အပြုသဘောဆောင်တဲ့အမြင်တွေ ပြောဆိုမှုတွေနဲ့ ရှင်သန်နိုင်ကြစေ

Type

 

အောင်မာန်(ဆော)

စာရေးသူ ဒီအကြောင်းကိုရေးဖို့ ပြင်နေတာ ကြာပါပြီ။ မရေးဖြစ်ဘဲ ဖြစ်နေတာ။ ဒါက ဘာလဲဆို‌တော့  စာရေးသူတို့ လုပ်ငန်းခွင်တွေမှာ တွေ့နေကျ၊ ဖြစ်နေကျ ဖြစ်စဉ်လေးတွေအကြောင်းပါ။
စာရေးသူကိုယ်တိုင်ကလည်း ဝန်ထမ်းတစ်ယောက်ဖြစ်နေတော့ ကိုယ်တွေ့အနေနဲ့ရော၊ ကိုယ့်ပတ်ဝန်းကျင်မှာပါ တွေ့နေရတဲ့ ဖြစ်စဉ် တွေက အထက်နဲ့အောက် နားလည်မှုတွေ ပျောက်ဆုံးပြီး  ကမောက် ကမတွေနဲ့   လုပ်ငန်းခွင်ပြဿနာ  ဖြစ်နေမှုတွေပါ။ အရင်ကတော့ စာရေးသူ ဒီလိုဖြစ်စဉ်တွေကို သတိမထားမိဘူး။  လုပ်ငန်းခွင်မှာ အနေကြာ၊ လုပ်သက်တွေရလာတဲ့အခါမှာတော့ ဒီလို အဖြစ်အပျက် တွေက    လုပ်ငန်းခွင်ကိုထိခိုက်ပြီး    တိုးတက်မှုတွေ၊     နှောင့်နှေး  ကြန့်ကြာမှုတွေ    ဖြစ်တတ်တယ်ဆိုတာ     သတိထားမိလာတယ်။ လုပ်ငန်းခွင်ထဲမှာ  အထက်နဲ့အောက်   ယုံကြည်မှုတွေ   နည်းပါးပြီး  နားလည်မှုတွေ   လွဲနေပြီဆိုရင်  အဲဒီလုပ်ငန်းခွင်ဟာ  ဘယ်တော့မှ ရှေ့ရောက်တော့မှာ  မဟုတ်သလို  မျှော်မှန်းတဲ့ရလဒ်တွေနဲ့လည်း ဝေးကွာသွားနိုင်ဆိုတာကိုပါ စာရေးသူ သတိထားမိလာတယ်။ 
အပြန်အလှန်ယုံကြည်မှု
ဘယ်ဌာန၊ ဘယ်လုပ်ငန်းခွင်မှာပဲကြည့်ကြည့် အထက်နဲ့ အောက် နားလည်မှုလွဲတဲ့ ပြဿနာတွေ ရှိနေကြပါတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ။ အဓိကအကြောင်းတရားက အပြန်အလှန်လေးစားမှု နည်းပါးနေကြသလို  အပြန်အလှန်  ယုံကြည်မှုမထားနိုင်ကြတာ ကြောင့်ပဲ  ဖြစ်ပါတယ်။ စာရေးသူတို့ လူမှုပတ်ဝန်းကျင်မှာ ကြီးသူကိုပဲ လေးလေးစားစားဆက်ဆံသင့်တယ်။  ငယ်ရွယ်သူတို့တော့ အလေး ထား    လေးစားစရာမလိုဘူးဆိုတဲ့   ဓလေ့စရိုက်တွေဖြစ်နေတာ တွေ့မြင်နေရတယ်။ ပြည်သူ့နီတိမှာတော့  ကြီးသူရိုသေ၊  ရွယ်တူ လေးစား၊ ငယ်သူသနားတဲ့။ ဒါကို လိုက်နာကျင့်ကြံကြဖို့  လူ့ကျင့် ဝတ်တစ်ခုအနေနဲ့ သတ်မှတ်ထားပေမယ့် စာရေးသူတို့ တကယ်ရော လိုက်နာနေကြသလားဆိုတာ  ဘယ်သူမှ  မပြောနိုင်ပါ။  တကယ် လိုက်နာနေကြတယ်ဆိုရင် လူ့အဖွဲ့အစည်းတွေအကြား ပြဿနာ ဆိုတာ ရှိလာနိုင်မှာ  မဟုတ်ပါဘူး။ လိုက်နာမှုအားနည်းနေကြလို့သာ လူမှုပြဿနာတွေ ဖြစ်နေကြရတာပါ။ 
