
ယုဇနစံ(DOT)
ကမ္ဘာပေါ်တွင် ဆန်ကိုအဓိကထား၍ စားသုံးသော နိုင်ငံများနှင့် ဂျုံကိုဦးစားပေး၍ စားသုံးသော နိုင်ငံများဟူ၍ အသီးသီးကွဲပြားမှုများ ရှိနေသော် လည်း ကော်ဖီသောက်သုံးခြင်းကိုမူ နိုင်ငံ၊ လူမျိုး၊ အသက်အရွယ်၊ အချိန်နေရာမရွေး ကွဲပြားမှုမရှိ စွဲလမ်းစွာ သောက်သုံးကြသည်။
ကော်ဖီသောက်သုံးမှုစစ်တမ်း ဖော်ပြချက် များအရ လူတစ်ဦးသည် တစ်နေ့လျှင်ပျမ်းမျှကော်ဖီ နှစ်ခွက်မှ လေးခွက်အထိဖြစ်ပြီး အသက် ၁၅ နှစ်မှ အသက် ၅၀ အရွယ်ကြားရှိသူများ အများဆုံး သောက်သုံးကြသည်။ ၁၅ ရာစုတွင် တောင်အာရှ ဒေသ၌ ကော်ဖီစိုက်ပျိုး သောက်သုံးမှုစတင်ခဲ့ကြရာ မှ ၂၀၂၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း တစ်နှစ် လျှင် ၃ ဒသမ ၅ ရာခိုင်နှုန်း နှစ်စဉ်တိုးမြှင့်စိုက်ပျိုး မည်ဖြစ်ကြောင်း ကော်ဖီပညာရှင်များက ခန့်မှန်း နေကြသည်။ မြန်မာနိုင်ငံတွင် ကော်ဖီအား ၁၉ ရာစု နှောင်းပိုင်းမှစတင်၍ စိုက်ပျိုးခဲ့ကြရာ ယခုအခါ ကော်ဖီစိုက်ဧကပေါင်း လေးသောင်းခန့်ရှိကာ အာရေးဗီးယားကော်ဖီအမျိုးအစားကို ၇၀ ရာခိုင် နှုန်း စိုက်ပျိုးထားပြီး ရိုဘတ်တာ ၃၀ ရာခိုင်နှုန်း စိုက်ပျိုးထားသည်။
ကိုဗစ်ကာလ ကော်ဖီသောက်သုံးမှု
တစ်ကမ္ဘာလုံးတွင် ကိုဗစ်−၁၉ ရောဂါ ပျံ့နှံ့မှု ကြောင့် လူသားတို့၏ နေထိုင်စားသောက် ပြုမူမှု များ လျင်မြန်စွာ ပြောင်းလဲလာသည်။ အဆိုပါရောဂါ ၏ ရိုက်ခတ်မှုဒဏ်ကြောင့် အများစုသော စီးပွားရေး လုပ်ငန်းများ သိသာစွာထိခိုက်နစ်နာခဲ့ကြရသည်။ ကော်ဖီဆိုင်ဖွင့်လှစ်သည့် လုပ်ငန်းများနှင့် ကော်ဖီ စိုက်ခင်းများသို့ သွားရောက်လည်ပတ်သည့် ခရီး သွားလုပ်ငန်းများ ထိခိုက်ခဲ့ကြရသည်။
သို့ရာတွင် လူသားတို့၏ ကော်ဖီသောက်သုံးမှု ပမာဏမှာမူ သိသိသာသာ တိုးတက်လာခဲ့သည်။ Work from home ၊ Stay at home ၊ Social distancing ကာလအဖြစ် သက်ဆိုင်ရာအစိုးရများက သတ်မှတ်ခဲ့သဖြင့် ကော်ဖီကိုစွဲလမ်း နှစ်ခြိုက်သူ များအား ၎င်းတို့၏အိမ်တွင်ပင် လွယ်ကူစွာ စိတ်တိုင်းကျ အချိန်မရွေး သောက်သုံးနိုင်ခွင့် ဖန်တီးပေးလိုက်သကဲ့သို့ ဖြစ်သည်။
