြဿနာ ကနေ အစပြုတယ်ဆိုရပေမယ့် နောက်ပိုင်းမှာတော့ ရောဂါကာကွယ်ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခရီးသွားလာမှုတွေ ကန့်သတ် ထိန်းချုပ်တာ၊ နိုင်ငံတိုင်းမှာလည်း Lockdown ချ ပြီး လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်မှုတွေ ပိတ်တာ၊ ကန့်သတ်တာတွေကြောင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုနဲ့ ကူးသန်းရောင်းဝယ်မှုစနစ်ကြီး တစ်ခုလုံးအပေါ်မှာ ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။
ဒါ့ကြောင့်လည်း နိုင်ငံတိုင်းက ကပ်ရောဂါကို ထိန်းချုပ်နိုင်အောင် ကြိုးစားရင်း တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည် လည်ပတ် နိုင်အောင် ကြိုးပမ်းလျက်ရှိကြပါတယ်။ အခုဆိုရင် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေကို အရှိန်အဟုန် မြှင့် ဆောင်ရွက်နေကြပြီး နိုင်ငံတွေအကြား ကာကွယ်ဆေးထိုးနှံထားတဲ့ အထောက်အထားတွေ ကို အပြန်အလှန် အသိအမှတ်ပြုကြဖို့၊ အသွားအလာ ကန့်သတ်မှုတွေကို ဖြေလျှော့ဖို့နဲ့ လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြ ပါတယ်။
အပြောင်းအလဲနဲ့ အခွင့်အလမ်း
အပြောင်းအလဲတွေက ကြီးမားတဲ့ အခွင့် အလမ်းတွေ ပေးတတ်တာကို လူတိုင်းသတိထားမိ ကြမှာပါ။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ထိုင်စောင့်ကြည့်နေသူတွေ ရှိသလို ကိုယ်လိုချင်တဲ့ ပုံစံမဟုတ်လို့ ဘေးထွက်ထိုင်ဖို့ ကြိုးစားနေသူတွေ ကိုလည်း တွေ့ရပါတယ်။ မြန်မာနဲ့ ရုရှားက စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အပြောင်းအလဲ ကို အခွင့်အလမ်းအဖြစ်နဲ့ မြင်ပုံရပါတယ်။ နှစ်နိုင်ငံ ရှိရင်း ချစ်ကြည်ရင်းနှီးမှုကို စီးပွားရေးမျက်နှာစာ မှာပါ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ၊ အခွင့်အလမ်း တွေ ရှိလာအောင် နှစ်ဖက်ကြိုးပမ်းနေတာတွေ တွေ့နေရပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် မြန်မာ-ရုရှား B2B Dialogue ကို နှစ်ဖက်အစိုးရ တာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေ ရာချီ တက်ရောက်ခဲ့ပြီး ဆွေးနွေးခဲ့ တာက သက်သေပြနေပါတယ်။
ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီး မကြာခင် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလထဲက နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ထူထောင်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်လွန် ကာလများမှာ နှစ်နိုင်ငံဆက်ဆံရေးက ပိုမိုကောင်းမွန်ခဲ့ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာတော့ သိသိသာသာ အရှိန်အဟုန်မြင့်လာခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ ခရီးစဉ်မှာလည်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ အစီအစဉ်တွေချခဲ့တာ တွေ့ရပါတယ်။
ပူးတွဲကော်မရှင်ဖွဲ့စည်း
