အပူဒဏ်ပြင်းသည့်ဒေသများ စိမ်းလန်းစိုပြည်အေးမြစေရေး

နိုင်ငံတကာသတင်းများအရ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ် သော အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့တွင် နွေရာသီအမြင့်ဆုံး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ကျော်လွန်သည်အထိ မြင့်တက် ခဲ့ကြောင်း ဖော်ပြထားရာ မြန်မာနိုင်ငံ ချောက်မြို့တွင် ဖြစ်ပေါ်ခဲ့ သည့်အမြင့်ဆုံးအပူချိန်ထက် များစွာပိုမိုနေသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံတွင်မူ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်လ်” ၏ အရှိန် ကြောင့်လည်းကောင်း၊   အနောက်တောင်မုတ်သုံလေ   စတင် ဝင်ရောက်ခြင်းကြောင့်လည်းကောင်း အပူရှိန်တို့လျော့ကျလာပြီ ဖြစ်သည်။
ပြီးခဲ့သည့်ဧပြီလ ၂၈ ရက်နေ့က ချောက်မြို့တွင် ၅၆ နှစ်တာ  ကာလအတွင်း အမြင့်ဆုံးအပူချိန်အဖြစ် ၄၈ ဒသမ ၂ ဒီဂရီဆဲလ် စီးယပ်စ်အထိ ဖြစ်ပေါ်ခဲ့ပြီး ယင်းကာလတစ်လျှောက် ကမ္ဘာ့အပူ ဆုံးမြို့များစာရင်းတွင် ထိပ်ဆုံးမှပါဝင်နေခဲ့သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၅ ရက်နေ့တွင် ချောက်မြို့ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရာ တွင် “ချောက်မြို့နယ်နှင့် ကားလမ်းဘေးဝဲယာများတစ်လျှောက် သစ်ပင်သစ်တောများ စိုက်ပျိုးနိုင်ရေး နိုင်ငံတော်မှလည်း အထူး အစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူဒေသခံများအနေဖြင့် မိမိတို့၏ အိမ်ခြံဝင်းအတွင်းနှင့် ပတ်ဝန်းကျင်များတွင်လည်း သစ်ပင်များ စိုက်ပျိုးရန်လိုကြောင်း၊ ဧရာဝတီမြစ်ရေတင်စီမံကိန်းများကို အောင်မြင်အောင် အကောင် အထည်ဖော်၍ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
အပူဒဏ်ပြင်းထန်စွာခံစားရသည့်ဒေသများတွင် သစ်ပင် သစ်တောများပြုစုပျိုးထောင်စိုက်ပျိုးရန်၊ တန်ဖိုးထားထိန်းသိမ်း ရန်မှာ လွန်စွာအရေးကြီးသည်။ လူနေမြို့ရွာများတွင် သစ်ပင် သစ်တောများ ထူထပ်များပြားလေလေ၊ လေထုအေးမြလေလေ ဖြစ်ပြီး အရိပ်နှင့်အစိုဓာတ်တို့ကိုလည်း ဖြစ်ပေါ်စေသည်။ မြို့ပြ ဒေသများတွင် သစ်ပင်များကို စိုက်ပျိုးခြင်းဖြင့် လေထုအရည် အသွေး၊ ရေထုအရည်အသွေးတို့ကိုပါ ကောင်းမွန်စေသည်။ ထို့အပြင် သစ်ပင်၊ ပန်းပင်များနှင့်အတူ နေထိုင်ခြင်းဖြင့် လူသား တို့၏ ဘဝအရည်အသွေး (Quality of Life) ကို ကောင်းစေသည် ဟု ပညာရှင်တို့က အသိအမှတ်ပြုကြသည်။ သစ်ပင်သစ်တော များ စိမ်းလန်းစိုပြည်လာသည်နှင့်အမျှ နွေရာသီတွင် အရိပ် အာဝါသတို့နှင့်ပြည့်စုံကာ အပူဒဏ်ခံစားရမှုတို့လည်း လျော့နည်း လာမည်ဖြစ်သည်။ သစ်ပင်သစ်တောများကင်းမဲ့ခြောက်သွေ့ သည့်ပတ်ဝန်းကျင်နှင့် သစ်ပင်ပန်းမန်တို့ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်တို့သည် လူတို့၏ စိတ်ပိုင်းဆိုင်ရာအပေါ်တွင်လည်း ဆိုးကျိုး၊ ကောင်းကျိုးတို့ သက်ရောက်စေနိုင်သည်ဖြစ်ရာ မိမိ နေထိုင်ရာ  ပတ်ဝန်းကျင်ဒေသတစ်ခွင်   အရိပ်ရပင်၊   သီးပင်၊ စားပင်တို့ စိမ်းလန်းဝေဆာအုပ်ဆိုင်းနေသည်အထိ ပြုစုပျိုးထောင် စိုက်ပျိုးထိန်းသိမ်းသွားကြရန်လိုသည်။
ယခုအခါ  မိုးရာသီအကြိုကာလ  စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲများကို အမြို့မြို့အနယ်နယ်တွင် ကျင်းပနေကြပြီဖြစ်သည်။ နှစ်စဉ် အပင်ရေသိန်းနှင့်ချီ၍ စိုက်ပျိုးခဲ့သည့် သစ်ပင်များမှာ စိုက်ပြီးနောက် ဆက်လက်ပြုစုခြင်းမရှိသည့်အလျောက် ရှင်သန် ကြီးထွားသည့်ရာခိုင်နှုန်းမှာလည်း  နည်းပါးသည်။    အပူပိုင်း မိုးနည်းရပ်ဝန်းများတွင် သစ်ပင်သစ်တောများ ရှင်သန်ဖြစ်ထွန်း ရန်အရေးပါသည့်အလျောက်   စိုက်သမျှ   ရှင်သန်ကြီးထွားရန် စိုက်ပြီးနောက်   ဆက်လက်ပြုစုခြင်းနှင့် သေသွားသည့်အပင် များနေရာတွင် အစားထိုးစိုက်ပျိုးခြင်းစသည်ဖြင့် ဒေသခံပြည်သူ တစ်ရပ်လုံးက မိမိတို့ရပ်ရွာဒေသစိမ်းလန်းစိုပြည်ရေးသည် မိမိ တို့၏တာဝန်ဟု ခံယူကာ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြခြင်းဖြင့် အပူဒဏ်ပြင်းသည့်ဒေသတို့ စိမ်းလန်းစိုပြည်သာယာလှပအေးမြ ကြပါစေကြောင်း။       ။