
မောင်သောင်းဝင်း(တမန်ဟောင်း)
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတာ တစ်နှစ်ပင်ကျော်လာပြီး တတိယလှိုင်း ဝင်လာပါပြီ။ တချို့သောဒေသတွေမှာဆိုရင် ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိပြီး အသေအပျောက်လည်း ရှိနေပါတယ်။ ကမ္ဘာ့လူသားတွေဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကဏ္ဍ ပေါင်းစုံမှာ အခက်အခဲတွေ့နေကြရပါတယ်။ နေ့စဉ် စားသောက်နေထိုင်ရေးအတွက် နေထိုင်မှုပုံစံသစ်နဲ့ ချဉ်းကပ်နေကြရပါတယ်။ နေအိမ် ထဲမှာပဲ နေရတဲ့အချိန် များလာတဲ့အခါ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းနိုင်စွမ်းမရှိတဲ့သူတွေဟာ မွန်းကျပ်တယ်လို့ ခံစားလာကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို အခက်အခဲကာလကို အခွင့်အလမ်းအဖြစ် အသုံးချသူတွေရှိသလို အခက်အခဲကို လက်မြှောက် အရှုံးပေး လိုသူတွေလည်း ရှိကြပါတယ်။ ကိုဗစ်-၁၉ ကာလမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကနေ သင်ခန်းစာဖော်ထုတ်နေသူတွေရှိသလို ညည်းတွား နေသူတွေလည်း ရှိကြပါတယ်။
ဘယ်လိုဖြတ်သန်းသွားမလဲ
သာဓကအနေနဲ့ ကိုဗစ်-၁၉ ကာလမှာ အိမ်တွင်းမှာနေရချိန် များတဲ့အခါ တချို့ကတော့ စာအုပ်ဖတ်ခြင်း၊ တရားထိုင်ခြင်း၊ ကျန်း မာရေးလေ့ကျင့်ခန်း လုပ်ဆောင်ခြင်း၊ ချက်ပြုတ်၊ လျှော်ဖွပ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ စားသုံးသီးနှံစိုက်ပျိုးခြင်း စတဲ့ နည်းလမ်း တွေနဲ့ အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းနေကြပါတယ်။ တချို့ကတော့ မိုးလင်း မိုးချုပ် ရုပ်သံဇာတ်လမ်းတွဲတွေ ကြည့်ရှုခြင်း၊ လူမှုကွန်ရက် အသုံးပြု ခြင်း၊ ဂိမ်းဆော့ခြင်းတွေနဲ့ ဖြတ်သန်းနေကြပါတယ်။ တချို့ကတော့ သောက်စားပျော်ပါးခြင်း၊ လောင်းကစားပြုလုပ်ခြင်းနဲ့ ဖြတ်သန်းနေ ကြပါတယ်။ အဆိုးရွားဆုံးကတော့ ကိုဗစ်-၁၉ ကာလအတွင်းမှာ နိုက်ကလပ်၊ အနှိပ်ခန်း၊ စားသောက်ဆိုင်တွေ မသွားရတော့ အိမ်မှာပဲ အရက်သေစာသောက်စားရင်း စိတ်ထွက်ပေါက်ရှာနေကြတဲ့သူတွေရှိနေခြင်းပါပဲ။ စိတ်မကောင်းစရာပါပဲ။ အဆွေ စာရှုသူအနေနဲ့ကတော့ နေ့စဉ်ဘဝကို စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ မိသားစုနဲ့အတူ အကျိုးရှိရှိ ဖြတ် သန်းနေမယ်လို့ ယုံကြည်မိပါတယ်။
ဆုတ်ယုတ်စေနိုင်