ကော်ဖီချစ်သူများသည် ကော်ဖီစေ့၊ ကော်ဖီ မှုန့်၊ အသင့်ဖျော်ကော်ဖီစသည်တို့ကို ပိုမိုဝယ်ယူလာ သောကြောင့် ၂၀၂၀ ပြည့်နှစ် တစ်နှစ်တည်းမှာပင် အမေရိကန်ပြည်ထောင်စုတွင် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်သွားခဲ့ပြီး ကော်ဖီဖျော်ရာတွင် သုံးစွဲကြ သည့် ကော်ဖီစက်ကဲ့သို့ သော ပစ္စည်းများရောင်းအား သည် ၁၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ တစ်ကမ္ဘာ လုံးတွင် ကော်ဖီသောက်သုံးမှုသည် ၂၀၁၉−၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၀ − ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကော်ဖီတင်ပို့မှု သည်လည်း ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထိုသို့ကော်ဖီဈေးကွက် ဝယ်လိုအားသိသာစွာ မြင့်တက်လာခြင်းသည် ကော်ဖီအား တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရောင်းချနိုင်ရေး ဦးတည်ဆောင်ရွက်နိုင် ပါက အကျိုးရလဒ်ကောင်းများရရှိမည့် မြန်မာ နိုင်ငံ၏ ပို့ကုန်အမယ်တစ်ခု ဖြစ်နေကြောင်း ညွှန်း ဆိုပြနေခြင်းဖြစ်သည်။
အပျိုစင်ဒေသထွက်ကုန်
၂၀၁၈ ခုနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ သည် ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့သည် အပျိုစင်မိန်းမငယ်တစ်ဦးကဲ့သို့ သဘာဝအလှတရားများ ပကတိအတိုင်းပြည့်စုံစွာ ကျန်ရှိနေသောကြောင့် ပြည်တွင်းပြည်ပခရီးသွား လုပ်ငန်းများ မြှင့်တင်နိုင်ရေး အပျိုစင်ဒေသအဖြစ် သတ်မှတ်ပေးခဲ့သည်။ အဆိုပါဒေသတွင် ဘရာဇီး မျိုးရင်းဖြစ်သော အာရေးဗီးယား ကော်ဖီမျိုးကို စိုက်ပျိုးကြသည်။ ၎င်းဒေသထွက် ကော်ဖီအမျိုး အစားကို အရည်အသွေးမြင့်မားနေစေရန် သဘာဝ တရားက ထောက်ပံ့ပေးလျက်ရှိသည့် သိသာ ထင်ရှားသော ဝိသေသလက္ခဏာများမှာ −
(က) ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၄၀၀၀ ကျော်မြင့်သော အမြဲစိမ်းတောများ ပေါက်ရောက်ရာတောင်တန်းများတွင် စိုက်ပျိုးခြင်း၊
(ခ) အပူအအေးမျှတစေရန် များစွာ အထောက်အကူပေးနေသည့် အီကွေတာနှင့် မိုင် ၁၀၀၀ အကွာတွင် တည်ရှိနေခြင်း၊
( ဂ ) နှစ်စဉ်မိုးရေချိန် ၆၅ ဒီဂရီမှ ၇၂ ဒီဂရီ ကြားရှိခြင်း၊
