
ပီမိုးနင်း
====
လုံ့လရှိရမည်၊ ကံကိုသာ အားမကိုးရ၊ ဝီရိယကို မလျှော့ကောင်းဟူသော တရားစကားကို သူသူ ငါငါဟောကြ၊ ရေးကြ၊ ပြောကြ၏။ ထိုအကြောင်း ကို မည်သူမဆို သိပြီးဖြစ်ကြလေရာ အလဟဿ ပျင်းသောသူတို့အား ကုသောသိပ္ပံ အဘယ်မှာပညာ ရအံ့နည်း စသည့်လောကနီတိစကားမျိုးသည် ရိုးလျက် အကျိုးမရှိပေ။ ထိုအကြောင်းကို လောက နီတိမဖတ်ဘဲ မည်သူမဆိုသိ၏။ စာရေးသူအား တစ်စုံတစ်ယောက်က ဆရာရေးတာတွေဟာ မှန်ပါ ရဲ့၊ သို့သော်လည်း လောကနီတိကို ဖတ်ပါဦး၊ လောကနီတိမှ အရေးအသားပါတယ်ဟု ပြောဖူး လေသည်။
စာရေးသူမှာ ရောမပညာရှိကြီးများစွာတို့၏ စာများစွာတို့ကို ဖတ်ခဲ့ဖူးသည့်အပြင် ကိုယ်တိုင် ထိထိရောက်ရောက် မြောက်မြားစွာသောစာတို့ကို လူတိုင်း သဘောပေါက်အောင် ရေးခဲ့သူဖြစ်ရကား ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်အား လောက နီတိထက် ကောင်းသောစာများကို မတွေ့သူ ဖြစ်ကြောင်း ဝန်ခံလာသူပင်ဖြစ်သည်။ ၎င်း ကိုယ်တိုင်ကလည်း မိမိကိုယ်တိုင် နှုတ်ငုံရကြောင်း ဖွင့်၍ ဝန်ခံရှာလေသည်။ စာရေးသူမှာ လောက နီတိလို စာသွားမျိုးနှင့် လူ၏စိတ်ကို မပြောင်းလဲ စေနိုင်ကြောင်းသိသဖြင့် ထိုကျမ်းကလေးကို တစ်ခါ မျှသာ ဖတ်ဖူးရုံရှိ၏။ ကျက်မှတ်စရာဟူ၍ကား ပါဠိမှတစ်ပါး အခြားမတွေ့ခဲ့ရပေ။ လောကနီတိ၌ လုံ့လရှိရမည်ဟူ၍ကား မပါပေ။
ပျင်းရိခြင်းသည် အကျိုးယုတ်စေကြောင်း လူတိုင်းသိ၏။ သို့သော်လည်း အပျင်းကို အရသာ ရှိသည်ဟု မှတ်ထင်နေကြရာ သိလျက်နှင့် ပျင်း၍ နေကြခြင်းဖြစ်လေသည်။ ယခုကာလ ဆိုက်ကိုလိုဂျီ နည်းမှာ လောကနီတိလို မပျင်းနှင့်မဆို၊ အပျင်းကို နိုင်အောင်လုပ်နည်းကို ညွှန်ပြလေသည်။ ညွှန်းပြပုံ မှာ ပျင်း၍ဘာကိုမျှမလုပ်ဘဲနေလျှင် ပျင်းခြင်းမှာ ဝန်လေး၍ လာတတ်ကြောင်း၊ အပျင်းဟု အရသာ ရှိသည်ဟု ပျင်းသူများ မှတ်ထင်တတ်ကြသည်မှာ မဟုတ်ကြောင်း၊ ထိုသဘောကို အဖန်ဖန်ရှုခြင်းဖြင့် အပျင်းကိုနိုင်ကြောင်း ဖြစ်လေသည်။
အလုပ်တစ်ခုခုရှိသည့်အခါ နက်ဖြန်သို့မဆိုင်း ဘဲ ယခုချက်ချင်းလုပ်မှ ပြီးပြတ်ကြောင်း သိကြ၏။ သို့သော်လည်း ယခုချက်ချင်း လုပ်ချင်အောင် အဘယ်ပုံကြိုးစားရပါမည်နည်း။