မြန်မာနဲ့ ရုရှားအကြား စီးပွားရေး၊ သိပ္ပံနဲ့ နည်း ပညာ ကဏ္ဍစုံပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ “ရုရှား- မြန်မာ အစိုးရ အချင်းချင်း ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မရှင်”ကို ထူထောင်တဲ့ သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့မှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးနိုင်ခဲ့တာကို ကြည့်ရင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ အခြေခံ အုတ်မြစ်ကို ချခဲ့တာပဲဖြစ်ပါတယ်။ နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဦးဆောင်တဲ့ ဒီကော်မရှင်က စီးပွား ရေး ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ် အလားအလာတွေကို ဖော်ထုတ်ဆွေးနွေးကြဖို့ ကော်မရှင်အစည်းအဝေးတွေကို တစ်နိုင်ငံစီမှာ အလှည့်ကျ ကျင်းပခဲ့ပါတယ်။ ပထမအကြိမ် ကော်မရှင်အစည်းအဝေးကို နေပြည်တော်မှာ ၂၀၁၄ ခုနှစ်က ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့ပါတယ်။ တတိယအကြိမ် ပူးတွဲကော်မရှင် အစည်းအဝေးကို မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပဖို့ နှစ်ဖက်စီစဉ်ခဲ့ကြပေမယ့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုအခါမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်လို့ နှစ်ဖက်အဆင်ပြေမယ်ဆိုရင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ နေပြည်တော်မှာ ကျင်းပဖို့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ကြားရပါတယ်။ ဒီတတိယအကြိမ် ပူးတွဲကော်မရှင်အစည်းအဝေးမှာ နှစ်နိုင်ငံဝန်ကြီးအဆင့် ဦးဆောင်တဲ့ အစိုးရအဆင့် မြင့် ကိုယ်စားလှယ်အဖွဲ့တွေသာမက နှစ်ဖက်စီးပွား ရေး အသင်းအဖွဲ့တွေ၊ လုပ်ငန်းရှင်တွေ စုံစုံညီညီ တက်ရောက်ဖို့ စီစဉ်နေတာကိုလည်း သိရပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအစိုးရအကြား ပူးပေါင်းဆောင်ရွက် မယ့် သဘောတူညီချက်တွေ၊ စီးပွားရေး အသင်းအဖွဲ့ တွေအကြား နှစ်ဖက်ရှေ့ဆက် ပူးပေါင်းလုပ်ဆောင် မယ့် နားလည်မှု စာချွန်လွှာတွေကိုလည်း လက်မှတ်ထိုးနိုင်ကြဖို့ မျှော်မှန်းလုပ်ဆောင် နေကြပါတယ်။ နှစ်ဖက် တာဝန်ရှိသူတွေဟာ ဒီတတိယအကြိမ် ပူးတွဲကော်မရှင်အစည်းအဝေး မတိုင်မီမှာ စီးပွားရေးလုပ်ငန်းရှင်တွေအကြား B2B Dialogue တစ်ခုကို Video Conferencing နဲ့ ကြိုတင်စီစဉ်ဖို့ သဘောတူခဲ့တာကြောင့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပထမ အကြိမ် မြန်မာ-ရုရှား B2B Dialogue ဖြစ်ပေါ်လာ ရတာပါ။
နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ရာမှာ အတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့ အလားအလာကောင်းတဲ့ ဦးစားပေးနယ်ပယ် ၇ ခု ပါဝင်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ (Strategy for the Development of Russian-Myanmar Economic Cooperation)ကိုလည်း နှစ်ဖက်အစိုးရဝန်ကြီးဌာန တွေနဲ့ ပုဂ္ဂလိက ကဏ္ဍ တွေက ပူးပေါင်းရေးဆွဲနေတာ အခုဆိုရင် အပြီးသတ်လုနီးတဲ့ အခြေအနေကို ရောက်နေပြီလို့လည်း သိရပါတယ်။ အဲဒီနယ်ပယ် တွေထဲမှာ မဖြစ်မနေပါမှာတွေကတော့ သတင်းနဲ့ နည်းပညာ၊ ဘဏ်နဲ့ ငွေကြေး၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ဆေးဝါးထုတ်လုပ်မှု၊ အခြေခံ အဆောက်အဦ၊ ဘူမိဗေဒနှင့် သန့်ရှင်းတဲ့စွမ်းအင်နဲ့ စက်မှုကဏ္ဍတွေ ဖြစ်လိမ့်မယ်လို့ အဲဒီ မဟာဗျူဟာ ကို အဓိကတာဝန်ယူ ညှိနှိုင်းဆောင်ရွက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက အကြီးတန်း အရာရှိကြီးတစ်ဦးက ပြောပါတယ်။