(ဃ) အခြားဒေသ စိုက်ခင်းများကဲ့သို့ ကော်ဖီ စိုက်ပျိုးနိုင်ရန် တောရှင်း၍ စိုက်ပျိုးခြင်းမျိုး မဟုတ်ဘဲ အရိပ်ရနှစ်ရှည် အပင်ကြီးများဖြစ်သော ပိန္နဲ၊ ထောပတ် အစရှိသည့် နှစ်ရှည်အပင်ကြီးများ အောက်တွင် စိုက်ပျိုးခြင်းကြောင့် ၎င်းတို့၏ မြေဆီသြဇာများကို ကော်ဖီပင်များ စုပ်ယူရရှိခြင်း၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုနည်းခြင်း၊
(င) အိမ်တိုင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုး သည့် အစဉ်အလာရှိကြခြင်း၊
(စ) ယခင်က ကော်ဖီအား သောက်သုံးရန် ရည်ရွယ်၍ ကော်ဖီပင်စိုက်ပျိုးကြခြင်း မဟုတ်ခြင်း၊
(ဆ) ၎င်းတို့၏ မူလရည်ရွယ်ချက်သည် ကော်ဖီပင်ပွင့်ဖတ်များ၏ ဝတ်ရည်စုတ်ယူထား သောပျားများမှ သဘာဝပျားရည် ထုတ်လုပ်ရန် အတွက်သာဖြစ်ခြင်း၊
(ဇ) ကော်ဖီစေ့အခွံကိုမူ ချောကလက် အရသာ ရှိသောကြောင့် သရေစာအဖြစ် စားသုံး လေ့ရှိခြင်း၊
(ဈ) အပင်အတွက်လိုအပ်သော မြေသြဇာ အဖြစ် နွားချေးနှင့် သစ်ဆွေးကိုသာကျွေးခြင်း၊
(ည) ခူးဆွတ်ရာတွင် မိရိုးဖလာနည်းအတိုင်း လက်ဖြင့်သာ ခူးဆွတ်ကြခြင်း ၊
(ဋ) ခူးဆွတ်ထားသည့် ကော်ဖီစေ့အမှည့် များ၏အရသာမှာ ကောင်းမွန်နေပြီဖြစ်သော ကြောင့် ပျားပိတုန်းတို့ ဝဲပျံလေ့ရှိခြင်း၊
ထိုကဲ့သို့ ထူးခြားပြည့်စုံသော ဂုဏ်အရည် အသွေးများရှိနေကြောင်း USAID မှ ကော်ဖီ ပညာရှင်များက စတင်သိရှိခဲ့ပြီး ကော်ဖီစေ့ အရွယ်အစား၊ အနံ့၊ အရသာ၊ အရောင် စသည်တို့ကို အရည်အသွေး အကဲဖြတ် ပြုလုပ်ပေးခဲ့ကြရာ အမှတ် ၈၀ မှ ၈၆ မှတ်အထိ ရရှိခဲ့သောကြောင့် အထူးတန်းဝင်ကော်ဖီအဖြစ် အသိအမှတ်ပြုခဲ့ ကြသည်။
ထပ်မံ၍အများနှင့်မတူသီးခြားအခြေအနေများ မှာ-
(က) ကော်ဖီစတင်စိုက်ပျိုး ထုတ်လုပ်သည့် အဆင့်တိုင်း အမျိုးသမီးအများစုက ဦးဆောင်နေ ကြခြင်း၊
( ခ ) တစ်အိမ်ထောင်၏ အလုပ်ကိုစုပေါင်း ဆောင်ရွက်ကြသည့် ဓလေ့ထွန်းကားဆဲဖြစ်ရာ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရာတွင်လည်း ဝိုင်းဝန်း ဆောင်ရွက်ကြခြင်း၊
(ဂ) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အမြတ်ဝေစုထဲမှ ၁၀ ရာခိုင်နှုန်းအား ပြန်လည်လှူဒါန်းသည့်အစဉ်အလာ ရှိကြ ခြင်းတို့ဖြစ်သည်။
