
ဆောင်းပါး
=======
အရှေ့တောင်အာရှနိုင်ငံများနှင့် ကာကွယ်ဆေးနိုင်ငံရေးအခင်းအကျင်း
=======================================
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေးရရှိဖို့ဟာ အလွန်အရေးကြီးတဲ့ အရေးကိစ္စအဖြစ် ကမ္ဘာ့ရေးရာမှာ ရှေ့တန်းရောက်လာပါတယ်။
ကာကွယ်ဆေးတွေရရှိမှု ဟာ ကျန်းမာရေးအတွက်သာမက နိုင်ငံရေးအရပါ အရေးပါ လာတာမို့ ကာကွယ်ဆေးနိုင်ငံရေးအခင်းအကျင်းအဖြစ် အလေးထားဆောင်ရွက်လာကြတာကို တွေ့နိုင်ပါတယ်။
ဆေးအမျိုးပေါင်း ၃၂၀ ခန့်တို့ကို စမ်းသပ်
၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းကစပြီး ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေးထုတ်လုပ်ဖို့ ဆေးအမျိုးပေါင်း ၃၂၀ ခန့် တို့ကို စမ်းသပ်ခဲ့ကြပါတယ်။ အခုအခါ အဆင့် (၃) ဖြစ်တဲ့ လူအများမှာစမ်းသပ်တဲ့ ဆေး ၁၁ခု၊ အဆင့် (၁) ဖြစ်တဲ့ လူအရေအတွက်အနည်းငယ်မှာ စတင်စမ်းသပ်ခြင်း၊ အဆင့် (၂) ဖြစ်တဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် လူရာဂဏန်းခန့် စမ်းသပ်တဲ့အဆင့်ရောက်နေ တဲ့ ဆေးတွေကလည်း ဆယ်ဂဏန်းခန့်ရှိနေပြီလို့ သိရပါ တယ်။ နိုင်ငံအသီးသီးက မိမိတို့နိုင်ငံကာကွယ်ဆေးရရှိမှုအတွက် ကြိုတင်ဆောင်ရွက်လာကြရပါတယ်။
ထိုင်းအစိုးရ အမျိုးသားကာကွယ်ဆေးကော်မတီ က လာမယ့် ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ် - ၁၉ ကာကွယ် ဆေးအလုံးရေ ၆၆ သန်းဝယ်ယူဖို့ ဘတ်ငွေ ၂ ဒသမ ၉၃ ဘီလီယံ ကြိုတင်လျာထားကြောင်း၊ ထိုင်းအစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဒေါက်တာဖန်ပရာဖာရန်ထရာကူလ်က အောက်တိုဘာလ ၅ ရက်နေ့က ပြောဆိုကြောင်း The Nation သတင်း အရ သိရပါတယ်။ ထိုမျှပမာဏရှိကာကွယ်ဆေးတွေဟာ ထိုင်းပြည်သူ ၆၆ သန်း သို့မဟုတ် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းအတွက် လုံလောက်နိုင်တယ်လို့ သိရပါတယ်။ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနူတင်ခန်ရာဗီးလ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ အဆိုပါကော်မတီက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကပ်ရောဂါကြိုတင်ကာကွယ် ပြင်ဆင်ရေး ညွန့်ပေါင်းအဖွဲ့ ကာကွယ်ဆေးမဟာမိတ် အဖွဲ့တို့ ကြီးကြပ်ဆောင်ရွက်တဲ့ Covax Campaign ကတစ်ဆင့် ထိုင်းပြည်သူ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးရရှိရေး တတိယအဆင့် ကာကွယ်ဆေး လူသားစမ်းသပ်မှု ဆောင်ရွက်နေတဲ့ အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ရုရှားနိုင်ငံတို့ရဲ့ ကာကွယ်ဆေးကုမ္ပဏီ ၁၀ ခုက ဝယ်ယူဖို့ဆိုတဲ့ နည်းလမ်း နှစ်ခုနဲ့ ကြိုးစားနေတာ ဖြစ်ကြောင်း သိရပါတယ်။ လာမယ့်နှစ်မှာတော့ ကာကွယ် ဆေးရရှိမှာဖြစ်ကြောင်း၊ လူတိုင်း ကိုဗစ်-၁၉ ကာကွယ် ဆေး နှစ်လုံး ထိုးနိုင်ကြမှာဖြစ်ကြောင်း၊ အမျိုးသား ကာကွယ်ဆေးသိပ္ပံ ညွှန်ကြားရေးမှူး ဒေါက်တာနာခွန် ပရမ်ဆရီက ပြောကြားကြောင်းလည်း သိရပါတယ်။ ရှေ့တန်းမှာ ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်း တွေကို ဦးစားပေးမယ်လို့လည်း သိရပါတယ်။