"မသောက်မစား လူ့ငနွား၊ သောက်သောက်စားစား လူ့မင်းသား" လို့ ဆိုကြပေမယ့် "တန်ဆေး လွန်ဘေး" ဆိုသလို အရက်ဟာ သောက် သုံးတဲ့ပမာဏအပေါ်မူတည်ပြီး အားဆေးဖြစ်နိုင်သလို အဆိပ်အတောက် လည်း ဖြစ်နေပါတယ်။ စင်စစ်အားဖြင့် မြတ်ဗုဒ္ဓကလည်း "သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ" ဆိုတဲ့ သီလတစ်ပိုဒ်ကို ငါးပါး သီလထဲမှာ ထည့်သွင်းဟောကြားခဲ့ပါတယ်။ ဒါ့ကြောင့်တတ်နိုင်ပါက အရက်ကို လုံးဝရှောင်ကြဉ်သွားသင့်ပါတယ်။ အရက် သောက်သုံးခြင်း ဟာ ကောင်းကျိုးထက် ဆိုးကျိုးများစွာကိုသာ ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် လူငယ်အများစုဟာ အရက်စွဲလမ်းသူတွေ ဖြစ်နေကြတဲ့ အတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ သာဓကအနေနဲ့ အင်္ဂလန် မှာဆိုရင် လူအများစုဟာ အလုပ်ကိစ္စကိုအကြောင်းပြပြီး အရက် ပိုမို သောက်သုံးလာကြတယ်လို့ ဆိုပါတယ်။ အကျိုးဆက်အနေနဲ့ နောက် ဆက်တွဲရောဂါများ ဖြစ်ပွားပြီး ကုန်ထုတ်လုပ်မှု ကျဆင်းလာပါပြီ။ ဆိုရလျှင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေရှိ တချို့သောသူတွေပင်လျှင် အရက်၏ကျေးကျွန် ဖြစ်လာကြရပါပြီ။ စာရေးသူတို့နိုင်ငံမှာလည်း စာကြည့်တိုက်တွေမှာ စာဖတ်သူမရှိပေမယ့် အရက်ဆိုင်နဲ့ဘီယာဆိုင် တွေမှာဆိုရင် ညဉ့်နက်သန်းခေါင်အထိ လူပြည့်နေတတ်ပါတယ်။ ဆုတ်ယုတ်မှု လက္ခဏာတွေပါပဲ။ ဥပဒေကြောင်းအရ ထိန်းကျောင်း ကြပ်မတ်မှုတွေ လုပ်ဆောင်သလို လူမှုကျင့်ဝတ်အရလည်း ဝိုင်းဝန်း ထိန်းကျောင်းသွားမယ်ဆိုရင်တော့ ဆုတ်ယုတ်မှုကို အချိန်မီ တားဆီး နိုင်မှာပါ။
ရောဂါမျိုးစုံဖြစ်စေ
ဆိုရရင် အရက်သောက်သုံးခြင်းဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ အလေ့အထများအနက်မှ တစ်ခုဖြစ်ပါ တယ်။ အရက်သောက်သုံးသူဟာ တစ်ကိုယ်ရည်ကျန်းမာရေးမှသည် မိသားစုပြဿနာနဲ့ လူမှုရေးပြဿနာ ပေါင်းစုံကို ရင်ဆိုင်ရလေ့ရှိပါတယ်။ အရက်သောက်သုံးခြင်းကြောင့် ဖြစ်ပွားရတဲ့ ကျန်းမာရေးပြဿနာတွေကတော့ ခန္ဓာကိုယ်အတွင်း၌ ကင်ဆာဆဲလ်များ ဖြစ်ထွန်းလာခြင်း၊ မှတ်ဉာဏ် ပျောက်ဆုံးခြင်း၊ အသည်းရောဂါဖြစ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း စတဲ့ ရောဂါများစွာ ကို ဖြစ်ပွားစေပါတယ်။ ဒါ့အပြင် အရက်သောက်သုံးခြင်းဟာ သွေး ဖိအားကို မြင့်တက်လာစေတာကြောင့် နှလုံးကြွက်သားများ ပျက်စီး ခြင်း၊ ရင်သား၊ အူမကြီးနဲ့ ပါးစပ်တို့မှာ ကင်ဆာဖြစ်ပွားစေခြင်း စတာ တွေအပြင် အမျိုးသမီးတွေမှာလည်း အရိုးပွရောဂါ ဖြစ်ပွားစေနိုင်ပါ တယ်။
