အပြုနှင့်အဖျက်

 

လမ်းတံတားများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတစ်ဝန်းလုံး ရှိ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်မြင့်မား ရေးတို့အတွက် လွန်စွာအရေးကြီးသည်။ လမ်းများနှင့် တံတား များ ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ ခရီးသွားလာမှုနှင့် ကုန်စည် သယ်ယူပို့ဆောင်မှုတို့ လွယ်ကူလျင်မြန်စေသည့်အပြင် သယ်ယူ ပို့ဆောင်မှုစရိတ်များလည်း  လျော့နည်းစေသည်ဖြစ်ရာ  နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု လူမှုစီးပွားဘဝမြင့်မားမှုတို့ အတွက် အဓိကကျသော အထောက်အပံ့များပင်ဖြစ်သည်။


မိမိတို့ နိုင်ငံအတွင်းရှိ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာတွင် ၂၀၃၀ ပြည့် နှစ်တွင် လက်ရှိလမ်းမိုင် ၂၆၆၂၃ မိုင်(ကီလိုမီတာ ၄၃၀၀၀ ခန့်) ကို အာရှအဆင့်(၃) (ASIAN CLASS III)၁၈ ပေအကျယ် ကတ္တရာ လမ်း/ကွန်ကရစ်လမ်းအဆင့် ရောက်ရှိရန်နှင့် တံတားများအားလုံး ကိုလည်း ၂၄ ပေအကျယ် နှစ်လမ်းသွား သံကူကွန်ကရစ်တံတား၊ ကြိုတင်အားဖြည့်  သံကူကွန်ကရစ်တံတား၊  သံမဏိသံပေါင် တံတားများအဆင့်ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ် သည်။ အဆိုပါ စီမံကိန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေနှင့်လည်းကောင်း၊ လုပ်ငန်းအချို့ကို နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍လည်းကောင်း၊ အချို့ကို နိုင်ငံတကာမှ  အစိုးရ  သို့မဟုတ်  အဖွဲ့အစည်းများ၏  ချေးငွေ၊ ကူညီထောက်ပံ့ပေးမှု စသည်တို့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။


ငွေကျပ်သန်းထောင်ပေါင်းများစွာ အကုန်အကျခံ၍ နှစ်နှင့်ချီ ကာ  တည်ဆောက်ဖောက်လုပ်  အကောင်အထည်ဖော်ခဲ့ခြင်း ကြောင့် ယခင်က နှစ်ညအိပ်၊ သုံးညအိပ် ခက်ခက်ခဲခဲ သွားလာခဲ့ ရသော လမ်းခရီးများမှာ ရာသီမရွေး၊ အချိန်အခါ မရွေး လွယ်ကူ ချောမွေ့စွာ သွားလာနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ အချို့လမ်းမကြီးများမှာ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာသို့ ဆက်သွယ်သွားလာနိုင်သည့်  လမ်းမကြီးများဖြစ်ပြီး  နယ်စပ် ကုန်သွယ်ရေးအတွက် အဓိကလမ်းကြောင်းကြီးများဖြစ်သည့် အပြင် ရေရှည်တွင် နိုင်ငံတကာသို့ ဆက်သွယ်သွားလာနိုင်ရန်၊ ကုန်စည်ကူးသန်းနိုင်ရန်  အလားအလာကောင်းများလည်းရှိရာ နိုင်ငံအတွက်ရော၊  အဆိုပါ  လမ်းမကြီးများ ဖြတ်သန်းသွားရာ  တိုင်းဒေသကြီးများ၊ ပြည်နယ်များအတွက်ပါ အကျိုးဖြစ်ထွန်းစေ သည်။ နိုင်ငံဆက်သွယ်လမ်းမကြီးများကို အကြောင်းပြု၍ ဒေသခံ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်စေသည့် အပြင် ကုန်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် လူမှုစီးပွားရေးတို့ တိုးတက်မြင့်မားစေမည်ဖြစ်သည်။


လွန်ခဲ့သည့်  ရက်သတ္တပတ်များအတွင်း   အကြမ်းဖက် သောင်းကျန်းသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြရာတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူအသုံးပြုသွားလာလျက်ရှိသော   လမ်းများကို ကန့်လန့်ဖြတ်မြောင်းကြီးများ  တူးခြင်း၊  သစ်ပင်များ  လှဲချ၍ တားဆီးပိတ်ဆို့ခြင်း၊ မြေကြီးများ  စုပုံပိတ်ဆို့ခြင်း၊ တံတားကြီး တံတားငယ်များကို ဖောက်ခွဲဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး  ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက် ၁၂ နေရာတွင် ယင်းသို့ပြုလုပ်ခဲ့ မှုကြောင့် ကုန်စည်စီးဆင်းသွားလာမှုတို့ ရပ်ဆိုင်းသွားခဲ့ရသည့် အပြင် ခရီးသွားလာနေသူများ၊ ဒေသခံများ အတိဒုက္ခရောက်ကြ ရသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့ အဘက်ဘက်မှ ထိခိုက်ဆုံးရှုံးမှုတို့ကို ခံစားခဲ့ကြရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များ၏  သွေး၊  ချွေးတို့  ရင်းနှီးပေးဆပ် ဆောင်ရွက်မှုကြောင့် လက်ရှိအခြေအနေတွင် ကျောက်မဲမြို့အထိ ပုံမှန်သွားလာနိုင်ပြီဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်ပြန်လည်သွားလာနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ဒေသခံတိုင်းရင်းသား ပြည်သူလူထုအနေဖြင့် အပြုနှင့် အဖျက်ကို ခံစားမှုဖြင့် သိရှိနားလည်ကြသည့်အလျောက် လမ်းမကြီးကို ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ချေမှုန်းရေး စစ်ဆင်ရာတွင် ပူးပေါင်းပါဝင်လျက်ရှိသကဲ့သို့ နိုင်ငံ တစ်ဝန်းရှိ ပြည်သူများကလည်း ငွေအား၊ လူအား၊ စိတ်ဓာတ်အား တို့ဖြင့် ပူးပေါင်းပါဝင်လျက်ရှိကြပါကြောင်း။        ။