အရေးကြီးသည့် အနာဂတ် လုပ်ငန်းစဉ်များ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

ဘ၀မှာ ဘာအရေးကြီးဆုံးလဲဟူသည့် မေးခွန်းသည် ဘ၀၏ ဦးစား ပေးအစီအစဉ်ကို မေးမြန်းခြင်းဖြစ်သည်။ သို့သော် လက်တွေ့ဘ၀ ကား အခြေအနေအမျိုးမျိုးတွင် အဖြေအမျိုးမျိုး ရှိနိုင်သည်။ ယုံကြည်ချက်ကို စူးစူးစိုက်စိုက်ထားကာ အားထုတ်နေသည့် တိဟိတ် ပုဂ္ဂိုလ်မျိုးကလွဲလျှင် သည်အဖြေကို ယတိပြတ်ပြောဖို့ ခက်မည်။ စားဝတ်နေရေးသည်လည်းကောင်း၊ အသက်ရှင်သန်မှုသည် လည်းကောင်း အရေးကြီးသည်ဟု ဆိုကြမည်။ အသက်ထက် အရှက်ကအရေးကြီးသည်၊ အသက်ထက် ဂုဏ်သိက္ခာက အရေးပို ကြီးသည် စသည်ဖြင့် အခြားအခြားသော အဖြေများလည်း ရှိနိုင် သည်။ ချမ်းသာကြွယ်၀ရေး လောကီသုခသည် အရေးကြီးသည် ဟူသည့် အဖြေလည်းရှိမည်။ ယုံကြည်ချက်ပေါ်တွင် မသွေမဖည် ရပ်တည်နေသူအဖို့ သေချင်သေသွားပါစေ၊ ယုံကြည်ချက်ကိုဖြင့် သစ္စာမဖောက်ဟူသည့် ယုံကြည်ချက်သာ အရေးကြီးသည်ဟူသည့် အဖြေမျိုးလည်း ရှိနိုင်၏။
ဘာအရေးကြီးဆုံးလဲဟူသည့် မေးခွန်းအတွက် အဖြေသည် မည်သို့ပင်ဖြစ်စေကာမူ၊ အဖြေစာရင်းတွင်မပါဝင်သော ကျန်ရှိနေ သည့် အချက်ပေါင်းများစွာကို အရေးမကြီးဟု ဆိုလိုခြင်း မဟုတ်ပါ။ လက်တွေ့ဘ၀ကို အခြေခံသုံးသပ်လျှင် အရေးကြီးသည့် မလုပ်မဖြစ် လုပ်စရာတို့က အမြောက်အမြားဖြစ်ပါမည်။
ဆိုရပါလျှင် မြန်မာနိုင်ငံတွင် ဘာအရေးကြီးဆုံးလဲဟူသည့် မေးခွန်းအတွက် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းဖို့ ငြိမ်းချမ်းဖို့၊ စီးပွားရေး တိုးတက်မြင့်မားဖို့၊ နိုင်ငံရေး တည်ငြိမ်ဖို့ အစရှိသည့် အဖြေအမျိုးမျိုး ပေးကြမည်။ သို့သော်လည်း ဤအချက်တို့သည် အရေးကြီးဆုံးဟု ယူဆဖြေဆိုခြင်းတွင် အခြားသော အရေးကြီး သည့် အချက်များစွာလည်း ရှိနေသေးသည်ဆိုခြင်းကို အားလုံး သိနားလည်ပြီးသား ဖြစ်ပါမည်။
ယခုအခါတွင်မူ ယခင်ဖြေဆိုခဲ့သည့် အားလုံးသော အဖြေများ ကို ကျော်လွန်ကာ ကျန်းမာရေးသည် အရေးအကြီးဆုံး၊ ကိုဗစ် ရောဂါပိုးပြန့်ပွားကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးသည် ယနေ့နိုင်ငံတော်အတွက် အရေးအကြီး ဆုံးဟု ဖြေကြမည်ထင်သည်။ ဤသို့ဖြေသည်ဆိုဦး၊ ပြည်သူလူထု နေ့စဉ် စားဝတ်နေရေး၊ နိုင်ငံ၏ စီးပွားရေးတိုးတက်ရေး၊ ပြည်သူတို့ အလုပ်အကိုင် အခွင့်အလမ်း