သို့ဖြစ်၍ ရွာငံဒေသထွက် ကော်ဖီသည် ထူးခြားသည့် ဂုဏ်အရည်အသွေးများနှင့် ပြည့်စုံနေ ကြောင်း အသိအမှတ်ပြုခံထားရသဖြင့် အခြားနိုင်ငံ များမှ ထွက်ရှိသော အထူးတန်းဝင် ကော်ဖီများ ကဲ့သို့ ဈေးကောင်းရရှိနိုင်ရေး ကြိုးပမ်းရာတွင် စားသုံးသူများအသည်းစွဲ ဒေသဆိုင်ရာအညွှန်းဟု ခေါ်သည့် အသိအမှတ်ပြုလက်မှတ် ရရှိရေးသည် လည်း အရေးပါသောကဏ္ဍမှ ပါဝင်နေသည်။
ဒေသဆိုင်ရာအညွှန်း( Geographical Indications - GI )
ကုန်စည်တစ်ခုအား နိုင်ငံတကာဈေးကွက် တွင် ဈေးကောင်းရရှိရန် ဆောင်ရွက်ကြရသည့် အဆင့်တိုင်းသည် အရေးကြီးသည့် အဆင့်များ ဖြစ်သည်။ ထုတ်လုပ်သည့် ကုန်စည်အပေါ် အာမခံ ချက်ပေးသော ဒေသဆိုင်ရာအညွှန်း (Geographical Indications − GI) အား အနောက်နိုင်ငံများသည် အစွမ်းရှိလက်နက်သဖွယ် စတင်အသုံးချခဲ့ကြသော် လည်း ယခုအခါ ကမ္ဘာအနှံ့ တွင်ကျယ်လာခဲ့ပြီးဖြစ် သည်။ မူရင်းဒေသမှထွက်ရှိသည့် ကုန်စည်၏ ထူးခြားသော ဂုဏ်အရည်အသွေး ကျော်ဇောမှု(သို့) အခြားထူးခြားနေသော ကိုယ်ပိုင်ဝိသေသ ရှိနေပါက ဒေသဆိုင်ရာအညွှန်းကို ပိုင်ဆိုင်ခွင့်ရှိ သည်။ ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများ၌သာ ကိုယ်ပိုင် ဓလေ့၊ ကိုယ်ပိုင်ဟန်နှင့် နှစ်လိုဖွယ် အရည်အသွေး ကောင်း၊ ပတ်ဝန်းကျင်ကောင်း ပိုင်ဆိုင်ဆဲဖြစ်သော ကြောင့် ဒေသဆိုင်ရာအညွှန်းကို ပိုင်ဆိုင်ခွင့်ပိုမိုရရှိ ကြသည်။
International Coffee Organization အဖွဲ့တွင် ဒေသဆိုင်ရာအညွှန်း ပိုင်ဆိုင်ထားကြသည့် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားပြီး အများဆုံးကော်ဖီတင်ပို့သည့် ၁၀ နိုင်ငံစာရင်းတွင် ဗီယက်နမ်နှင့် အင်ဒိုနီးရှား တို့သည် ဒုတိယနှင့်ပဉ္စမနေရာတို့တွင် အသီးသီး ရပ်တည်နေပါသည်။ အီးယူ ၂၇ နိုင်ငံ၊ အမေရိကန်၊ ဂျပန်နှင့် ရုရှားတို့သည်လည်း အဆိုပါအဖွဲ့သို့ ဝင်ရောက်ထားပြီး ကမ္ဘာ့ကော်ဖီ တင်သွင်းမှု၏ ၆၇ ရာခိုင်နှုန်းစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေသည်။
ဒေသဆိုင်ရာအညွှန်းအား စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ကြသူများ၊ လက်မှုအနုပညာ ထုတ်လုပ် ကြသူများ(သို့) စက်မှုပစ္စည်းထုတ်လုပ်သူ များ၊ သဘာဝထွက်ကုန်နှင့် သယံဇာတများဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ကြသူများ စုဖွဲ့ထားသည့် အဖွဲ့အစည်းများမှဖြစ်စေ၊ အဆိုပါလုပ်ငန်းများအား အားပေးမြှင့်တင်ပေးလိုကြသည့် အစိုးရအဖွဲ့အစည်း များမှဖြစ်စေ သက်ဆိုင်ရာနိုင်ငံတွင် မှတ်ပုံတင်၍ ပိုင်ဆိုင်ခွင့် လျှောက်ထားကြသည်။