ဒီလိုပဲ  ရုံးဌာနလုပ်ငန်းခွင်တွေကြားက  အထက်နဲ့အောက် ဖြစ်နေရတဲ့ ပြဿနာတွေမှာလည်း  ဒီအကြောင်းတရားကို အခြေခံပါ တယ်။ အပြန်အလှန်လေးစားမှု မထားနိုင်ကြလို့ပါ။ အပြန်အလှန်လေးစားမှုမထားနိုင်ကြတဲ့အခါ နားလည်မှုတွေလည်း မထားနိုင် လာကြတော့ဘူး။ နားလည်မှုတွေ လွဲလာတဲ့အခါ အထက်နဲ့အောက် အပြန်အလှန် အပြစ်တွေရှာလာတယ်။ အပြစ်တွေရှာလာတဲ့အခါ အကောင်းမြင်စိတ်တွေ မထားနိုင်ကြတော့ဘဲ အဆိုးမြင်စိတ်တွေနဲ့သာ ကြည့်တတ်လာကြတော့တယ်။ အဲဒီလိုဖြစ်လာတော့ လုပ်ငန်းခွင်ကြား မှာ အဖုအထစ်တွေများလာပြီး အလုပ်ကို ထိခိုက်မှုတွေ ဖြစ်လာပါ တယ်။ အလုပ်ကို ထိခိုက်လာပြီဆိုရင်တော့  နောက်ထပ်အကျိုးဆက်က ဘဝတွေနဲ့ပါ ဆိုင်လာပါတော့တယ်။ နောက်ဆုံးအလုပ်မှာ ဘယ်လို မှ  အဆင်မပြေတော့ရင်တော့  အလုပ်ကထွက်ခွာသွားရမယ့်သူက အထက်လူကြီးဖြစ်မလား၊      လက်အောက်ဝန်ထမ်းဖြစ်မလား။  တစ်ဦးဦးတော့ အလုပ်ကထွက်ခွာသွားရမှာ အသေအချာပါ။ 
ပြီးခဲ့တဲ့ ဧပြီလလောက်က ဖြစ်မယ်။ ကျောင်းဆင်းဘက်သူငယ်ချင်း တစ်ယောက်နဲ့  စာရေးသူတို့ စကားပြောဖြစ်ကြတယ်။ သူငယ်ချင်း နှစ်ယောက် မတွေ့ကြရတာလည်း ကြာနေတော့ ပြောဖြစ်တဲ့စကား တွေက အကြောင်းစုံပါတယ်။ သူပြောတဲ့စကားတွေထဲမှာ သူ့အလုပ် ထဲကအကြောင်းတွေ တော်တော်များများပါတယ်။ သူအလုပ်လုပ် နေတဲ့ ဌာနမှာ  သူနဲ့   သူ့အထက်အရာရှိတို့ အဆင်မပြေတာတွေ သူပြောပြတယ်။ သူဘာလုပ်လုပ် သူ့အထက်အရာရှိက အသိအမှတ် မပြုသလို  အမြဲတမ်းတားဆီးကန့်သတ်တာတွေရှိတယ်။  သူ့ကို ဘာတာဝန်တွေမှ မပေးဘူး။ မလုပ်ဘဲနေပြန်တော့ အပြစ်ပြောတယ်။ အလုပ်မှာ မရှိပြန်ရင်လည်း အလုပ်မှာမရှိလို့ဆိုပြီး