ရုရှားနိုင်ငံရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု
ရုရှားဖက်ဒရေးရှင်းနိုင်ငံဟာ လူဦးရေ ၁၄၆ ဒသမ ၂ သန်း နီးပါးရှိပြီး ၂၀၁၉ ခုနှစ်စာရင်းအရ GDP တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံရှိပြီး ကမ္ဘာ့နံပါတ် အဆင့် ၁၁ ရှိတဲ့ စီးပွားရေး အင်အားကြီးနိုင်ငံလည်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံက ပြည်ပမှာ သွားရောက်ရင်းနှီး မြှုပ်နှံမှုကို ကြည့်မယ်ဆိုရင်လည်း ၂၀၂၀ ပြည့်နှစ် အတွက် ထုတ်ပြန်တဲ့ World Investment Report 2021 အရ ကမ္ဘာ့အဆင့် ၁၆ မှာ ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၈၂ ဘီလီယံ၊ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၀၂ ဘီလီယံကို ပြည်ပမှာ ရင်းနှီးမြှုပ်နှံခဲ့တာ တွေ့ရပါ တယ်။ ၂၀၂၀ မှာတော့ ကမ္ဘာ့ကပ်ရောဂါကြောင့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၃၁ ဘီလီယံပဲ မြှုပ်နှံ နိုင်ခဲ့တာ တွေ့ရပါတယ်။
၂၀၁၉ ခုနှစ် စာရင်းအရ ရုရှားနိုင်ငံဟာ ကမ္ဘာ့ ပြည်ပကုန်သွယ်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၄၀၇ ဘီလီယံနဲ့ သွင်းကုန်အမေရိကန်ဒေါ်လာ ၂၃၈ ဘီလီယံရှိတာကြောင့် ပို့ကုန်အဆင့်မှာ ကမ္ဘာ့ အဆင့် ၁၃ မှာရှိပြီး သွင်းကုန်အဆင့်မှာတော့ ကမ္ဘာ့ အဆင့် ၂၁ မှာ ရှိပါတယ်။
ရုရှားနိုင်ငံရဲ့ အဓိက ပို့ကုန်တွေက ရေနံနဲ့ တွင်းထွက်လောင်စာ၊ ကျောက်မျက်နဲ့ အဖိုးတန် သတ္တု၊ သံ၊ သံမဏိ၊ သီးနှံ(ဂျုံ)၊ ကွန်ပျူတာအပါအဝင် စက်ပစ္စည်းကိရိယာတွေ၊ သစ်နဲ့ မြေဩဇာတွေ ဖြစ် ပါတယ်။
အဓိက သွင်းကုန်တွေကတော့ စက်ပစ္စည်း၊ လျှပ်စစ် ပစ္စည်း၊ မော်တော်ယာဉ်၊ ဆေးဝါး၊ ဆေး ကိရိယာ၊ သံ၊ သံမဏိ၊ သစ်သီးဝလံ၊ အဝတ်အထည် တွေ ဖြစ်ပါတယ်။
မြန်မာ-ရုရှား ကုန်သွယ်မှု နဲ့ ရင်းနှီးမြှုပ်နှံမှု
မြန်မာ-ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှုကို ကြည့် မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၄ နှစ်တာ ကာလမှာ သိသိသာသာ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၁၂၄ သန်း လောက်ပဲ ရှိခဲ့တာကနေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၆၂၃ သန်းထိ နှစ်ဆ ကျော်တိုးလာတာ တွေ့ရပါတယ်။ မြန်မာရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်တို့နဲ့စာရင်တော့ နည်းနေပါ သေးတယ်။ မြန်မာအဓိက ပို့ကုန်တွေက အဝတ် အထည်၊ ဆန်နဲ့ ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံတို့ များပါ တယ်။ ရုရှားဘက်က မြန်မာကို ပို့တာတွေက ရေနံထွက်ပစ္စည်း၊ မြေဩဇာ၊ ဂျုံ၊ စက်မှုကုန်ကြမ်းသုံး ဆီထွက်သီးနှံ၊ ပုံနှိပ်စက္ကူနဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပါ တယ်။
ရုရှားရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉၄ သန်းပဲရှိတာကြောင့် နိုင်ငံပေါင်း ၅၁ နိုင်ငံမှာ အဆင့် ၂၂ မှာပဲ ရှိပါသေးတယ်။ ဒါကလည်း နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်း တွေ ရှိနေသေးတဲ့ သဘောပါ။
မြန်မာနိုင်ငံကို ဘာကြောင့် စိတ်ဝင်စားသလဲ
မြန်မာနိုင်ငံက အရှေ့တောင်အာရှနဲ့အာရှဈေးကွက်နှစ်ခုကို တံတားသဖွယ် ဆက်သွယ်ထားတဲ့ နိုင်ငံတစ်ခုဖြစ်သလို အဓိက ဈေးကွက်နိုင်ငံ နှစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံ (လူဦးရေ ၁ ဒသမ ၃၉ ဘီလီယံ)နဲ့ တရုတ်နိုင်ငံ (လူဦးရေ ၁ ဒသမ ၄ ဘီလီယံ)တို့အပြင် အာဆီယံနိုင်ငံတွေ (လူဦးရေ ၆၆၀ သန်းကျော်)နဲ့လည်း နယ်နိမိတ်ချင်း ဆက်စပ် နေပါတယ်။ ဒီဒေသက လူလတ်တန်းစားတွေ အများစုရှိတဲ့၊ အချိန်နဲ့အမျှ ဖွံ့ဖြိုးတိုးတက်နေတဲ့ အပြင် ကမ္ဘာ့လူဦးရေရဲ့ ၄၄ ဒသမ ၇၅ ရာခိုင်နှုန်းရှိတဲ့အတွက် ဒီလို မဟာဗျူဟာကျလွန်းတဲ့ မြန်မာနိုင်ငံရဲ့ အနေအထားကို ရုရှားတွေ ကောင်းကောင်း သတိထားမိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက အာဆီယံ လွတ်လပ် သော ကုန်သွယ်ရေးနယ်မြေရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သလို အာဆီယံကိုဗဟိုပြုပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ဟောင်ကောင်တို့နဲ့ချုပ်ဆိုထားတဲ့ အာဆီယံ အပေါင်းတစ် ကုန်စည်ကုန်သွယ်မှု၊ ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေပါဝင်တဲ့ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်တွေမှာလည်း အဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အာဆီယံ ၁၀ နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်တို့ ပါဝင်တဲ့ ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘော တူညီချက် (RCEP) ကိုလည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပါဝင်လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်သလို စာချုပ်အသက်ဝင် အတည်ပြုတဲ့ ပြည်တွင်း လုပ်ထုံးလုပ်နည်းတွေကိုလည်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ RCEP ဟာ ကမ္ဘာ့ အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်တွေထဲက တစ်ခုဖြစ်သလို ခေတ်မီပြီး ဘက်စုံကဏ္ဍတွေပါဝင်တဲ့ စာချုပ်လည်းဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး (GDP) ရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့ကုန်သွယ်မှု စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းကို ကိုယ်စားပြုတာကြောင့် ကမ္ဘာ့အကြီးဆုံး FTA အဖြစ် တင်စားတာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ ကုမ္ပဏီဥပဒေနဲ့အညီ လုပ်ငန်းမှတ်ပုံတင်ပြီး ရင်းနှီးမြှုပ်နှံ ဆောင်ရွက် မယ်ဆိုရင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထား တဲ့ လွတ်လပ်သော ကုန်သွယ်မှု ဒေသနဲ့ဆိုင်တဲ့ အခွင့်အရေးတွေကို သက်ဆိုင်ရာစာချုပ်ပါ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသ (FTA)လို့ လူတိုင်းသိနေတဲ့ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၇ ခု ကို လက်မှတ်ရေးထိုးပြီး လိုက်ပါ အကောင်အထည် ဖော်နေတဲ့နိုင်ငံပါ။ ဒါက ဘာကိုပြသလဲဆိုရင် နိုင်ငံ တကာ သဘောတူညီချက် မူဘောင်တွေနဲ့အညီ မြန်မာနိုင်ငံရဲ့ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍဟာ ကောင်းကောင်း ပါဝင်ဆောင်ရွက်နေတာကို ပြတာ ပါ။ ဒါကိုလည်း ရုရှားတွေက သိပါတယ်။