မှတ်ပုံတင်တစ်ခု၏ သက်တမ်းသည် ယေဘု ယျအားဖြင့် ၁၀နှစ်သတ်မှတ် ပေးလေ့ရှိပြီး ထပ်မံ သက်တမ်းတိုးလိုပါက ခြောက်လ ကြိုတင်တင်ပြကြ ရပြီးတစ်ကြိမ်လျှင် ၁၀ နှစ်စီတိုး၍ သက်တမ်း တိုးပေးလေ့ရှိကြသည်။ ကုန်စည်တစ်ခု အား ပြည်ပသို့တင်ပို့ရာတွင် တင်သွင်း နိုင်ငံမှ အသိအမှတ်ပြုသည့်၊ ဈေးကောင်း ရသည့် ကုန်စည်တစ်ခုအနေဖြင့် တင်ပို့ လိုပါက ယင်းနိုင်ငံရှိ ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင် ပေးပိုင်ခွင့်ရှိသော ရုံးများတွင် မှတ်ပုံတင်ထားရန် လိုအပ်သည်။
ဒေသဆိုင်ရာအညွှန်းရရှိခြင်း၏အကျိုးကျေးဇူးများ
(က) ဈေးကောင်းရခြင်း
အီးယူဈေးကွက်တွင် ဒေသဆိုင်ရာ အညွှန်း ရရှိထားသော ကုန်စည်သည် မရရှိထားသော ကုန်စည်ထက် ၂ ဒသမ ၂၃ ဆ ဈေးပိုရပြီး စိုက်ပျိုးရေးထွက်ကုန် ဖြစ်ပါက ၁ ဒသမ ၅ ဆ ဈေးပိုရသည်။ အဆ ၂၀ မှ ၅၀ အထိ ဈေးပိုရခဲ့သော ကုန်စည်များရှိခဲ့သည်။ ဒေသဆိုင်ရာ အညွှန်းရရှိထားသော ကော်ဖီဈေးနှုန်း သည် မရရှိထားသော ကော်ဖီဈေးနှုန်း ထက် ၂ ဒသမ ၂၃ ဆ ဈေးပိုရသည်။ အင်ဒိုနီးရှားနိုင်ငံထွက် ပန်းရနံ့ရ Bajawa အာရေဗီးယားမျိုး အနီရောင် ကော်ဖီသည် ဒေသဆိုင်ရာ အညွှန်း ပိုင်ဆိုင်ခွင့်ရှိသောအခါ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စိုက်ပျိုးသည့် အဆင့်မှ တင်ပို့သည့်အဆင့်အထိ ပါဝင် ကြသူအားလုံး ၂ ဒသမ ၂ ဆပို၍ အကျိုး အမြတ် ရခဲ့ကြသည်။ ဆက်လက်၍လည်း ဈေးတက်နေဆဲဖြစ်သည်။ ထိုင်းနိုင်ငံ ထွက် Doi Chang ကော်ဖီသည် ဈေးနှစ်ဆပိုကြီးသကဲ့သို့ ဗီယက်နမ်နိုင်ငံ Buon Ma Thout ကော်ဖီသည် ဒေသ ဆိုင်ရာ အညွှန်းရရှိထားသောကြောင့် အခြားအလားတူ ကော်ဖီဈေးနှုန်းများ ထက် နှစ်ဆမှ သုံးဆအထိ ဈေးပိုရသည်။
(ခ) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ခြင်း
အသိအမှတ်ပြု လက်မှတ်ရရှိထား ခြင်းသည် ထုတ်လုပ်ရာ၌ သဘာဝ ပတ်ဝန်းကျင်နှင့် ညီညွတ်မှုရှိကြောင်း အာမခံထားခြင်းဖြစ်ရာ ကျင့်ဝတ်ကို အလေးထားကြသည့် စားသုံးသူများ သည် အသိအမှတ်ပြုလက်မှတ်ရ ကုန်စည်များကိုသာ ရွေးချယ်လာကြ သည်။ တစ်နည်းအားဖြင့်ဆိုသော် ဒေသ ဆိုင်ရာအညွှန်းရရှိထားသည့် ကုန်စည် သည် လူမှုရေးရာနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စံချိန်စံညွှန်းများ လိုက်နာ ပြီးသားဖြစ်သည်။