ဈေးကွက်ရောက်ဖို့ အတည်မပြုနိုင်သေး
တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီက ထုတ်တဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေးကို နိုင်ငံအရှေ့ပိုင်းရှိ မြို့တစ်မြို့မှာ စမ်းသပ်နေပြီး တန်ဖိုးဒေါ်လာ ၆၀ တန်တဲ့ ဆေးဖြစ်တယ်၊ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးနှံ ပေးရာမှာ အောင်မြင်တယ်၊ အသက် ၁၈-၅၉ နှစ်အကြား ကျန်းမာနေသူတွေ အလိုရှိကဝယ်ယူနိုင်တယ်၊ ၂၈ ရက် ခြားပြီး ထိုးနိုင်တယ်၊ ယွမ်ငွေ ၄၀၀ ကျမယ်လို့ ကျားကျင်းမြို့ရှိ အာဏာပိုင်တွေက ပြောဆိုကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က AFP သတင်းအရ သိရပါတယ်။ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ၁၁ မျိုး က လက်တွေ့စမ်းသပ်မှု အဆင့်လေးမျိုးက အဆင့် ၃ စမ်းသပ်မှုဖြစ်တဲ့လူအများမှာ လက်တွေ့စမ်းသပ်မှု အဆင့်ရောက်နေပေမယ့် ဈေးကွက်ရောက်ဖို့ အတည် မပြုနိုင်သေးဘူးလို့ သိရပါတယ်။ အများအတွက် သင့်တော်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ သန်း ၆၁၀ ခန့်ကို နှစ်စဉ်ထုတ်လုပ်မှာဖြစ်တယ်လို့လည်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေကဆိုခဲ့ပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်ကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖြန့်ဖြူး ဖို့ လက်မှတ်ရေးထိုးခဲ့ပြီးကြောင်း သိရပါတယ်။ ထူထောင်ငွေ ဒေါ်လာ နှစ်ဘီလီယံနဲ့ ဝင်ငွေနည်းနိုင်ငံ ၉၂ နိုင်ငံကို ကူညီဖို့ သဘောတူ ဆောင်ရွက်နေကြောင်း သိရပါတယ်။ BBIBP-CoV ဆိုတဲ့ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးဟာ အလားအလာကောင်းနေပြီး China National Biotech Group(CNBG)ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Bejing Institute of Biological Products ကထုတ်လုပ်ကြောင်း၊ နိုင်ငံရှိ အလုပ်သမား တွေနဲ့ ကူးစက်လွယ်သူတွေကို ထိုးနှံဖို့ အတည်ပြုပြီး ကြောင်း၊ ဘေးကင်းကြောင်းလည်း သိရပါတယ်။ လူပေါင်း ၆၀၀ ကျော်ကို ဧပြီလအတွင်းက အဆင့် (၁)၊ (၂) စမ်းသပ် ထိုးနှံပေးခဲ့ပြီး အခုအခါ အဆင့် (၃) ရောက်နေတဲ့ တရုတ် နိုင်ငံရဲ့ ကာကွယ်ဆေး ၁၀ မျိုးအနက် အားကိုးရတဲ့ဆေး ဖြစ်ကြောင်းလည်း သိရပါတယ်။
မေလအတွင်းမှာ စတင်စမ်းသပ်မည်
