
ယုဇနမြင့်အောင်(ကုန်သွယ်ရေးဦးစီးဌာန)
ကော်ဖီသောက်သုံးမှုအများဆုံးနိုင်ငံများသို့ တင်ပို့မှု
ဂျပန်နိုင်ငံ၏ကော်ဖီသောက်သုံးမှု
ဂျပန်နိုင်ငံသည် အရည်အသွေးမြင့်ကော်ဖီကိုသာ ရွေးချယ်သောက်သုံး ပြီး ကော်ဖီသောက်သူများစာရင်းတွင် တတိယနေရာ၌ရပ်တည်နေ သည်။ အသက် ၂၅ နှစ်မှ ၅၉ နှစ် ကြားရှိလူများသည် တစ်ပတ်လျှင် ကော်ဖီ ၁၀ ခွက်ကျော် သောက်သုံးကြပြီး လူတစ်ဦးသည် တစ်နှစ်လျှင် နှစ်ကီလိုကျော်လောက် သောက်သုံးကြသည်။ အာရှတိုက်၏ ကော်ဖီ တင်ပို့မှုအများဆုံးဈေးကွက်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ နိုင်ငံအလိုက် ကော်ဖီတင်သွင်းမှု အဆင့်သတ်မှတ်ချက်တွင် ဘရာဇီး၊ ကိုလံဘီယာနှင့် ဗီယက်နမ်နိုင်ငံတို့သည် ပထမ၊ ဒုတိယနှင့် တတိယ နေရာတို့ ရရှိထားပြီး မြန်မာနိုင်ငံသည် အဆင့် ၃၄ နေရာတွင် ရပ်တည် နေသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကော်ဖီသောက်သုံးမှုအတွက် ၂၉ ဒသမ ၉ မီလီယံသုံးစွဲခဲ့သည်။ ထိုသို့သောက်သုံးမှုသည် ၂၀၂၀− ၂၀၂၅ အတွင်း ၃ ဒသမ ၅ ဆနီးပါး တစ်နှစ်ထက်တစ်နှစ် များလာနိုင်မည်ဟု ခန့်မှန်း လျက်ရှိသည်။
ဂျပန်အစိုးရသည် လူစည်ကားရာနေရာများတွင် ဒေသထွက်ကုန် များ ရောင်းချသော antenna shop များကို နိုင်ငံအနှံ့ ဖွင့်လှစ်ပေးထား သည်။ အဆိုပါဆိုင်များတွင် မဲခေါင်ဒေသထွက်ကုန်စည်များကို ပါဝင် ရောင်းချခွင့်ပြုထားသဖြင့် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သော လာအို၊ ဗီယက်နမ်နှင့် ထိုင်း၊ ကမ္ဘောဒီးယားတို့သည် ၎င်းတို့နိုင်ငံထွက် ကော်ဖီများကို ရောင်းချလျက်ရှိသည်။ ဂျပန်အစိုးရအား မဲခေါင်ဒေသ တွင်း နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံကိုလည်း အခြားနိုင်ငံများနှင့် တန်းတူထား၍ antenna shop များတွင် မြန်မာ့ကော်ဖီများ ရောင်းချ ခွင့် ခွင့်ပြုပေးရန် တောင်းဆိုတင်ပြနိုင်လျှင်၊ ရောင်းချလိုသူများ၏ လိုအပ် ချက်များကို ပံ့ပိုးပေးနိုင်ခဲ့လျှင် ရလဒ်ကောင်းများ ရရှိနိုင်ဖွယ်ရှိသည်။
အကျိုးရလဒ်ကောင်းများရရှိမည်
တိုကျိုမြို့၏ လူစည်ကားလှသော ရှင်ဂျူကုဘူတာအနီးတွင် “အောင်ကော်ဖီဆိုင်”ကို ဖွင့်လှစ်ထားသည်။ ဂျပန်လူမျိုးဆိုင်ပိုင်ရှင် သည် ၎င်း၏မွေးနံနှင့် ကိုက်ညီပြီး လုပ်ငန်းအောင်မြင်တိုးတက်စေရန် ရည်ရွယ်၍ အဆိုပါအမည်ကို ပေးထားခြင်းဖြစ်သည်။ ဆိုင်တွင် မြန်မာမှုအပြင်အဆင်များ ခင်းကျင်း၍ ကော်ဖီနှင့်အတူ ရွှေကြည် ဆနွင်းမကင်းကဲ့သို့ မြန်မာမုန့်များကို စားသုံးနိုင်စေရန် ဆောင်ရွက် ထားသည်။ ယင်းဆိုင်တွင် ပြင်ဦးလွင်၊ မိုးကုတ်၊ သံတောင်နှင့် ရှမ်း ပြည်နယ်ထွက်ကော်ဖီများကို ရောင်းချသော်လည်း ရှမ်းပြည်နယ်ထွက် ကော်ဖီအရသာကို ဂျပန်လူမျိုးတို့ အများဆုံးနှစ်ခြိုက်ကြသည်။ ထို့ကြောင့် ရှမ်းပြည်နယ်ဒေသထွက် ကော်ဖီများကို ပိုမိုတင်သွင်း နိုင်ပါက အကျိုးရလဒ်ကောင်းများ ရရှိမည်ဖြစ်သည်။
ရုရှားနိုင်ငံ၏ကော်ဖီသောက်သုံးမှု
ရုရှားနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်မှ စတင်၍ နိုင်ငံအတွင်း ကော်ဖီ သောက်သုံးမှု တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ကမ္ဘာ့ကော်ဖီသောက် သုံးမှု အများဆုံးနိုင်ငံများစာရင်းတွင် စတုတ္ထမြောက်နေရာတွင် ရပ်တည်နေပြီး ဥရောပတွင် ကော်ဖီသောက်သုံးမှု အများဆုံးနိုင်ငံ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ၁၈၆ တန် တင်သွင်းခဲ့သည့်အနက် အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယအများဆုံးဖြစ်သည်။ ထိုသို့တင်သွင်းရာတွင် ကော်ဖီစိမ်းတင်သွင်းမှု အများဆုံးဖြစ်၍ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တင်သွင်းထားသည့် ကော်ဖီစိမ်းများမှ အသင့်သောက်ကော်ဖီများကို ပြန်လည်တင်ပို့ ကြရာ ၂၀၁၅ ခုနှစ်မှစတင်၍ နှစ်စဉ် ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက် လာခဲ့ရာ နိုင်ငံအလိုက် စာရင်းတွင် အဆင့် ၇ နေရာ၌ ရပ်တည်နေသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးမှုအများဆုံးမျိုးဖြစ်သည့် အာရေးဗီးယားကော်ဖီ ကို နှစ်စဉ် ၁၂ ရာခိုင်နှုန်းတိုး၍ လက်ခံတင်သွင်းနေသည်။ ထို့အပြင် ရုရှားနိုင်ငံသည် Eurasian Economic Union တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်ရာ အဆိုပါအဖွဲ့မှ Eurasian Economic Union's Common System Of Tariff Preferences ကို မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးအပ်လျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ ပို့ကုန်များ တင်ပို့ရာတွင် အကောက်ခွန် ကင်းလွတ်ခွင့် ဖြင့် တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါ သည်။ သို့ဖြစ်ရာ ကော်ဖီစိမ်းတင်သွင်းမှု အလျင်အမြန် တိုးတက်လာခြင်းသည် မြန်မာ နိုင်ငံကဲ့သို့ ကုန်ကြမ်းတင်ပို့မှုများသော နိုင်ငံအတွက် အခွင့်အလမ်း ကောင်းဖြစ်သည်။ လက်ရှိကာလတွင်လည်း ကော်ဖီစိမ်းဝယ်ယူလျက် ရှိနေပြီဖြစ်သောကြောင့် ရုရှားနိုင်ငံသို့ ဦးစားပေးတင်ပို့မည့် ကုန်စည် စာရင်းများတွင် ကော်ဖီကိုထည့်သွင်း၍ ဝယ်ယူပမာဏတိုးတက်လာ စေရေး အလေးထားဆောင်ရွက်မည်ဆိုပါက အကျိုးရလဒ်ကောင်းများ ရရှိမည်ဖြစ်သည်။
သို့ဖြစ်၍
“ရှမ်းတောင်က သမီးပျိုရဲ့ အလှကို
ဒေသဆိုင်ရာအညွှန်းနဲ့သာ လွှမ်းခြုံကာပြရင်ဖြင့်
ကော်ဖီတွေရဲ့ အပြုံးပန်းလည်း
ကမ္ဘာကျော်မယ် ထင်မိပါရဲ့”ဟု
ကဗျာရေးဖွဲ့ရင်း ထူးခြားသော ကိုယ်ပိုင်ဂုဏ်ရည်များနှင့် ပြည့်ဝ နေသောကြောင့် ဈေးကောင်းရရှိရန် အလားအလာရှိနေသော ရွာငံ ဒေသထွက် ကော်ဖီအား အသိအမှတ်ပြု ဒေသဆိုင်ရာ အညွှန်း လျှောက်ထားပိုင်ဆိုင်ပြီး ဈေးကွက်ဝယ်လိုအား လိုအပ်ချက်ကို သေချာစွာတွက်ချက်၍ ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ထိုးဖောက်မည် ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပြီး မြန်မာနိုင်ငံ၏ ခိုင်မာသည့် တင်ပို့ အမယ်တစ်ခုအဖြစ် ရပ်တည်လာနိုင်ဖွယ်ရှိသည်။ ဒေသဆိုင်ရာ အညွှန်း ပိုင်ဆိုင်ထားခြင်းသည် ဈေးနှုန်းချင်း ယှဉ်ပြိုင်ရောင်းချခြင်း အစား အရည်အသွေးချင်းယှဉ်ပြိုင်ရောင်းချခြင်းဖြစ်၍ ဈေးကွက်၌ ရေရှည်ယှဉ်ပြိုင်နိုင်ပြီး ဈေးကောင်းရရှိခြင်း၊ ဂုဏ်သတင်း ကျော်စောမှု ကို ဖြစ်ပေါ်စေသောကြောင့် ဈေးကွက်ချဲ့ထွင်နိုင်စွမ်း မြန်ဆန်ခြင်း၊ အသိအမှတ်ပြုခံထားရသော ကုန်စည်ဖြစ်သောကြောင့် အခြားသူများ လိမ်လည်တုပမှုပြုခြင်းမှ ကာကွယ်ပေးခံရပြီးဖြစ်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်သည်။ ထို့အပြင် ကော်ဖီ အရည်အသွေး ထိန်းသိမ်းပြီးဖြစ်ခြင်း ၊ ကုန်သွယ်မှုပမာဏတိုးတက်၍ နိုင်ငံခြားငွေ ရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အမျိုးသမီး များဘဝ မြှင့်တင်ပေးခြင်း၊ ဓနုလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံ များ သိရှိစေခြင်းနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိမည်ဖြစ်သည်။ ။
- Log in to post comments