အပြစ်ရှာပြန် တယ်။ သူဘယ်လိုနေနေ   ဘာလုပ်လုပ်   သူ့ရဲ့အထက်အရာရှိက အပြစ်တွေမြင်ပြီး  အဆိုးတွေကိုပဲ ပြောနေတယ်။  ကြာလာတော့ သူလည်း ရွဲ့ချင်တဲ့စိတ်နဲ့ အထက်အရာရှိ မကြိုက်တာတွေချည်းပဲ ရွေးလုပ်တယ်၊   သူဒီလိုတွေလုပ်တော့  သူ့အထက်အရာရှိနဲ့   ပိုပြီး ပြဿနာတွေဖြစ်ကာ    အလုပ်ခွင်မှာ   သူစိတ်မပျော်တော့ဘူး။ အလုပ်ခွင်နဲ့ ဝေးရာကိုပဲ သူအမြဲစဉ်းစားနေတယ်။ နောက်ဆုံး အလုပ် ထွက်ဖို့အထိ ဖြစ်လာတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်က နိုင်ငံရေးဖြစ် စဉ်ကြောင့်  ဝန်ထမ်းတွေ  CDM  လုပ်နေကြတဲ့ကာလ။  သူလည်း သူ့အလုပ်ခွင်ထဲက   မကျေနပ်အဆင်မပြေတာတွေနဲ့   ရောချပြီး အလုပ်ထွက်ဖို့ သူပြင်ဆင်တယ်။ ဒီအကြောင်းကိုပဲ သူက စာရေးသူကို ပြောပြတယ်။ 
စာရေးသူလည်း သူ့စကားတွေကို နားထောင်ပြီး ဘယ်လိုပြန်ပြော ရမှန်းမသိအောင်ဖြစ်သွားမိတယ်။  ဒီလိုဖြစ်စဉ်တွေက   စာရေးသူတို့ ဝန်းကျင်မှာလည်း အမြဲတွေ့မြင်ရတဲ့ကိစ္စတွေပါ။ ဒါပေမယ့်   သူ  အလုပ် ထွက်သွားမှာကိုတော့ စာရေးသူ မလိုလားပါဘူး။  သူ့အကြောင်းကို  သိနေတာလည်း ပါလို့ပါ။ သူက ကျောင်းတုန်းကတည်းက ကျောင်းစာ မှာတော်ခဲ့သလို  ဘာလုပ်လုပ်   စိတ်နစ်ပြီးလုပ်တတ်တဲ့ အကျင့်ရှိတယ်။ ဇွဲရှိသလို   ရည်မှန်းချက်လည်းကြီးတယ်။   သူရည်မှန်းထားတာကို မဖြစ်ဖြစ်အောင်  လုပ်တတ်တယ်။   ဒါ့ကြောင့်လည်း   လက်ရှိမှာ  သူ့  ရောက်ချင်တဲ့နေရာ၊   သူမျှော်လင့်တဲ့   ပန်းတိုင်တစ်ခုဆီ   သူရောက် နေတယ်။ ဒါပေမယ့်  လူမှုဆက်ဆံရေးမှာတော့ ပေါင်းရသင်းရခက်တဲ့ သူ  မဟုတ်သော်ငြား အကြောင်းမသိသူဆိုရင်တော့ ပေါင်းသင်းရခက်သူ လို့ ထင်မိမယ်။ သူက ကြိုးစားနေတဲ့သူဖြစ်တော့ အဘက်ဘက်က ပြည့်စုံအောင်နေတယ်။ အဲဒါကြောင့်လားတော့  မသိဘူး။ မာနလေးတော့ သူ့မှာရှိတယ်လို့ စာရေးသူမြင်မိတယ်။ အခု သူနဲ့ သူ့အထက်အရာရှိ ကြားကဖြစ်နေတဲ့ ပြဿနာမှာလည်း သူ့ရဲ့မာနကြောင့်လည်း ပါမယ်လို့ ယူဆမိတယ်။   သူ့မှာရှိတဲ့   အဲဒီမာနလေးကို  တလွဲမာနထားတယ် လို့လည်း စာရေးသူ မသတ်မှတ်ချင်ပါဘူး။ သူလည်း သူ့အကြောင်းနဲ့သူ ရှိနေမှာဆိုတော့ အဲဒီအပေါ်မှာ  စာရေးသူ  အကြံပေးရုံကလွဲလို့  ဘာမှ မလုပ်နိုင်ပါဘူး။ 