ဆိုးကျိုးများစွာ
အမှန်တော့ အရက်ဆိုတာ ပေါင်းခံချက်လုပ်ထားတဲ့ ဓာတု အရည်တစ်မျိုးဖြစ်တာကြောင့် အရက်သောက်သုံးသူတွေဟာ အဆိပ် အတောက်ဖြစ်စေနိုင်တဲ့ ဓာတုအရည်တွေကို မျိုချနေခြင်း ဖြစ်ပါ တယ်။ အရက်သောက်သုံးသူဟာ ရေရှည်မှာ အစာချေကိရိယာတွေ ပျက်စီးလာမှာပါ။ လက်ရှိအချိန်မှာ ချက်အရက်အမျိုးမျိုးကို အရောင် အသွေးနဲ့ အနံ့ပေါင်းစုံထည့်ကာ တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်ရောင်းချ နေကြပါတယ်။ အဲဒီ ချက်အရက်တွေထဲမှာ ပါဝင်တဲ့ပစ္စည်းတွေရဲ့ ဘေးကင်းလုံခြုံမှု၊ သန့်ရှင်းလတ်ဆတ်မှုနဲ့ အချိုးအဆ မှန်ကန်မှုတို့ကို မည်သူမျှ အာမခံချက်ပေးမထားပါဘူး။ ဒါပေမယ့် ကျေးလက်ဒေသ တွေနဲ့ ဆင်းရဲသားရပ်ကွက်တွေမှာဆိုရင် ဘီအီးဆိုတဲ့ ချက်အရက်ကို ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်သောက်နေကြပါတယ်။ အစား အသောက် ဘေးကင်းလုံခြုံမှု(Food Security) အာမခံချက်မရှိဘဲ သောက်နေကြတာပါ။ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာရှိနေပါ တယ်။ ဆိုရရင် အရက်ရဲ့ဆိုးကျိုးဟာ များပြားလွန်းတာကြောင့် ရေး သား၍ မကုန်နိုင်ပါဘူး။ ကြောက်စရာ အကောင်းဆုံးကတော့ အဲဒီ အရက်ဟာ လူသားတွေကို အညွန့်တုံးစေတာပါပဲ။
ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းဝေးဖို့
အရက်ရှောင်ကြဉ်ကြပါစို့
အဲဒီလို ဆိုးကျိုးများစွာရှိနေတဲ့ အရက်ကို ရှောင်ကြဉ်နိုင်လေ ကောင်းလေပါပဲ။ ဒါကြောင့် မျိုးဆက်သစ်လူငယ်တွေကို အဲဒီ အရက်နဲ့ ခပ်ဝေးဝေးနေစေဖို့ ပညာပေးစည်းရုံးသွားဖို့ လိုအပ်ပါတယ်။ ဒါမှသာ တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်း တာဝန်ယူသွားမယ့် မျိုးဆက်သစ် တွေဟာ ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်မြက်ပြီး ကျန်းမာ ကြံ့ခိုင် နေကြမှာပါ။ ဒါ့အပြင် နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ လည်း အဲဒီအရက်ကို တတ်နိုင်သမျှ လျှော့ချ ရှောင်ကြဉ်သွားမယ် ဆိုရင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြံ့ခိုင်လာကြမှာပါ။ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ကြတဲ့ နိုင်ငံသားတွေဟာ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်မြော်မြင် ပြုမူဆုံးဖြတ်နိုင်တာကြောင့် ရာဇဝတ်မှုခင်းတွေ ကိုလည်း လျော့ကျစေနိုင်ပါတယ်။