အပျင်းကို ခွဲခြားစိတ်ဖြာ၍ကြည့်၊ မလုပ်မီ တစ်ခဏမျှသာ အပျင်းရှိ၏။ ထိုတစ်ခဏကလေး တွင် နိုင်ဖို့အလုပ်ကို ယခုထ၍စလိုက်ရန်မှာ ခက်ခဲ ခြင်းမရှိပေ။ ထိုခက်ခဲသော အစကို စပါလေ။ စမိ သောအခါ အပျင်း၏အစွမ်းသတ္တိ မာန်စွယ်ကို ချိုးနှိမ်ပြီးဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။ အကြောင်းမူကား စမိသောအခါ မစမီကလောက် မပျင်းတော့ပေ။ ထို့နောက် တစ်မိနစ်ကို ငါးမိနစ် ဖြစ်ပြီးနောက် ၁၀ မိနစ်ဖြစ်အောင်ဆွဲဖို့ရန် သာ၍ လွယ်၏။ ထိုနည်းဖြင့် အပျင်းကို နိုင်လေသည်။
ပို၍နိုင်ဖို့ရန် အကူအညီမှာ ပျင်းခြင်းသည် ကျက်သရေမရှိ၊ ဂုဏ်မရ၊ သားသားနားနားအလုပ် ကို လုပ်ခြင်းသည် ဂုဏ်ရှိ၏။ အလုပ်လုပ်၍နေသူ အား မလုပ်သောလူပျင်းသည် အလိုလိုရှက်ကြောက် ရိုသေရ၏။ အဖန်ဖန်ဆင်ခြင်တတ်က အပျင်းသည် တစ်စတစ်စလျော့ရလေသည်။
အခြားအကူအညီမှာ အလုပ်နှင့်ဆိုင်ရာ လက်နက်ကိရိယာတို့ကို အလုပ်ဌာန၌ အသင့်ရှိစေရ မည်။ အလုပ်၌ ပျော်စရာအချက်တွေကို ရှာရမည်။ အလုပ်နေရာကို သပ်ရပ်စွာထားရမည်။ ဥပမာ လက်သမားသည် ကုလားထိုင်ကို လုပ်ရမည့်အတွက် ပျင်း၍နေ၏။
ငါအလုပ်မလုပ်သေးဘူး၊ လက်နက်ကိရိယာများ တို့သာ အသင့်လုပ်ထားရမည်ဟု အောက်မေ့ကာ လက်နက်များကိုယူ၍ စီမံနေရာချထားပါလေ။ ထို့နောက် ငါမလုပ်သေးဘူး၊ ဒီသစ်သားဇောင်းကလေး ကို ရွှေ့ရုံရွှေ့ကြည့်စမ်းမယ်ဟု မိမိကိုယ်ကိုပြောကာ နည်းနည်းတိုး၍ လုပ်ရမည်။ ထိုနည်းဖြင့် ငပျင်းကို တစ်ပတ်ရိုက်လှည့်စားဖန်များသောအခါ ငပျင်းကို နိုင်ရုံမက တစ်စတစ်စ အလုပ်၌ အကျင့်ပါပြီး အပျင်း ရောဂါမှ ကင်းလွတ်နိုင်လေသည်။
အပျင်းမှာ အလုပ်ကိုကြောက်သော အကြောက် တစ်ခုရှိ၏။ ထိုအကြောက်ကိုလည်း နိုင်ဖို့နည်းရှိလေ သည်။ အလုပ်များခြင်းနှင့် နည်းခြင်းကို ကြည့်လျှင် ကြောက်မက်ဖွယ်ကောင်း၏။ ပညာသင်သော သူသည်လည်းကောင်း၊ စာအုပ်ကြီးကို ဖတ်ရမည့် သူသည်လည်းကောင်း အဆုံးဘက်ကို မကြာခဏ ကြည့်ချေက တော်တော်နဲ့ပြီးမှာမဟုတ်၊ ပေါက် ရောက်မှာမဟုတ်ဟုတွေးကာ စိတ်လျှော့တတ်လေ သည်။ ထိုကဲ့သို့မကြည့်ဘဲ ဤမျှသာပြီးအောင်လုပ် မည်၊ ကျန်သောအပိုင်းများမှာ နောင်ခါလာ နောင်ခါ ဈေး အရေးမကြီးပါဘူး၊ ယခု ငါ့မှာလုပ်စရာ ဤအစ ကလေးသာရှိသည်။ ဤနည်းလမ်းကလေးကို ပြီးအောင်လုပ်ရမည်။ အဘိဓာန်ကြည့်သူသည် အလွန်ကြီးသောအလုပ်ကြီး၏အဆုံးသို့ လှမ်းမျှော် လျှင် များစွာစိတ်ပျက်ဖွယ်ဖြစ်လိမ့်မည်။ ကကြီး တစ်လုံးကို ငါသေသေချာချာ ကုန်စင်အောင်ရေးမည် ဟု သဘောထားချေက စိတ်ပျက်ဖွယ်ကို မြင်မည် မဟုတ်ပေ။ အချိန်သည် မကုန်မီမှာသာ ကြာသည် ထင်ရ၏။ ကုန်လွန်သောအခါ မကြာလှပေ။