လောကနိယာမသဘောတရား
ဒီတော့ သူနဲ့  သူ့အထက်အရာရှိ  ပြန်လည်အဆင်ပြေပြီး လုပ်ငန်း ခွင်မှာ ပြန်ပြီး သူစိတ်နှစ်ထားနိုင်ဖို့အတွက် စာရေးသူ အကြံပေးလိုက် ပါတယ်။ အဓိကကတော့ သူ့ အထက်အရာရှိအပေါ် ယုံကြည်မှုပိုထားဖို့နဲ့ လေးစားမှုပိုထားဖို့အတွက်ပါ။  များသောအားဖြင့်   လူအများစုဟာ အခြားသူအပေါ်မှာသာ ယုံကြည်မှု၊ လေးစားမှု မထားချင်မထားမယ်။ သူတို့ကို ယုံကြည်ပေးတာ၊ လေးစားတာမျိုးတော့ ခံယူချင်ကြပါတယ်။ နောက်တစ်ခုကလည်း လောကနိယာမသဘောတရားအရ ကိုယ်ပေးရင် ကိုယ်ပြန်ရတတ်တဲ့ သဘောရှိတော့ ကိုယ်ကအရင်ဆုံး သူ့ကို လေးစား မှု၊  ယုံကြည်မှုပေးလိုက်ရင်  ကိုယ့်ကိုလည်း  ပြန်ပြီးယုံကြည်လေးစား တာတွေ    ရှိလာတတ်ပါတယ်။   ဒီအတွက်ကြောင့်လည်း  သူ့ကို သူ့အထက်အရာရှိအပေါ်မှာ ပိုပြီးလေးစားဖို့နဲ့  ပိုပြီးယုံကြည်မှုပေးဖို့ ပြောပြရတာ ဖြစ်ပါတယ်။ နောက်ပြီး နားလည်မှုလွဲနေတာတွေကိုလည်း သူ့ရဲ့အထက်အရာရှိနဲ့တွေ့ပြီး  ပွင့်ပွင့်လင်းလင်း  ရှင်းပြဆွေးနွေးဖို့ အကြံပေးလိုက်ပါတယ်။  တချို့  နားလည်မှုလွဲတဲ့အကြောင်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း  မရှိကြလို့ဖြစ်တယ်လို့ စာရေးသူမြင်မိတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်ရင် နားလည်မှုလွဲနေတဲ့ တချို့ကိစ္စတွေ မှာ အဆင်ပြေသွားနိုင်ပါတယ်။  
အခုတော့  သူ  အလုပ်မထွက်ဖြစ်တော့ဘဲ  သူ့ရုံးမှာပဲ  အလုပ် ဆက်လုပ်ဖြစ်နေပါတယ်။ သူနဲ့သူ့အထက်အရာရှိကြားက ပြဿနာ ပြေလည်သွားလို့  ထင်ပါတယ်။ တကယ်တော့ စာရေးသူတို့အနေနဲ့ မိမိကိုယ်ကို ပုထုဇဉ်လူသားစစ်စစ်တွေ ဖြစ်နေကြတာကို မေ့နေ တတ်ကြပါတယ်။ ပုထုဇဉ်တွေဖြစ်တဲ့အတွက်  လောဘ၊‌‌  ဒေါသ၊ မောဟတရားတွေနဲ့ ပြည့်နေကြပါတယ်။  ဒီလိုပြည့်နေလို့လည်း ဒီအကြောင်းတရားသုံးပါးကို အခြေခံပြီးဖြစ်ပေါ်လာတဲ့ နောက်ဆက် တွဲအကျိုးတရားတွေကို ခံစားကြရတာဖြစ်ပါတယ်။ 