အမေရိကန်နိုင်ငံ မက်ဆာချူးဆက် အခြေပြု Moderna biotech ကုမ္ပဏီကြီးက “စမ်းသပ်ခံသူပေါင်း ၄၅ ဦးတို့မှာ မိမိတို့ရဲ့ကာကွယ်ဆေးက လုံခြုံစိတ်ချရတဲ့ အခြေအနေတွေ့ရှိရတာကြောင့် မကြာမီမှာ အသုံးပြုလာ နိုင်တော့မယ်” လို့ ကြေညာပါတယ်။ mRNA -123 အမည်ရ ကာကွယ်ဆေးကို အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား အဆိုပါ စမ်းသပ်ခံသူတွေကို မတ်လနဲ့ ဧပြီလအတွင်းက စမ်းသပ်ခဲ့ပြီး ဆေး နှစ်ကြိမ်ထိုးပေးခဲ့ရာ ကျေနပ်ဖွယ် ပဋိပစ္စည်းတွေရရှိကြောင်း အကြီးအကဲဖြစ်သူ Tal Zaks က ဆိုပါတယ်။ တရုတ်နိုင်ငံ Quality Control Laboratory at the Sinovac Biotech facilities in Beijing ကလည်း ကြိုးစားနေသလို ကမ္ဘာကျော်ဆေးကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Pfizer၊ Johnson&Johnson၊ Gilead၊ Sanofi၊ Novavax၊ GlaxoSmithKline၊ Oxford တို့ကလည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca၊ အောက်စ်ဖို့ဒ်ကာကွယ်ဆေးအုပ်စု၊ သုတေသန အဖွဲ့ ဂျန်နာတို့ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေး စမ်းသပ် မှုကို မျောက်တွေကို ပြုလုပ်နေရာ အောင်မြင်နေပြီဖြစ် ကြောင်း၊ ဆေးထိုးနှံပြီး ၁၄ ရက်မှာ ပဋိပစ္စည်း ထွက်ကာ ၂၈ ရက်မှာ ရောဂါပိုးကာကွယ်တဲ့ ပဋိပစ္စည်းအားလုံးထွက် တာကို တွေ့ရသဖြင့် စေတနာ့ဝန်ထမ်း ၁၃၀၀၀ တို့ကို မေလ အတွင်းမှာ စတင်စမ်းသပ်မှာဖြစ်ကြောင်း သိရပါတယ်။
လေယာဉ်အစီး ၈၀၀ လောက် လိုလိမ့်မယ်
“ရုရှားနိုင်ငံ Gamaleya Institute ကထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ လူသားတွေမှာ စမ်းသပ်မှုအဆင့်တွေ ပြီးဆုံးအောင်မြင်ပြီဖြစ်ပြီး ဆေးဝါး မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနဲ့ လူအများစုတို့ကို ၂၀၂၁ ခုနှစ်အစပိုင်းတွင် ကာကွယ်ဆေးထိုးနှံမှုတွေ ဆောင်ရွက် နိုင်မယ်” ဟု ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Mikhail Murashko က ပြောဆိုပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ ကျောင်းဆရာတွေကို ဦးစားပေးထိုးနှံမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့က ရုရှားသမ္မတ ပူတင်က “Sputnit V” လို့ အမည်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို Moscow’s Gamaleya Institute က စမ်းသပ်ချိန်နှစ်လ မပြည့်မီမှာပင် ထုတ်လုပ်နိုင်ခဲ့ပြီ။ ထိုဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ပိုးခုခံနိုင်တဲ့ ပဋိပစ္စည်းတွေ ထုတ်လုပ်တယ်။ သမ္မတကြီးရဲ့သမီးကိုပင် စမ်းသပ်ထိုးနှံ ပြီးဖြစ်တယ် စသည်ဖြင့် ကြေညာပါတယ်။ သို့သော် တိကျတဲ့ ဆေးသိပ္ပံဆိုင်ရာအချက်အလက်တွေ ပြည့်စုံခြင်း မရှိသေးလို့ ၁၅ - ၈- ၂၀၂၀ နေ့အထိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အတည်မပြုနိုင်သေးဘဲ စောင့်ကြည့်နေကြောင်း နိုင်ငံတကာလိုက်နာရမယ့် ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ အကြံပြုထား ပါတယ်။ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက အမြန်ဆုံး ရရှိဖို့ ဆက်သွယ်ကြိုးပမ်းနေကြတဲ့အတွက် ကာကွယ်ဆေး သာရရှိပါက တစ်ကမ္ဘာလုံးကိုပို့ဖို့ လေယာဉ်အစီး ၈၀၀ လောက် လိုလိမ့်မယ်လို့တောင် သတင်းတစ်ရပ်က ဆိုပါတယ်။
ကမ္ဘာ့အခင်းအကျင်းတစ်ခုအဖြစ် တွေ့ရ
