
ပီမိုးနင်း
====
အချို့သောသူများကို အသင် တွေ့ကြုံစကားပြောရ သည့်အခါ အထပ်ထပ်တွေ့ချင်သောစိတ် ရှိဖူးပေ လိမ့်မည်။ ဤကား ရုပ်ရည်နှင့်မသက်ဆိုင် ခင်မင် ခြင်းတစ်မျိုး ဖြစ်လေသည်။ အဘယ်သို့သောအခြင်း အရာဟု အသင်သတိပြုမိပါရဲ့လား။
သတိမပြုမိက သံလိုက်ဓာတ်၊ ညှို့ဓာတ်ကျမ်း များကို တွေးမိပေလိမ့်မည်။ စကားပြောသည့်အခါ တစ်ဖက်သား၏ နှာခေါင်းအရင်းကို ကြည့်၍ပြော၊ သံလိုက်ဓာတ်အားကောင်းအောင် အသက်ကို အဘယ်လိုရှူ၊ အဘယ်လို (Affirmation) ဂါထာကို ရွတ် ဟူသောနည်းများဟု မှတ်ထင်ကောင်း မှတ်ထင်မိပေလိမ့်မည်။
ဤကဲ့သို့ မှတ်ထင်မိချေက ၎င်းတို့၏လျှို့ဝှက် သောနည်းကို မသိဟု မှတ်ရမည်။ အချို့သော လူများသည် ရုပ်ရည်သားနားခံ့ညား၏။ အချို့ကား ငွေကြေးပေါများ၏။ သို့ပါလျက် ၎င်းတို့လို ငွေကြေးမပေါများ၊ ရုပ်ရည်လည်း မခံ့ညားသူအချို့ မှာ ၎င်းတို့ထက် ချစ်ခင်သူ ပိုမိုများပြားကြလေသည်။ အဘယ်လို သံလိုက်ဓာတ်မျိုးနည်း။
ချစ်ခင်သူများသောသူများသည် ပေါင်းသင်း ဆက်ဆံနည်းစနစ်ကို သိသူများဖြစ်ကြလေသည်။ အဘယ်အရာမှာမဆို စနစ်ရှိ၏။ စနစ်ကိုမသိက အဖြစ်မရှိဟု မှတ်ရမည်။
အများအထင်အရ မျက်နှာ ချိုချိုပြုံးပြုံးလေး နှင့် ဟုတ်ပါ့၊ မှန်ပါ့၊ မိန့်တိုင်းပါ၊ မှတ်ပါတယ်၊ ကောင်းလှပါပြီ၊ အမိန့်ရှိပါဦး ဟူသောစကားမျိုးကို သုံးတတ်လျှင် လူပေါင်းတတ်ပြီ၊ လူဝင်ဆံ့ပြီဟု မှတ်ထင်ကြ၏။ အချို့လည်း မြှောက်ပင့်ကြ၏။ အချို့လည်း လိုက်လျောကြ၏။ အချို့လည်း တစ်ဖက်သားပြောသမျှကို သဘောကျဟန်နှင့် ရယ်မောကြ၏။ ကျွန်ုပ်တို့ကိုယ်တိုင် တွေ့ကြုံဖူး သည်မှာ တစ်စုံတစ်ရာပြောမည်ဟု စကားစရုံမျှနှင့် ဟုတ်လိုက်တာ၊ ဟားဟားဟားဟားဟု လက်ခုပ် လက်ဝါးတီး၍ ရယ်သူတစ်ယောက်ကို တွေ့ဖူးခြင်း ဖြစ်လေသည်။
ဤသူသည် လူပလီလူညာ၊ အဟုတ်တကယ် မူပါ၍ သဘောကျရယ်သောသူ မဟုတ်၊ လိုက်သူ ရောသူဖြစ်ကြောင်း ကောင်းစွာသိလိုက်လေသည်။
အချို့ကား ပေါင်းသင်းဆက်ဆံရာ၌ မိမိတို့၏ အစွမ်းကိုလည်းကောင်း၊ တတ်သိလိမ္မာခြင်းကို လည်းကောင်း ပြချင်သောသတ္တိကို ဖုံးဖိကွယ်ကာ ခြင်း မပြုနိုင်ကြပေ။ အချို့ကား မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ပတ်သက်သမျှကို ပြောပြတတ်ကြ၏။ အချို့ လည်း လူပေါင်း လေး၊ ငါးယောက် စကားပြောကြရာ ၌ ကုပ်ကုပ်ရုပ်ရုပ်နှင့် မထင်မရှားနေတတ်သူ တစ်ယောက်ကို အနုပ်စုတ်ကုပ်စုတ်ထင်ကာ စကား ပြောရာ၌ ထိုလူမျိုးကို အရေးမစိုက်၊ ပိုမိုသားနားသူ များကိုသာ အာရုံစိုက်၍ ပြောတတ်ကြလေသည်။