(ဂ) ခရီးသွားလုပ်ငန်းများ အောင်မြင် လာခြင်း
ကော်ဖီထုတ်လုပ်တင်ပို့သော နိုင်ငံ များသည် နည်းလမ်းမျိုးစုံဖြင့် ၎င်းတို့၏ Customer များကို နည်းလမ်းမျိုးစုံဖြင့် ဆွဲဆောင်လျက်ရှိသည့်အနက် ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရာဒေသအား အခြေ ပြု၍ ခရီးသွားများကို ဖိတ်ခေါ်လျက်ရှိ သည့် အစီအစဉ်သည်လည်း တစ်ခုအပါ အဝင်ဖြစ်သည်။ Bajawa ကော်ဖီ စိုက်ပျိုးရာ Ngadha ကုန်းမြင့်ဒေသ သည် ယခုအခါ ခရီးသွားအများအပြား လာရောက်ရာ အင်ဒိုနီးရှားနိုင်ငံ၏ ဒေသ တစ်ခု ဖြစ်လာခဲ့ပါသည်။
ရွာငံဒေသသည်လည်း တစ်နှစ် ပတ်လုံး ခရီးသွားလာနိုင်သည့်ဒေသ ဖြစ်ရာ ပြဒါးလင်းဂူ၊ တောကျယ်၊ တလုပ်ချ နှင့် ဆည်ကြီးရေတံခွန်၊ မြသပိတ်ရေပြာ အိုင်များသို့ ခရီးသွားလာရောက်မှု များပြားခဲ့ပြီးဖြစ်သည်။ ကိုယ်ပိုင်ဓလေ့၊ ကိုယ်ပိုင်ဟန်ဖြင့် ကော်ဖီစိုက်ပျိုးသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ခရီးသွား များအား ဆွဲဆောင်နိုင်သည့် အစီအစဉ် များ ထည့်သွင်းရေးဆွဲနိုင်မည်ဆိုပါက Agro - Ecotorisum လုပ်ငန်းများပါ ဖွံ့ဖြိုးပြီး ဒေသခံ၏ လူနေမှုဘဝမြင့်တက် လာမည် ဖြစ်သည်။
ထို့ကြောင့် ဒေသဆိုင်ရာအညွှန်း မူပိုင်ခွင့် ရရှိနိုင်သော ရွာငံဒေသထွက် ကော်ဖီကို တင်ပို့လိုသောနိုင်ငံများတွင် မှတ်ပုံတင်၍ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုမည်ဆိုလျှင် ဈေးကွက် ကျယ်ပြန့်လာပြီး နိုင်ငံခြားငွေရရှိလာ နိုင်မည်ဖြစ်သည်။ မူပိုင်ခွင့်ပြုလုပ်သော လုပ်ငန်းစဉ်များသည် ယေဘုယျအားဖြင့် ခြောက်လမှ တစ်နှစ်နှစ်နီးပါးကြာရာ ယခုမှစတင်၍ ဆောင်ရွက်နိုင်မည် ဆိုလျှင် လာမည့်ဧပြီတွင် မှတ်ပုံတင် ခြင်း လုပ်ငန်းများပြီးမြောက်နိုင်ပါက ၂၀၂၂ ခုနှစ် ကော်ဖီတင်ပို့ချိန်ရာသီမှ စတင်၍ နိုင်ငံခြားငွေများ တိုးတက်ရရှိ လာ နိုင်ဖွယ်ရှိပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။
- Log in to post comments