စိတ်နေစိတ်ထားအပေါ်မှာမူတည်
အသက်အရွယ်ကြီးတိုင်းလည်း လောဘ၊  ဒေါသ ၊ မောဟတရား တွေ လျော့ပါးသွားတယ်လို့  မဆိုနိုင်သလို  အသက်ငယ်ရွယ်တိုင်းလည်း လောဘ၊ ဒေါသ၊ မောဟတရားတွေ ကြီးမားနေမယ်လို့ တထစ်ချ ယူဆလို့မရနိုင်ပါဘူး။ ဒီအတွက်ကြောင့် လူသားတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟတရားတွေ   ရှိနေနိုင်မှာဖြစ်ပြီး   စိတ်နေစိတ်ထား  ထားတတ်မှုအပေါ်မှာပဲ  မူတည်ပြီး ကွဲပြားမှုတွေ  ရှိနေနိုင်ပါတယ်။ ဒီတော့ စာရေးသူတို့အလုပ်ခွင်မှာ  အထက်အရာရှိနဲ့  လက်အောက် ဝန်ထမ်းများအကြား၊    တစ်ယောက်နဲ့တစ်ယောက်အကြားမှာ နားလည်မှုလွဲတာ၊ ယုံကြည်မှုမရှိတာတွေဟာ  အဆိုပါအကြောင်း တရားတွေကိုအခြေခံပြီး  ဖြစ်တယ်ဆိုတာ သတိထားဖို့လိုပါတယ်။  လူကို လူပဲလို့သိရင် လူတွေမှာ ရှိတတ်တဲ့စိတ်နေစိတ်ထား၊ လုပ်လေ့ လုပ်ထရှိတဲ့ စရိုက်လက္ခဏာတွေကို  သိနိုင်ပါတယ်။ ဒါတွေကို သိထား ရင် အဆင်ပြေအောင် နေထိုင်သွားတတ်မှာပါ။ 
အချင်းချင်းနားလည်မှုရှိဖို့လို
လူ့ဘဝမှာ ဘယ်ကိစ္စတွင်မဆို အမြဲတမ်းတွေးတောတတ်တာက နှစ်မျိုးပဲရှိပါတယ်။ အပြုသဘောတွေးမြင်ခြင်းနဲ့ အပျက်သဘော တွေးမြင်ခြင်းပဲဖြစ်ပါတယ်။ အဲဒီလို ကိုယ်တွေးမြင်ထားတဲ့အတိုင်း လည်း  လူတွေဟာ  အကျိုးပေးတတ်ကြတယ်။ ပြောချင်တာက အကောင်းဘက်က အပြုသဘောနဲ့တွေးရင် ကိုယ်လုပ်တဲ့ အရာတိုင်း ဟာ ကောင်းတာတွေချည်းပဲ ဖြစ်လာတတ်တဲ့သဘောပေါ့။   လူတွေ ဟာ ကိုယ်နဲ့ အဆင်မပြေတဲ့အရာတွေ၊ လူတွေကို  အပြုသဘော နဲ့မတွေးဘဲ အပျက်သဘောနဲ့တွေးမြင်ထားတတ်ကြတော့ ဖြစ်လာတဲ့ နောက်ဆက်တွဲတွေကလည်း အဆိုးတွေပဲ ဖြစ်နေတတ်ကြပါတယ်။ 