အရှေ့တောင်အာရှနိုင်ငံတွေကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိဖို့အတွက် စိတ်ဝင်တစား ကြိုတင် ဆောင်ရွက်နေမှုတွေ တွေ့ရပါတယ်။ “Vaccine Diplomacy” ကာကွယ်ဆေးအတွက် နိုင်ငံတကာ ဆက်သွယ်ဆောင်ရွက်မှုတွေကို ကမ္ဘာ့အခင်းအကျင်း တစ်ခုအဖြစ် တွေ့ရပါတယ်။ ကိုဗစ် - ၁၉ ကပ်ရောဂါနဲ့ အတူ “Mask Diplomacy” မတ်စ်ဒစ်ပလိုမေစီဆိုတဲ့ နှာခေါင်းစည်း တပ်ဆင်ရေးအခင်းအကျင်းလည်း ဖြစ်လာ ခဲ့ပြီးပါပြီ။ မဲခေါင်ဒေသတွင်း နိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံက ကာကွယ်ဆေးထုတ်တဲ့အခါ ဦးစားပေး ရရှိနိုင်စေဖို့ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခချန်းက ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့က ပြောကြားကြောင်း သိရပါတယ်။ နောက်တစ်နေ့မှာပဲ တရုတ်နိုင်ငံပိုင်ကာကွယ် ဆေး ထုတ်လုပ်ရေး Sinovac က အင်ဒိုနီးရှားနိုင်ငံ PT Bio Farma ကုမ္ပဏီနဲ့ပူးပေါင်းပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ အစီအစဉ်ရှိကြောင်း ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံ ထုတ် ကာကွယ်ဆေးတွေရရှိဖို့ ဖိလစ်ပိုင်နိုင်ငံကတရုတ်နိုင်ငံ ကို အဆိုပြုထားပြီးဖြစ်သလို မလေးရှားနိုင်ငံကလည်း ကြိုတင်ညှိနှိုင်းနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံက ထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ တစ်ကမ္ဘာလုံးကို အကျိုးပြုနိုင်မှာ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံအနေနဲ့ မဲခေါင်ဒေသတွင်း၊ တောင်တရုတ်ပင်လယ်ဒေသအတွင်းက ဖြေရှင်းစရာကိစ္စ တွေမှာ မျက်နှာရစရာအခြေအနေ ဖြစ်လာနိုင်တယ်လို့လည်း နိုင်ငံရေးသုံးသပ်သူတွေက ယူဆကြပါတယ်။
စက်တင်ဘာလအတွင်း သြစတြေးလျနိုင်ငံက အပြည်ပြည်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့ ကြီး(GAVI) ထံ ဒေါ်လာ ၅၈ သန်း ထည့်ဝင်လိုက်ပါတယ်။ GAVI ဟာ COVAX ကာကွယ်ဆေးထုတ်လုပ်ရေး အဖွဲ့ကြီးနဲ့လက်တွဲပြီး ကိုဗစ်- ၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံအနေနဲ့လည်း အရှေ့တောင် အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ တီမောလက်စ်တေတို့နဲ့ သူ့ရဲ့ “Pacific Family” ဆိုတဲ့ ပစိဖိတ်သမုဒ္ဒရာမိသားစုကျွန်းနိုင်ငံ ရှစ်ခုအတွက် ကာကွယ်ဆေးရရှိစေနိုင်ဖို့ ကြိုးစားလိုတာ ဖြစ်ပါတယ်။ အဆိုပါဒေသတွေအတွင်း တရုတ်နိုင်ငံရဲ့ သြဇာကြီးထွား လာမှုကို ဟန့်တားလိုတာလည်းဖြစ်နိုင်တယ်လို့ ယူဆကြ ပါတယ်။ ရုရှားနိုင်ငံက သူ့ရဲ့ Sputnit V အမည်နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အစောဆုံးလို့ ဆိုရလောက်အောင် ထုတ်လုပ်ပြသခဲ့ပါတယ်။ Sputnit V ဟာ ၁၉၅၇ ခုနှစ်က ဆိုဗီယက်ယူနီယံက ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင် ခဲ့တဲ့ အာကာသယာဉ်ရဲ့အမည် ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကလည်း သူ့ကိုယ်ပိုင် ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ ရုရှားရဲ့ Sputnit V ကာကွယ်ဆေး အောင်မြင်ပါက ဆေးအလုံးရေ သန်း ၁၅၀ ဝယ်ယူဖို့လည်း ကြိုတင် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်သမ္မတ ကြီး မစ္စတာရိုဒရီဂိုဒူတာတေးကတော့ သူကိုယ်တိုင် ရုရှားကာကွယ်ဆေးကို အထိုးခံစမ်းသပ်ထားပြီးပြီလို့ ဆိုပါတယ်။
သြဇာမကျဆင်းရအောင် အာရုံစိုက်
အခုလိုအခြေအနေမှာ အမေရိကန်နိုင်ငံကလည်း အရှေ့တောင်အာရှဒေသအတွင်း သူ့ရဲ့သြဇာမကျဆင်း ရအောင် အာရုံစိုက်လာရပါတယ်။ စက်တင်ဘာလ အတွင်းက အမေရိကန်နိုင်ငံရဲ့ Duke University နဲ့ ဆေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Arcturus တို့က စင်ကာပူနိုင်ငံနဲ့တွဲဖက်ပြီး Lunar-Cov19 ဆိုတဲ့ ကာကွယ်ဆေးကို ထုတ်လုပ်ဖို့ သဘောတူညီကြပြီး ဖြစ်ကြောင်း သိရပါတယ်။ ဒီဆေးဟာ အမေရိကန်နိုင်ငံမှာ ပထမအဆင့် စမ်းသပ်မှုတွေ ဆောင်ရွက်နေကြောင်း သိရပါတယ်။ အလားတူပဲ အမေရိကန်ကာကွယ် ဆေးကုမ္ပဏီကြီးဖြစ်တဲ့ Novavax ကလည်း အိန္ဒိယ နိုင်ငံ Serum Institute of India နဲ့ တွဲဖက်ပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါ တယ်။ အမေရိကန်သမ္မတကြီး မစ္စတာထရမ့်ရဲ့ အမေရိကန် သာပထမ “The American First” သဘောတရားအရ ကိုဗစ်- ၁၉ အခင်းအကျင်းမှာလည်း တရုတ်နဲ့အခြား နိုင်ငံတွေထက်ကျော်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ သူ့ရဲ့ဓနအင်အား၊ ပညာရှင်တွေရဲ့အင်အားနဲ့ ကြိုးစားနေ တာကိုလည်း တွေ့ရပါတယ်။
ဝါရှင်တန် အခြေစိုက်နည်းဗျူဟာနဲ့ အပြည်ပြည် ဆိုင်ရာ လေ့လာရေးဌာနကြီးရဲ့ လေ့လာမှုတွေအရ အမေရိကန်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှရဲ့ ကိုဗစ် - ၁၉ ကပ်ရောဂါကာလအတွင်း ကူညီထောက်ပံ့မှု နှေးကွေးနေကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရက ၂၀၂၀ ပြည့်နှစ် ဇွန်လ အတွင်းက အရှေ့တောင်အာရှ ကိုဗစ်- ၁၉ ကပ်ရောဂါ တားဆီးကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် ကူညီမှု ပမာဏလေးဆဖြစ်တဲ့ ဒေါ်လာ ၁၈ သန်းမှ ၇၇ သန်း ကူညီပေးခဲ့ပါတယ်။ အများစုကို ငွေသားနဲ့ကူညီ ခဲ့တာမို့ ငွေသားနဲ့ကူညီမှုမှာ အများဆုံးလို့ ဖော်ပြပါတယ်။ အမေရိကန်ဆေးပညာရှင်တွေရဲ့ ကြိုးစားမှုနဲ့အတူ အများအားထားရတဲ့ ကာကွယ်ဆေးကိုလည်း ရရှိနိုင် မှာဖြစ်လို့ ကာကွယ်ဆေးပြိုင်ဆိုင်မှုဟာ အတော် အားကောင်းနေမှာဖြစ်ကြောင်းပါ သိရပါတယ်။
ကိုဗစ်- ၁၉ကာကွယ်ဆေးဟာ ကပ်ရောဂါကြီးကို ကာကွယ်ဖို့အရေးပါလှသလို ကမ္ဘာ့နိုင်ငံရေး အခင်း အကျင်းမှာ ထိပ်တန်းရောက်လာနေကြောင်း တွေ့မြင်နေရကြောင်းပါခင်ဗျား။ ။
Reference..
By Sebastian Strangio
September 04, 2020
The Diplomat
(Southeast Asia’s Coming COVID-19 Vaccine Windfall ဆောင်းပါး)။
- Log in to post comments