များပြားပြေလည်ရေးတို့ကလည်း အရေးကြီးသည်ပင်။ ထို့အတူ မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲ တရားမျှတစွာ ဖြစ်မြောက်အောင်မြင်ရေးကလည်း အရေးကြီးသည် သာ။ မြန်မာနိုင်ငံအတွက် အစဉ်လိုအပ်နေသည့် စစ်ပွဲများရပ်စဲရေး နိုင်ငံတွင်း ငြိမ်းချမ်းရေးသည်လည်း အရေးကြီးဆုံးစာရင်းတွင် ပါနေမည် မဟုတ်ပါလော။
ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးက လူသားတို့ မနိုင်နိုင်အောင် ဆင်နွှဲရမည့် အရေးကြီးသည့် တိုက်ပွဲ ဖြစ်သကဲ့သို့ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၌ စနစ်ကောင်းတစ်ခု ရေရှည်မှာ ခိုင်ခိုင်မာမာဖြင့် ထူထောင်နိုင်ဖို့အတွက် အရေးကြီးသည့် တော်လှန်ရေးတစ်ခုဖြစ်၏။ ထို့နည်းတူ စီးပွားရေးတိုးတက်မြင့်မား ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ များပြားတိုးမြင့်စေရေးတို့ ဆိုသည်ကလည်း နိုင်ငံတွင်း၌ မဖြစ်မနေ တည်ဆောက်ရမည့် အရေးကြီးသည့် အဆောက်အအုံ ဖြစ်ပါ၏။ နိုင်ငံရေးတည်ငြိမ်ရေး၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံထူထောင်ရေး ဆိုသည် တို့ကလည်း နိုင်ငံ၏အနာဂတ်အတွက် အရေးပါဆုံးသော ပန်းတိုင် ဖြစ်ပါ၏။
ထိုတိုက်ပွဲ၊ ထိုတော်လှန်ရေး၊ ထိုအဆောက်အအုံ၊ ထိုပန်းတိုင် အားလုံးတို့သည် ဥပဒေစည်းကမ်းဘောင်ကို နားလည်လိုက်နာမှု၊ စိန်ခေါ်မှုများကို အောင်နိုင်ရဲသည့် သတ္တိ၊ သမားရိုးကျများကို ကျော်လွန်ဖောက်ထွက်ရဲသည့် အတွေးအမြင် အယူသစ်၊ အခက် အခဲအကျပ်အတည်းများကို ဖြေရှင်းရာတွင် တည်တည်ငြိမ်ငြိမ်ရှိမှု နှင့် မြင့်မြင့်မားမား ထိန်းသိမ်းထားရမည့် ဂုဏ်သိက္ခာရှိမှု၊ နိုင်ငံနှင့် ပြည်သူလူထုအပေါ် ဖြူစင်မှန်ကန်သည့် စေတနာထားမှု စသည်တို့ အားလုံး လိုအပ်ပါမည်။
နိုင်ငံတစ်ခု၏ အနာဂတ်အရေးဆိုသည်က ချင့်ချိန်စရာများစွာ၊ ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံက ခြုံငုံသုံးသပ်မှုများစွာ ရှိနေမည်မှာ အသေအချာ ဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ အရေးအရာအားလုံးကို ရင်ဆိုင်ကျော်လွှားရာတွင် ပြည်သူလူထုက အဓိကကျသည့် နေရာ တွင်ရှိပါသည်။ ပြည်သူ့အစိုးရနှင့် ပြည်သူလူထုတို့ ညီညွတ်စွာ လက်တွဲရင်ဆိုင်ကြခြင်းဖြင့် နိုင်ငံ၏ အနာဂတ်ခရီး ဖြောင့်ဖြူး သာယာလှပပါစေသတည်း။