အဖိုးတန်ရေချိုကို တန်ဖိုးထားသုံးစွဲရန်လို

 

မြန်မာနိုင်ငံသည် ရေသယံဇာတအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး ရေချိုထုတ်ယူနိုင်မှုတွင် ကမ္ဘာ့အဆင့် ၈ ရှိသည် ဟု   ဆိုသည်။   လူတစ်ဦး  တစ်နေ့အတွက်  ရေချိုရရှိမှုကို အိမ်နီးချင်းနိုင်ငံအချို့နှင့်  နှိုင်းယှဉ်ပါက  အိန္ဒိယက  ၁၅၆ ကုဗပေ၊  ထိုင်းက  ၃၂၀  ကုဗပေရရှိပြီး   မြန်မာက  ၁၀၃၂  ကုဗပေရရှိနေခြင်းဖြစ်သည်။ ဤသည်မှာ လူတစ်ဦးချင်း ပျမ်းမျှရရှိမှု ကိန်းဂဏန်းပမာဏများသာဖြစ်ပြီး ဒေသအလိုက် အားဖြင့်   မိုးရာသီကုန်ဆုံးသည်နှင့်  ရေအတွက်  ရတက်ပွေ ကြရသည့် ဒေသများစွာတို့ ရှိနေသည်ကိုလည်း တွေ့နိုင်သည်။
အာကာသမှကြည့်လျှင်  အပြာရောင်ဂြိုဟ်ကြီးတစ်လုံး အဖြစ် တွေ့မြင်ရသည့် ကမ္ဘာကြီး၏ မျက်နှာပြင်အများစုကို ရေများဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သော်လည်း လူသားတို့ အသုံး ပြုနိုင်သည့် ရေချိုပမာဏမှာ တစ်ရာခိုင်နှုန်းမျှသာရှိသည်။ အဆိုပါ ရေချိုပမာဏသည်ပင်လျှင် ကမ္ဘာ့ရာသီဥတုပြောင်းလဲ လာခြင်း၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးလာခြင်း၊ ရှိရင်းစွဲ ရေချိုအရင်းအမြစ်များ တည်တံ့အောင် မထိန်းသိမ်းနိုင်ခြင်း၊ မြို့ပြဒေသများတွင်   ရေဆိုးစွန့်ပစ်မှုစနစ်နှင့်  မိလ္လာစနစ်တို့  ညံ့ဖျင်းခြင်း၊    အမှိုက်များ   မဆင်မခြင်စွန့်ပစ်ခြင်း   စသည့် အကြောင်းရင်းများစွာတို့ကြောင့်   ရေချိုအရင်းအမြစ်များ ပျက်စီးလျော့နည်းလျက်ရှိရာ ကမ္ဘာ့လူဦးရေ သန်း ၇၀၀ ခန့်မှ သည်  သန်း  ၁၀၀၀  ခန့်အထိ ရေရှားပါးမှုဒဏ်ကို ခံစားနေ ကြရသည်။
“ရေသုံးစွဲမှုနှင့် ပတ်သက်၍ အဖိုးတန်ရေချိုကို ချွေတာ သုံးစွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရေကို အကျိုးရှိရှိဖြင့် လိုအပ် သည့် ပမာဏကိုသာ အသုံးချရန်လိုကြောင်း၊ ရေနှင့်ပတ်သက် ၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊   သစ်ပင်သစ်တောရှိရမည့် နေရာတွင်   သစ်ပင်ရှိစေရေး   သက်ဆိုင်ရာဒေသနှင့် ဝန်ကြီး ဌာနများက     ဆောင်ရွက်ရမည်ဖြစ်ကြောင်း”    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ          နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌ များအား   တွေ့ဆုံလမ်းညွှန်အမှာစကား   ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ  နိုင်ငံတစ်ဝန်းတွင်  ဒေသအလိုက် တည်ရှိနေသည့်    အဖိုးတန်ရေသယံဇာတအရင်းအမြစ်များ မပျက်စီးရေးအတွက်     ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု များကို  ထိရောက်စွာ  ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ရေဝေရေလဲဒေသများ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင် သစ်တောများ   ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သကဲ့သို့ သစ်တောပျက်စီး     ပြုန်းတီးသည့်    နေရာများတွင်လည်း ပြန်လည်စိုက်ပျိုးသွားရန် လိုအပ်သည်။
ကမ္ဘာတွင်    လူဦးရေတိုးလာနေသကဲ့သို့   ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကလည်း ဖြစ်ပေါ်လျက်ရှိရာ အနာဂတ် တွင် ရေသည် ရှားပါးအဖိုးတန်သည့် သယံဇာတဖြစ်လာမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးဧကတိုးတက်ရေး   ဆောင်ရွက်ရာတွင်  စိုက်ပျိုးရေ အတွက် ရေအရင်းအမြစ်များမှာ ပိုမို၍အရေးပါလျက်ရှိသည်။ မိမိတို့တွင် ရှိပြီးဖြစ်သော  ရေချိုသယံဇာတအရင်းအမြစ်များ ကို  တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့်  အနာဂတ် တွင်  စားရေရိက္ခာအတွက်  ကြောင့်ကြမှုကင်းကာ ဖူလုံပြည့်စုံ နိုင်မည်ဖြစ်ပါကြောင်း။      ။