ဆွေးနွေးပွဲမှာ ဘာတွေ စိတ်ဝင်တစားဆွေးနွေးကြလဲ
ဒီနေရာမှာ မေးစရာရှိတာက ရုရှားတွေကို ဖိတ်ခေါ်နေတာ သူတို့က စိတ်ဝင်စားပါ့မလားဆိုတဲ့ မေးခွန်း ရှိလာနိုင်ပါတယ်။ စက်တင်ဘာလ ၂၈ ရက် နေ့က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုပိုင်း၊ ဘဏ္ဍာရေးနဲ့ ငွေကြေးပိုင်း၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ စက်မှု၊ ကုန်ထုတ်လုပ်မှု စတဲ့ကဏ္ဍအသီးသီးက အစိုးရနဲ့ ပုဂ္ဂလိက ဦးဆောင်သူတွေဟာ မြန်မာ နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် သူတွေ၊ မြန်မာနဲ့ ကုန်သွယ်မှုပြုမယ့် သူတွေ အတွက် လုပ်ငန်းတွေ လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးနေတာတွေကို ဥပဒေမူဘောင်ပိုင်း အရ ပြုပြင်ပြောင်းလဲမှု၊ လုပ်ထုံးလုပ်နည်းပိုင်း ပြုပြင်ပြောင်းလဲမှုတွေကို ရှင်းပြခဲ့တာ တွေ့ရပါ တယ်။ ရုရှားဘက်က လုပ်ငန်းရှင်တွေကလည်း စိတ်ဝင်တစား မေးမြန်းကြလို့ အစီအစဉ်ကြီးကြပ်သူ Moderator ကိုယ်တိုင် က အချိန်အကန့်အသတ်ရှိလို့ နောက်မှ စာနဲ့ ဖြေကြားဆက်သွယ်ကြဖို့ ညှိနှိုင်း စီစဉ်ပေးခဲ့ရတယ်လို့လည်း ကြားရပါတယ်။
မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ပုံရိပ်ကို ထူးခြားပြောင်းလဲတိုးတက်အောင် ၁၀ စုနှစ် တစ်ခု ကျော် ကိုယ်တိုင်ပုံဖော်ထုဆစ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကတော့ သူ့ရဲ့ အဖွင့်အမှာစကားမှာ ကိုဗစ်ကာလအလွန် မြန်မာ နိုင်ငံအတွက် ကမ္ဘာ့ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု စနစ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ခုကို ထူထောင်ဖို့ ကြိုးစား နေတဲ့ သူ့ရဲ့ အစီအစဉ်တွေကို ရှင်းပြခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အစိုးရဌာနတွေ နဲ့ ထိတွေ့ လုပ်ဆောင်ရတဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ် စေဘဲ ရိုးရှင်းလွယ်ကူစေရမယ်၊ ရင်းနှီးမြှုပ်နှံမှု ကာလတစ်လျှောက်လုံးမှာလည်း ဥပဒေနဲ့အညီ စောင့်ရှောက်မှုတွေ ရစေရမယ်၊ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ပါမစ်/ လိုင်စင် နဲ့ ထောက်ခံချက်တွေ ရယူရာမှာ အတတ်နိုင်ဆုံး Online ဝန်ဆောင်မှု ပေးနိုင်အောင် လုပ်ဆောင်နေတယ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာလည်း ပွင့်လင်း မြင်သာမှုရှိစေရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါတွေကို မကြာခင်မှာ အတည်ပြု ထုတ်ပြန်မယ့် ကိုဗစ်အလွန် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကာလလတ်စီမံကိန်းလို့ ခေါ်ဆိုရမယ့် မြန်မာ့စီးပွား ရေးပြန်လည်ဦးမော့စေရေးစီမံချက် (Myanmar Economic Recovery