စာရေးသူပြောချင်တဲ့ အထက်အောက် အဆင်မပြေဖြစ်မှုမှာလည်း အပြုသဘောမပါတဲ့    အပျက်သဘောတွေနဲ့သာ   ကြည့်ခဲ့ကြလို့ ဖြစ်နေရတာတွေပါ။   အဲဒီအတွက်ကြောင့်   အချင်းချင်းပြောဆို ဆက်ဆံကြတဲ့အခါမှာ   အပြုသဘောဆောင်တဲ့အတွေး၊   အပြု သဘောပါတဲ့ပြောဆိုမှုတွေနဲ့ နေထိုင်ပြောဆိုကြမယ်ဆိုရင် လူမှု ဝန်းကျင်မှာ လူမှုဆက်ဆံရေးပြဿနာတွေ  ရှိမနေနိုင်ပါဘူး။ တကယ် တော့ လုပ်ငန်းခွင်အတွင်းမှာ အထက်အောက်သော်လည်းကောင်း၊ ဝန်ထမ်းအချင်းချင်း သော်လည်းကောင်း နားလည်မှုရှိရှိ ပေါင်းစည်း လုပ်နိုင်ရင်  အကောင်းဆုံးပါ။   ဒီလိုပေါင်းစည်းလုပ်နိုင်ဖို့ကလည်း     အချင်းချင်းနားလည်မှုရှိဖို့  လိုပါတယ်။ ယုံကြည်မှုထားကြဖို့  လိုအပ် ပါတယ်။ 
ဒီနေရာမှာ    အထက်အရာရှိ  အုပ်ချုပ်သူတွေအနေနဲ့  မိမိရဲ့ လက်အောက်ဝန်ထမ်းငယ်သားတွေကို ယုံကြည်မှုပေးဖို့  လိုအပ်ပါ တယ်၊ တာဝန်တွေခွဲပေးဖို့   လိုအပ်ပါတယ်။    


သူတို့ရဲ့ယုံကြည်မှုတွေကို  တည်ဆောက်ဖို့လိုပါတယ်။ ယုံကြည်မှု တွေပေးပြီး    ယုံကြည်မှုတည်ဆောက်ထားမှ   အထက်အောက် အဆင့်ဆင့်   ဆက်ဆံရေးတွေလည်း   ပြေပြစ်နေမှာဖြစ်ပါတယ်။ နောက်လိုက်ကောင်းမှ    ရှေ့ဆောင်ကောင်းဖြစ်မယ်ဆိုတာထက် နောက်လိုက်ကောင်းတွေဖြစ်ဖို့    ရှေ့ဆောင်ကောင်းတွေကလည်း လမ်းပြပေးဖို့ လိုအပ်ပါတယ်။ 
မျိုးဆက်ကောင်းတွေ မွေးမြူဖို့တာဝန် ခေါင်းဆောင်ကောင်းတွေရဲ့ မလုပ်မဖြစ် လုပ်ရမယ့်အလုပ်လို့ စာရေးသူမြင်ပါတယ်။ စာရေးသူတို့ အလုပ်ခွင်မှာ ကြားရလေ့ ရှိတာတစ်ခုက လူမွေးတယ်ဆိုတဲ့စကားပါ။ ဒီစကားကို မကောင်းတဲ့ အမြင်ဘက်က ယူပြီး ပြောကြတာပါ။ 
 လက်ဆင့်ကမ်းလုပ်ကိုင်နိုင်ဖို့
ပြောရရင်တော့ ကိုယ့်အတွက် ဘာမဆိုဖြည့်ဆည်း လုပ်ကိုင်ပေး နိုင်သူကို  ဆိုလိုတယ်လို့  ထင်ပါတယ်။    ဒီနေရာမှာ  စာရေးသူက အကောင်းဘက်ကပဲ   မြင်ပြီးပြောချင်ပါတယ်။   အထက်အရာရှိ ခေါင်းဆောင်တွေ  လူမွေးရပါမယ်။ ဘာအတွက်လဲ၊  ကိုယ့်အတွက် မဟုတ်တဲ့ဌာနနဲ့  လုပ်ငန်းခွင်အတွက်ပါ။ တာဝန်တွေနဲ့  အလုပ် တွေကို  အရည်အသွေးပြည့်ပြည့်  လက်ဆင့်ကမ်းလုပ်ကိုင်နိုင်ဖို့နဲ့ ခေါင်းဆောင်နိုင်ဖို့အတွက်ပါ။ ဒါလုပ်သင့်တဲ့ အလုပ်ပါ။ လုပ်ကိုလုပ် ရပါမယ်။  တစ်ချိန်မှာ  ကိုယ့်ရဲ့အလုပ်တာဝန်ကို လွှဲပြောင်းပေးရတဲ့ အခါမှာ စိတ်ချယုံကြည်စွာနဲ့ လွှဲပြောင်းပေးနိုင်မှာဖြစ်ပါတယ်။ 
ကိုယ်က ဒီနေရာ၊  ဒီဌာနမှာ၊ ဒီရာထူးနဲ့ တစ်သက်လုံးနေရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဌာနအတွက်၊ လုပ်ငန်းအတွက်၊  လူ့အဖွဲ့ အစည်းအတွက် ယုံကြည်စိတ်ချရမယ့်သူကို မဖြစ်မနေ မွေးထုတ် ပေးရမှာဖြစ်ပါတယ်။    ဒီလိုမဟုတ်ရင်     မျိုးဆက်ခါးပြတ်သွားနိုင် ပါတယ်။ ဒါပေမယ့် သေချာရွေးချယ် လူမွေးတတ်ဖို့တော့ လိုပါတယ်။ အဂတိကင်းကင်းနဲ့ ရွေးချယ်တတ်ဖို့လိုပါတယ်။ ဒီလိုဆိုရင် အထက်နဲ့ အောက်ကြား နားလည်မှု လွဲစရာမရှိဘဲ အလုပ်တွေမှာ‌  အောင်မြင်မှုတွေ ရနိုင်ပါတယ်။ 
နောက် လက်အောက်ဝန်ထမ်းတွေဘက်ကလည်း နောက်လိုက် ကောင်းဖြစ်ဖို့   ကြိုးစားကြဖို့လိုပါတယ်။  ပေးအပ်တဲ့တာဝန်တွေကို ချက်ချင်း ကျေပွန်စွာ ထမ်းဆောင်တတ်ဖို့လိုပါတယ်။ အချိန်ဆွဲတာ၊ အကြောင်းပြတာ၊ ဆင်ခြေပေးတာတွေက ကိုယ့်အပေါ် အထက်လူကြီးရဲ့ ယုံကြည်မှုတွေကို  ပျက်ပြားစေပါတယ်။  ဒါကြောင့်  ပေးအပ်လာတဲ့ အလုပ်တွေကို ချက်ချင်းလုပ်ပါ။  အမြန်ဆုံးနဲ့  အမှန်ဆုံးဖြစ်အောင် လုပ်ပါ၊  ကိုယ့်အထက်အရာရှိရဲ့  ယုံကြည်မှုတွေကို  ရအောင်ယူပါ။ တည်ဆောက်ပါ။ အလုပ်တာဝန်အပေါ်မှာ ရိုးသားတဲ့အခြေခံစိတ်နဲ့ လုပ်ကိုင်တတ်ဖို့လိုပါတယ်။ အထက်အရာရှိက ကိုယ့်ကိုယုံကြည်လာ ပြီဆိုတော့ တာဝန်တွေပေးလာနိုင်ပါတယ်။ မငြီးငြူပါနဲ့။ လုပ်လိုက် ပါ။ မဖြစ်နိုင်ဘူးဆိုတဲ့စကားကို ကိုယ့်ရဲ့အထက်လူကြီးကို ဘယ်တော့မှ မပြောမိပါစေနဲ့။   လုပ်ကြည့်ပါ။  အတတ်နိုင်ဆုံး  ကိုယ်စွမ်းရှိသမျှ ကြိုးစားလုပ်ပါ။  လုပ်ကြည့်လို့  မဖြစ်နိုင်ဘူးဆိုမှ  ကြောင်းကျိုးဆက် စပ်စွာနဲ့   ရှင်းပြပြောဆိုပါ။  ဒီလိုဆိုရင် အထက်အရာရှိအနေနဲ့လည်း ကိုယ့်အပေါ် ဘာငြိုငြင်စိတ်မှမဖြစ်ဘဲ လက်ခံနိုင်ပါမယ်။ 