အလကားနေလျှင် နောင်သုံးနှစ်ကြာသောအခါ ငါ့မှာ တစ်စုံတစ်ရာရမည်မဟုတ်၊ သုံးနှစ်သည် မသေ လျှင် ယနေ့အတွက်ရ၏။ နောက်တစ်နေ့ကျလျှင် လည်း ယနေ့နည်းနည်းလုပ်ရမည်ဟု သဘောထား၍ လုပ်ပါလေ။ သို့လုပ်သူမှာ ယနေ့တစ်နေ့အတွက် လုပ်ရင်း သုံးနှစ်ကြာသောအခါ အဖိုးတန်တစ်စုံ တစ်ရာကို စုပုံပြီးရနိုင်လေသည်။ လုပ်ရသည်ကား သုံးနှစ်စာကို လုပ်ရသည်မဟုတ်ပေ။ တစ်နေ့စာ ကလေးမျှသာ လုပ်ရ၏။ တစ်နေ့ကိုသာ တွေး၍ လုပ်ပါ၊ သုံးနှစ်တာကာလသည် အလိုလိုဖြစ်၍ လာလိမ့်မည်။ သုံးနှစ်ကို တင်ကြိုမမျှော်နှင့်၊ ယခု မျက်မှောက်အချိန်ကလေး အချည်းအနှီးဖြစ်မှာကိုသာ နှမြောပါလေ။ တစ်နေ့တစ်လံသွားရခြင်းသည် အနည်းငယ်မျှမပင်ပန်းပေ။ နောင်နှစ်ကာလ အတော် ကြာသောအခါ မပင်ပန်းဘဲနှင့် ခရီးပေါက်ရောက်ပြီး ဖြစ်၍နေလိမ့်မည်။ တစ်နေ့လျှင် တစ်လံမျှမသွားသူ မှာ သွားသူထက်ပို၍ မသက်သာပေ။ နောက်ဆုံး၌ ခရီးမရောက်ခြင်းသာ ခြားနားလေသည်။
တစ်နေ့လျှင် အင်္ဂလိပ်စကားတစ်လုံးမှတ်ရခြင်း သည် မမှတ်သူထက် ပို၍မပင်ပန်းပေ။ သုံးနှစ်ကြာ သောအခါ အများကြီးရလိမ့်မည်။ တစ်နေ့တစ်လုံးမျှ မမှတ်သူမှာ မှတ်သူထက် ပို၍သက်သာခြင်း မရှိပေ။ သုံးနှစ်ကြာသောအခါ တစ်စုံတစ်ရာမျှ မရခြင်းသာ ခြားနားလေသည်။ သုံးနှစ်မက ငါးနှစ်၊ ဆယ်နှစ်သည် မကြာမီကုန်လွန်တတ်၏။ ကုန်သောအခါကျမှ ပြန်၍ နှမြောချေက ရတော့မည် မဟုတ်ပေ။ သုံးနှစ်ကြာမှ တတ်မှာ ဘာလုပ်မလဲဟု တွေးတတ်ကြ၏။ သုံးနှစ် ကြာပြီးနောက် မတတ်ဘဲနေခြင်းထက် မဖြစ်ပါ လော။
ဘယ်အခါမှတတ်တတ် တစ်နေ့တစ်လုံး မှတ်ရ ခြင်းကြောင့် ပင်ပန်းပါသလော။ မပင်ပန်းလျှင် အဘယ်အတွက် ညည်းညူရန်ရှိပါသနည်း။ အိုကာမှ ငွေတစ်ရာဟူသောစကားကလည်း ထို့အတူဖြစ်လေ သည်။ ပင်ပန်းစွာ ခြိုးခြံခြင်းမပြုရဘဲလျက် အိုသော အခါ မတော်တဆအရေးတကြီးလိုသဖြင့် ငွေတစ်ရာ အားကိုးဖို့ရှိချေက မရှိသူထက်မကောင်းပါလော။ ။
- Log in to post comments