အဲဒီလို လျှော့ချနိုင်ရေးအတွက် အရက် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေအပေါ် အခွန်တိုးမြှင့် ကောက်ခံခြင်း၊ အရက်ပုန်းဆိုင်တွေကို ဖော်ထုတ်အရေးယူခြင်း၊ အရက်ရောင်းချခွင့်ရှိတဲ့အချိန်အပြင် အရက်ဝယ်ယူခွင့်ရှိတဲ့ အသက် အရွယ်ကို ကန့်သတ်ထိန်းချုပ်ခြင်းတွေလည်း ဆောင်ရွက်သွားသင့် ပါတယ်။ သာဓကအနေနဲ့ နိုင်ငံတကာမှာဆိုရင် နေ့ခင်းဘက်တွေမှာ အရက်နဲ့ ဘီယာ ရောင်းချခွင့်မရှိသလို လူငယ်တွေအနေနဲ့ အရက်နဲ့ ဆေးလိပ် ဝယ်ယူခွင့်မရှိပါဘူး။ ကုန်တိုက်တွေကလည်း လူငယ်တွေကို အရက်၊ ဘီယာ၊ ဆေးလိပ် လုံးဝရောင်းချပေးခြင်းမရှိပါဘူး။ ကောင်း မွန်သော အလေ့အထပါပဲ။ မြန်မာနိုင်ငံမှာတော့ ဝိသမလောဘ စီးပွားရေးသမားတွေဟာ လူငယ်တွေကို အရက်နဲ့ ဆေးလိပ်တွေ ရောင်းချပေးလျက်ရှိပါတယ်။ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို မရိုက်ချိုးသင့်ပါဘူး။
စင်စစ်အားဖြင့် အရက်သောက်သုံးခြင်းဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာ ဖြစ်နေပါတယ်။ အရက်ဟာ သောက်သုံးသူရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းကိုသာမက လူမှုအသိုက်အဝန်းအပေါ်လည်း ဆိုးကျိုးများစွာ သက်ရောက်နေပါတယ်။ အထူးသဖြင့် ကုန်ထုတ်လုပ်မှု ကျဆင်း စေပါတယ်။ အရက်သောက်သုံးမှုကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူ ၂ ဒသမ ၅ သန်းကျော် သေဆုံးလျက်ရှိပါတယ်။ ဒါ့အပြင် သန်းပေါင်း များစွာသော လူတွေကိုလည်း နောက်ဆက်တွဲ ရောဂါမျိုးစုံ ဖြစ်ပေါ် စေလျက်ရှိပါတယ်။
အဆိုးရွားဆုံးမှာ အရက်သောက်သုံးမှုကြောင့် နှစ်စဉ် လူငယ် သုံးသိန်းကျော် သေဆုံးနေရပါတယ်။ ဒါ့ကြောင့် လူတိုင်း သက်ရှည် ကျန်းမာရေးအတွက် ကောင်းကျိုးမပေးတဲ့အရက်ကို ရှောင်ကြဉ်သွား စေလိုပါတယ်။ အထူးသဖြင့် လူမှုစီးပွားဘဝ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ အကျပ် အတည်းကာလအတွင်းမှာ အရက်သောက်သုံးခြင်းကြောင့် နောက် ဆက်တွဲ ပြဿနာတွေကို ထပ်မံဖြေရှင်းနေကြရပါတယ်။ ဒါကြောင့် ဆိုးကျိုးတွေကိုသာ ဖြစ်ပေါ်စေတဲ့ အဲဒီအရက်ကို တတ်နိုင်သမျှ လျှော့ချ သောက်သုံးသွားသင့်ပါတယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ် ရောဂါ ကင်းဝေးရေးအတွက် အရက်ကို လုံးဝရှောင်ကြဉ်သွားသင့် ကြောင်း စေတနာနဲ့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။ ။
- Log in to post comments