နောက်လိုက်ကောင်းဖြစ်အောင်ကြိုးစားပါ
ဒါဟာ အထက်အရာရှိနဲ့ ကိုယ့်ကြား  ယုံကြည်မှုတည်ဆောက်မှု တစ်ခုပါ။ နောက်ပိုင်းကြာလာတဲ့အခါ အထက်အရာရှိရဲ့ ယုံကြည်မှု ပိုရလာပြီး  ကိုယ့်ရဲ့အခန်းကဏ္ဍလည်း  အရေးပါအရာရောက်မှုတွေ ရှိလာနိုင်ပါတယ်။  ကိုယ်ဟာ  ဌာနအတွက်  မရှိမဖြစ် လူတစ်ယောက် အနေနဲ့  အရေးပါလာပါလိမ့်မယ်။ ဒါဟာ နောက်လိုက်ကောင်းတို့ ရလာနိုင်တယ့်   အကျိုးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်လိုက် ကောင်းဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုတာဖြစ်ပါတယ်။ 
အမှန်ပြောရရင် ရုံးဌာနတွေနဲ့ အလုပ်ခွင်မှာ   အထက်အောက် အဆင်မပြေဖြစ်ရတာတွေက ယုံကြည်မှုတွေ မတည်ဆောက်ကြ လို့ပါ။ အပြန်အလှန်လေးစားမှု   အားနည်းနေကြပြီး  နားလည်မှု မထားနိုင်ကြလို့ပါ။ တကယ်လို့သာ အထက်နဲ့အောက်  ယုံကြည်မှု ထားကာ  နားလည်မှုရှိစွာနဲ့  လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင်  အလုပ်ခွင်အတွင်း အထက်အောက် ဆက်ဆံရေးအဆင်မပြေမှု ဆိုတာတွေ   ရှိလာမှာမဟုတ်ပါဘူး။   အထက်နဲ့အောက်   ထိထိမိမိ တွဲချိတ် လုပ်တတ်ကြမယ်ဆိုရင် မအောင်မြင်တဲ့အလုပ်၊ မအောင် မြင်တဲ့   လူ့အဖွဲ့အစည်းဆိုတာလည်း  ရှိလာမှာမဟုတ်ပါဘူး။ 
ယုံကြည်မှုနဲ့ချစ်ခင်နိုင်ကြပါစေ
ဒါကြောင့် ရုံးဌာနတွေမှာပဲဖြစ်ဖြစ်၊ အခြားလုပ်ငန်းခွင်တွေမှာ ပဲဖြစ်ဖြစ်၊  လူ့အဖွဲ့အစည်းအတွင်းမှာပဲဖြစ်ဖြစ်  အထက်အောက် ဆက်ဆံရေးတွေ၊ အချင်းချင်းဆက်ဆံရေးတွေ မပျက်ရလေအောင် အပြုသဘောဆောင်တဲ့အမြင်တွေ  ပြောဆိုမှုတွေနဲ့  ရှင်သန်နိုင်ကြ ပါစေ။  နားလည်မှုထား  ဆက်ခံနိုင်ကြပါစေ။  အမုန်းတွေကင်းဝေးပြီး  ယုံကြည်မှုနဲ့  ချစ်ခင်နိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်။   ။