တစ်ရံသောအခါ ဆွမ်းကျွေးသော အိမ်တစ်အိမ် ၌ ထမင်းစားပြီးနောက် ဝိုင်း၍စကားပြောကြရာ ဌာနအုပ်တစ်ယောက်ပါဝင်၏။ ၎င်းသည် ပုလိပ် အရာရှိဖြစ်သောကြောင့် လူဆိုး၊ သူဆိုးများနှင့် ပုလိပ် များအကြောင်းကိုပြောရာ၌ အတော်နားထောင်၍ ကောင်း၏။ စာရေးသူလည်း စကားနားထောင်သူအထဲ တွင်ပါဝင်၏။ သို့သော်လည်း သားနားစွာမဝတ်၊ ဆံပင်မှမလိမ်းမဖြီး၊ ရှပ်အင်္ကျီနှင့် လုံချည်တစ်ပတ်နွမ်း ကိုဝတ်၏။ သို့အတွက် ၎င်းလူသည် စကားပြောရာ၌ ကျွန်ုပ်ဘက်ကို တစ်ကြိမ်တစ်ခါမှ မျက်နှာမလှည့်။ အခြားလူများကိုသာ ဂရုစိုက်ပြော၏။
၎င်းစကားဆုံး၍ ပြန်ကြခါနီးသောအခါ ၎င်း ပြောသောစကားများနှင့်ပတ်သက်၍ (Comments) စကားသုံး၊ လေးခွန်းကို ပြောသောအခါ မလေးမစား လောက်သူမဟုတ်ကြောင်းကို သိသဖြင့် မရဲတရဲ ကြည့်နည်းမျိုးနှင့် ကျွန်ုပ်ကိုကြည့်ကာ ကျွန်ုပ်၏ စကားကို ထောက်ခံ၏။ ထိုအတွင်း လခနှစ်ရာကျော် ရသော စာရေးကြီးက ကျွန်ုပ်ကို ဆရာဟုခေါ်ကာ စကားတစ်ခုကိုပြောရာ ဌာနအုပ်မျက်နှာပျက်လျက် မနေတတ် မထိုင်တတ်ဖြစ်၍နေပြီး မကြာမီ ထ၍ သွားလေသည်။
ဤကဲ့သို့ တစ်ယောက်ယောက်အပေါ်မှာ အထင်သေးခြင်း၊ ငါ့လောက်မတန်ဟု မှတ်ထင်ခြင်း သည်လည်း အချို့သောသူများ၌ အပြစ်ကြီးတစ်ခုဖြစ် လေသည်။
အချို့လည်း တွေ့ကြုံပေါင်းသင်းရာ၌ ငါ့ကို ဂရုစိုက်ကြရဲ့လား။ ငါ့ကို ဘယ်လိုများထင်ကြသလဲ ဟူသောအတွေးမျိုးများ စိတ်ထဲ၌ မှိုင်းမှုန်၍နေရာ မျက်နှာမှာလည်း ရန်ငြိုးသလိုဖြစ်၍ နေတတ်လေ သည်။
အတိုချုပ်နည်းမှာ ပေါင်းသင်းဆက်ဆံရန် အများခင်မင်လေးစားစေလိုက မိမိနှင့်ပတ်သက်သော အကြောင်းဟူသမျှ ဂရုမစိုက်ခြင်း၊ ကိုယ်တိုင်ကိုထက် သူတစ်ပါးကို ပိုမို၍အရေးယူခြင်း၊ မပျင်းမရိအောင် လုပ်တတ်ခြင်းဖြစ်လေသည်။ သိသိသာသာ လိုက်လျောခြင်း၊ ပလီခြင်း၊ မြှောက်ပင့်ခြင်းများသည် အစစ်မဟုတ်သဖြင့် အတန်ကြာလျှင် ပေါ်ပေါက်တတ် လေသည်။
သူတစ်ပါးပြောသော အကြောင်းအရာများကို အဘယ်မျှပင် ငြီးငွေ့ဖွယ်ဖြစ်စေကာမူ အရေးတယူ ဂရုစိုက်၍နားထောင်ခြင်း၊ စိတ်ငယ်ခြင်း၊ ရှက် ကြောက်ခြင်း၊ မနာလိုခြင်း စသည့်စိတ်များကင်းခြင်း၊ သူတစ်ပါးစကား၌ ကူညီထောက်ပံ့အားရှိစေခြင်း၊ ဆိုလိုရင်းကား တစ်ဖက်သား စကားပြောအားမရှိ အောင် ပြုလုပ်ပြောဆိုခြင်း၊ မျက်နှာထားခြင်းများကို ရှောင်ကြဉ်ရာ၏။