Plan)နဲ့အတူ အကောင် အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်က ဒုတိယညွှန်ကြားရေးမှူး ချုပ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ပေးထားတဲ့ အခွင့် အရေးတွေ၊ နှစ်ရှည်မြေငှားရမ်း လုပ်ကိုင်နိုင်တဲ့ အခြေအနေတွေ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ (One Stop Service) ဖွဲ့စည်းပြီး အခွန်ကင်းလွတ်ခွင့်ကိစ္စ၊ ပို့ကုန်သွင်းကုန်ကိစ္စ၊ ပြည်ပကျွမ်းကျင်သူပညာရှင် ခန့်ထားရေးကိစ္စတွေကို တစ်နေရာတည်းမှာ ပြီးစီး အောင် ဆောင်ရွက်ပေးနေမှုတွေ၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ လိုင်စင်/ ပါမစ်တွေကို ရယူရာမှာ တင်ပြရတဲ့ စာရွက်စာတမ်း အထောက်အထားတွေ၊ ကြာမြင့်ချိန်တွေကို လျှော့ချဖို့ စီစဉ်ဆောင်ရွက်ထား တာတွေအပြင် ဌာနနဲ့ဆက်ဆံရတဲ့ လုပ်ငန်း တော်တော်များများကို ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး Online ကပဲ ဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေမှုတွေကို ရှင်းပြခဲ့တာ တွေ့ရပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ၊ မြန်မာနိုင်ငံမှာ ကုမ္ပဏီထောင်ပြီး ပို့ကုန်သွင်းကုန်လုပ်ဆောင်မယ့် သူတွေကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စည်းမျဉ်းတွေ၊ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ် တွေနဲ့အညီ ဖြေလျှော့ဆောင်ရွက်ပေးနေတာတွေ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထုတ်လုပ်တဲ့ မြန်မာ့ ပို့ကုန်တွေကို အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ နိုင်မယ့် အခွင့်အရေးတွေကို ရှင်းပြခဲ့တာ တွေ့ရပါ တယ်။ သတိထားမိတာ တစ်ခုကတော့ မြန်မာနိုင်ငံ အနေနဲ့ ပို့ကုန်နဲ့ပတ်သက်လို့ အကောက်ခွန်လိုင်း အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းပဲ ပို့ကုန်လိုင်စင် လျှောက်ဖို့လိုပြီး သွင်းကုန်မှာလည်း အကောက်ခွန် လိုင်းအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကိုပဲ သွင်းကုန် လိုင်စင်လျှောက်ဖို့လိုတာ တွေ့ရတဲ့အတွက် ကုန်သွယ်မှုမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့နဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု စာချုပ် တွေနဲ့အညီ ဖြေလျှော့မှုတွေ ပေးထားတာ တွေ့ရပါ တယ်။ ဒါ့အပြင် Myanmar TradeNet 2.0 စနစ်ကို ထူထောင်ပြီး ၂၀၂၀ ပြည့်နှစ်ထဲက ပို့ကုန်/ သွင်းကုန် နဲ့ ပတ်သက်တဲ့ လိုင်စင်/ပါမစ်တွေကို Online ကနေ အချိန်မရွေး၊ နေရာမရွေး လျှောက်ထားရယူနိုင် တာကိုပါ ရှင်းပြခဲ့ပါတယ်။
ကဏ္ဍ ၅ ခုကို ဦးတည်ဆွေးနွေး