ပရိသတ်အလယ်၌ မည်သူမဆို အရေးအရာ ရောက်လိုသောစိတ်ရှိ၏။ ထိုစိတ်ကို အမူအရာ၊ အပြောအဆိုဖြင့် အားပေးရာ၏။ ဥပမာ-ညစာစားပွဲ အပြီး၌ တစ်စုံတစ်ယောက် ထ၍စကားပြောရာ ၎င်းပြောသူမှာ အစဖြစ်သဖြင့် မရဲတရဲကြောက်ရွံ့စွာ ဆိုင်းငံ့ထစ်ငေါ့စွာပြောအံ့။ အားပေးသော အမူအရာ နှင့် နားထောင်ရာ၏။ အတန်ငယ်မျှကောင်းသော စကားလုံးများပါလျှင် သဘောကျလှသဖြင့် ခေါင်းညိတ်အားပေးခြင်း၊ လက်ခုပ်တီးခြင်း စသည့် နည်းမျိုးကို သုံးရမည်။
သူတစ်ပါးနှင့်ပတ်သက်သော အကြောင်းအရာ များကို ဂရုစိုက်ရမည်။ အရင်တစ်ကြိမ် တွေ့ကြုံကြစဉ် က တစ်ယောက်ထံမှ ကြားရသောအဖြစ်အပျက် တစ်ခုခုကို မမေ့ကြောင်းပြရမည်။ ဥပမာ-တစ်ယောက် ယောက်မှာ အစေခံကောင်းကောင်းတစ်ယောက်ကို လို၍နေကြောင်းသိရအံ့။
နောက်တစ်ကြိမ်တွေ့ရသောအခါ အစေခံရပြီ လား။ ဘယ်မှာတော့ ကျုပ်သတင်းရထားတယ်။ မှာလိုက်ရမလား၊ ကလေး ဝက်သက်ပေါက်နေတယ် ဆိုတာ အခုသက်သာလား။ ဘယ်ဆရာဖြင့် အင်မတန် တော်တယ်ကြားတယ် ဟူသောနည်းသည် တစ်ဖက် သားကို ခင်မင်ဂရုစိုက်ကြောင်း ပြခြင်းပင်ဖြစ်လေ သည်။
မိမိနားမလည် မတတ်မသိသော လက္ခဏာကို ရိုးမှန်စွာပြ၍ သိချင်စိတ်နှင့် မေးမြန်းစုံစမ်းခြင်း၊ ဥပမာ ဆင်းရဲသားဝါဒနှင့်ပတ်သက်၍ နောက်ဆုံးပေါ် သော အကောင်းဆုံးသော ကျမ်းတစ်စောင်လောက် နာမည်ကြားသိဖူးရင် ပြောစမ်းပါဟူသော တောင်းပန် နည်းမျိုး၊ တပည့်ခံနည်းမျိုးသည် ဆရာတင်ခြင်း၊ မိမိထက် ဗဟုသုတပိုခြင်းပြသဖြင့် တစ်ဖက်သားအား အရေးပါအရာရောက်အောင် ချီးမြှင့်ခြင်းဖြစ်လေ သည်။
သို့သော်လည်း ၎င်း၏ဝါသနာ၊ ၎င်းကျွမ်းကျင်ရာ ကိုသာ မေးရမည်။ သတင်းစာ၊ မဂ္ဂဇင်း၊ ကမ္ဘာပေါ်၌ နောက်ဆုံးပေါ်ပေါက်ဖြစ်ပျက်ခြင်းများအကြောင်းကို သိ၍ထားရမည်။ အကြောင်းမူကား စကား ပြောကြရာ၌ တစ်ခါတစ်ခါ ပြောစရာစကားမရှိသဖြင့် ဆိတ်ငြိမ်၍နေကြရသည်မှာ အတော်ကြီးသော ဝန်လေးခြင်းတစ်ခုဖြစ်ရာ ဗဟုသုတများသူ၊ စာ အဖတ်များသူတို့သည် ထိုအခါမျိုး၌ အများဂရုစိုက်၍ နေသော အကြောင်းအရာတစ်ခုခုကို စ၍ပေးနိုင်လေ သည်။
သို့သော်လည်း မိမိက ဆက်လက်၍မပြောဘဲ အခြားသူများပြောသည်ကို နားထောင်သူအဖြစ်နှင့် နေရမည်၊ စကားပြတ်၍ တိတ်ဆိတ်လျက် မနေကြ ရအောင်သာ မိမိက စကားစရှာ၍ ပေးသူအနေနှင့် နေရမည်။ အပြောများခြင်းထက် နားထောင်ခြင်းက ပို၍ခရီးရောက်လေသည်။
ဘားမားဂျာနယ်၊ အမှတ် ၅၄၊ ဝါဆိုလဆန်း ၅ ရက်၊ ၁၂၉၉
- Log in to post comments