B2B ဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြားမှာ အထူး စိတ်ဝင်စားပြီး ကာလတိုအတွင်း ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ဘဏ်နဲ့ ငွေကြေးကဏ္ဍ၊ လယ်ယာသားငါးကဏ္ဍ၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ၊ စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ သတ္တုကဏ္ဍ တွေကို အဓိက ဆွေးနွေးခဲ့ကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ်နဲ့ ငွေကြေးကဏ္ဍမှာ ရုရှား လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ စိတ်ဝင်စားရတဲ့ အဓိကအကြောင်းရင်းကတော့ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်လုပ်ဆောင်တဲ့အခါ ငွေပေးငွေယူကိစ္စတွေ၊ ချေးငွေအပါအဝင် ငွေကြေးအရင်းအနှီးရယူတဲ့ ကိစ္စ တွေမှာ လွယ်ကူလျင်မြန် ချောမွေ့စေဖို့ အဓိကပဲ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လယ်ယာ ထွက်ကုန်တွေကို ရုရှားက ဝယ်ယူဖို့၊ အထူးသဖြင့် ရုရှားဘက်မှာ ဈေးကွက်ရှိပြီး မြန်မာ့ ပေါင်းဆန်ကို နှစ်ဖက် MoU ထိုးပြီး ပေးပို့နိုင်ဖို့၊ ရုရှားတွေ အဓိက ကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍမှာလည်း မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ရှင်းလင်းဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ရဲ့ ငါးနဲ့ ရေထွက်ကုန်တွေကို ရုရှားဈေးကွက်ကို တိုးမြှင့်တင်ပို့နိုင်မယ့် အခွင့်အလမ်းတွေကိုလည်း မြန်မာနိုင်ငံ ရေထွက်ပို့ကုန်အသင်း၊ ငါးလုပ်ငန်း ဦးစီးဌာနက ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြ တာ တွေ့ရပါတယ်။
တကယ်တော့ ရုရှားတွေနဲ့ မြန်မာတွေ စိတ်ဝင်စားတဲ့ စီးပွားရေးနယ်ပယ်တွေက ကျန်ပါ သေးတယ်။ အဲဒါတွေက ကျန်းမာရေးဝန်ဆောင်မှုနဲ့ ဆေးဝါးထုတ်လုပ်ရေး၊ ခရီးသွား၊ သတင်းနဲ့ နည်း ပညာ (ဒစ်ဂျစ်တယ်စီးပွားရေး)၊ မော်တော်ယာဉ် ထုတ်လုပ်မှု၊ အခြေခံအဆောက်အဦနဲ့ စက်မှုကဏ္ဍ တို့ ဖြစ်ပါတယ်။ ရုရှားလုပ်ငန်းရှင်တွေက မြန်မာ နိုင်ငံကိုလာပြီး သူတို့နဲ့အတူ တွဲလုပ်မယ့် မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူကိုယ်တိုင်တွေ့ပြီး ဆွေးနွေးချင်သလို မြန်မာနိုင်ငံက အစိုးရဌာန တာဝန်ရှိသူတွေကိုလည်း ကိုယ်တိုင်တွေ့ပြီး သူတို့ သိချင်တဲ့ ဘဏ်ကိစ္စ၊ ငွေကြေးကိစ္စတွေ၊ လယ်ယာ ထုတ်ကုန်အရည်အသွေးကိစ္စတွေ၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်တင်ဒါကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရပေးတဲ့ အခွင့်အလမ်းနဲ့ အကာအကွယ် တွေကိုလည်း မေးမြန်းချင်နေကြတာပါ။ ဒီတစ်ချိန် ကတော့ ကိုဗစ်-၁၉ ကန့်သတ်ချက်နဲ့ အချိန် ကန့်သတ်ချက်ကြောင့် ကဏ္ဍ ၅ ခုပဲ ဆွေးနွေးခဲ့ကြ ပါတယ်။ ဒီအတွက်လည်း ကျန်တဲ့ကဏ္ဍတွေအတွက် နှစ်ဖက် စီးပွားရေး ဆွေးနွေးပွဲတွေကို မကြာခင်မှာ ထပ်ပြီး လုပ်ဆောင်ဖို့ သဘောတူထားတယ်လို့လည်း သိရပါတယ်။
တကယ်တော့ အပြောင်းအလဲတိုင်းမှာ အခွင့် အလမ်းတွေ ကြီးကြီးမားမား ရှိနေတတ်တဲ့ သဘာဝ ကို ကျွန်မ အထက်မှာ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအပေါ် အကောင်းဘက်က ရှုမြင်ပြီး ပေးလာတဲ့ အခွင့်အလမ်းကောင်းတွေကို အမိအရ ဆုပ်ကိုင်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာနဲ့ ရုရှား စီးပွား ရေးလုပ်ငန်းရှင်တွေအနေနဲ့ နှစ်နိုင်ငံ ပြည်သူများရဲ့ အကျိုးစီးပွားကို အောင်မြင်အောင် ဆောင်ရွက်နိုင် မယ်လို့ ယုံကြည်မျှော်လင့်မိပါကြောင်း ရေးသား လိုက်ရပါတယ်။ ။
- Log in to post comments